May 232011
“ကိုယ်မင်းကို အစိမ်းလိုက်ကို လွမ်းနေခဲ့တာ” ဟု ရှင်ပြောခဲ့ဖူးတုန်းက ခပ်လှောင်လှောင် ရယ်မောမိခဲ့သည့်အတွက် ရှင် ကျမကို ခွင့်လွှတ်ခဲ့ဖို့ မကောင်းပါ.. ထိုစကားသည် အပေါ်ယံသက်သက် ပြောခဲ့တာမဟုတ်မှန်းလည်းသိနေပြီး ထိုစကားနဲ့ ထပ်တူ ရှင်နာကျင်ခံစားခဲ့ရမည်ကို သိလျက်နှင့် မယုံသလို ကျမ ပုခုံးတွန့်ရယ်မောတော့ ရှင်ဘာလို့ မတားမြစ်ခဲ့တာပါလဲ.. နှလုံးသားအေးစက်သော ကျမကို ခပ်ပြုံးပြုံး ရှင်ငေးကြည့်ရင်း “ငယ် တစ်နေ့ သိလာမှာပါ” လို့ နှစ်သိမ့်သလို ပြောခဲ့သေးသည်.. သို့သော် အလွမ်းကို ကျမ လှိုက်လှိုက်လှဲလှဲ ခံစားတတ်လာချိန်တွင် ကျမ စိတ်တို့ကို သက်သာနွေးထွေးစေမည့် ရှင်က ဘယ်မှာရောက်နေတာလဲ..
လောကမှာ အလွမ်းအမျိုးအစားများနှင့် လွမ်းပုံလွမ်းနည်းများ ဘယ်နှမျိုးလောက်ရှိသလဲ.. ကြုံကြိုက်လာသော အကြောင်းကြောင့် သတိရခြင်းသည်လည်း လွမ်းတာပဲလား.. ဘာလုပ်လုပ် ဘယ်သွားသွား မမေ့နိုင်ဘဲ တသသ ဖြစ်နေခြင်းသည်လည်း အလွမ်းဖြစ်လိမ့်မည်.. နှစ်သက်သော သီချင်း နှစ်သက်သော ရုပ်ရှင်တို့ကို ပြန်ကြားရသောအခါ လွမ်းတာလည်း လွမ်းခြင်းပဲပေါ့.. ကြည်နူးချိုမြိန်ဖွယ် အလွမ်းမျိုးကတော့ ခဏတာခွဲခွာရသော ချစ်သူများအတွက် ဖြစ်လိမ့်မည်ထင်သည်.. သာယာလှပသော သဘာဝ ပတ်ဝန်းကျင်ကြောင့် ယောင်တိယောင်တောင် လွမ်းမောငိုင်ငေးခြင်းကိုလည်း ချိုမြိန်သော အလွမ်းအမျိုးအစားထဲ စာရင်းသွင်းရလိမ့်မည်..
နင့်နင့်သည်းသည်းနာနာကျင်ကျင် လွမ်းမောခြင်းကတော့ ရှင့်လို ခံစားချက် ပြင်းထန်လိုသူတို့သာ ပြုမူလေ့ရှိသည်ဟု ကျမ သတ်မှတ်ထားမိခဲ့သည်.. လွမ်းလွန်းမက လွမ်းလာလျှင် လူတော်တော်များများက အာရုံလွှဲပြောင်းစရာ တစ်ခုခုကို လုပ်ကိုင်လေ့ရှိသည်.. သို့သော် ရှင်ကတော့ သီချင်းနားမထောင်.. လက်ဘက်ရည်ဆိုင်မသွား.. ရုပ်ရှင်မကြည့်.. သူငယ်ချင်းများနှင့်တောင် မတွေ့ဘဲ.. ကျမအကြောင်း သက်သက်ကိုသာ တွေးလျက်လွမ်းနေခဲ့သည်ဟု ဆိုပါသည်.. ရှင် သိပ်ရူးတာပဲ.. ကိုယ့်ကိုကိုယ် နှိပ်စက်တာပဲ.. ဒုက္ခရှာတာပဲ.. ကျမလို မိန်းမမျိုးအတွက် ရှင့်စိတ်ကို ဒါလောက်ထိ ညှင်းဆဲဖို့ မသင့်တော်ပါဘူး.. ကျမက ခါးခါးသီးသီး ငြင်းဆိုတော့ ရှင်ကခပ်ပြုံးပြုံးပဲ..
“ငယ့်ကို ကိုယ်လွမ်းနေတာအတွက် ငယ့်မှာတာဝန်မရှိပါဘူး.. ဒါလောက် ငြင်းဆန်နေဖို့ရာ မဟုတ်ဘူးလေ ငယ်ရဲ့.. လွမ်းချင်လို့ကို လွမ်းနေတာ.. အဲ့ဒါကို ငယ်က လက်ခံရုံကလွဲပြီး တခြား ဘာမှ လုပ်စရာမရှိဘူးမဟုတ်လား”
ကျမ ရှင့်ကို နားမလည်ခဲ့ပါ.. ဒီတစ်ခုထဲလည်းမဟုတ်.. အခုပေါင်းများစွာ အရာပေါင်းများစွာမှာ ကျမ ရှင့်ကို နားမလည်ခဲ့.. ရှင်တို့ အနုပညာသမားတွေက ဒီလိုပဲလားကွယ်.. ခံစားချက်ပြင်းပြင်းထန်ထန်တွေနှင့် အစွဲအလန်းကြီးခြင်းကို ကျမ ကြောက်လန့်လှပါရဲ့.. ရှင်ချစ်သလောက် ကျမက ရှင့်အပေါ် မလှိုက်လှဲနိုင်ခဲ့.. ရှင် တွယ်တာတတ်သလောက် ကျမက မချည်နှောင်လိုသူ.. ရှင် နင့်သည်းစစ်မှန်သော်လည်း ကျမကတော့ ပေါ့ပါးအေးစက်သူ.. ကျမတို့ စိမ်းကားပြတ်တောက်ခဲ့ရခြင်းသည် မည်သူ့အပြစ်မှ မဟုတ်ခဲ့ပါဘူး..
သူကတော့ ရှင်နဲ့ မတူသူ တစ်ဦးပါပဲ.. စိတ်ကူးမယဉ်တတ်သူ.. ယုယကြင်နာမှု ရှားပါးသူ.. ကျမထက် အသက်ကြီးသော်လည်း ကျမကို မူနွဲ့ဆိုးခွင့်ကို မပေးချင်သူ.. ကျမ နီးပါး အတ္တစိတ်ကြီးသူ (တစ်ခါတလေ ကျမထက်ပင် အတ္တကြီးသေးတယ်ဟု ကျမထင်သည်).. ကျမသည် ဝဋ်လည်သည်ဟုပဲ ခံယူမိနေတာ ဆိုးလှသည်.. ကျမအပေါ် သူပြုမူသမျှသော စိမ်းကားအေးစက်ခြင်းတို့သည် ကျမက သူတပါးကို ပြုမူခဲ့သည့်အတိုင်း တစ်ထပ်တည်းတွေ ဖြစ်နေသောအခါ ဒါဟာ ကျမ ခံကို ခံယူရမည့် ကံကြမ္မာ ဖြစ်လေသလားဟု တွေးစပြုလာခဲ့ပြီ.. ရှောင်လွဲ၍ ရနိုင်လည်း မရှောင်ခဲ့မိ.. ကျမ ခံယူသင့်သည်ဟု ဇွတ်တရွတ် တိုးဝင် မိမိကိုယ်မိမိ နာကျင်စေခဲ့သည်..
ယခု ကျမ လွမ်းတတ်နေပါပြီ.. သူနှင့် လက်တကမ်းအကွာမှာ ထိုင်လျက်နှင့်ပင် သူ့ကို ရူးရူးမူးမူး လွမ်းနေသည့်အကြောင်း ပြောပြလည်း သူကတော့ နားလည်ပေးလိမ့်မည် မထင်.. လှောင်ပြောင်ရယ်မောခြင်းကိုတောင် ပြုနိုင်သေးသည်.. ယခင်က ကျမ ရယ်ခဲ့ဖူးသည့် ခပ်ဟက်ဟက်ရယ်သံမျိုးကို သူလည်း လုပ်တတ်နေသည်မှာ အံ့သြစရာတော့ မကောင်းလှတော့ပါ.. မျက်ခုံးအတွန့်ချိုးလျက် အလုပ်ထဲမှာ သူစိတ်ဝင်စားနေချိန်တွင် သူ့ ပါးပြင်ကို လက်ညိုးလေးဖြင့် ထိကပ် ကိုင်တွယ်ချင်စိတ်ဖြင့် ကျမ ရူးမတတ်ဖြစ်နေလည်း သူ့အနားကိုပင် ရစ်သီရဲသည်မဟုတ်.. ကျမ ရှင့်ကို အော်ထုတ်ဖူးသလို သူက ကျမကို အော်ထုတ်လိုက်နိုင်သည်.. သူ ဖိနပ်ဝတ်နေချိန်တွင် သူ့ခြေရင်းမှာ ထိုင်လျက် ဖိနပ်ကြိုးတွေချည်ပေးချင်သော်လည်း သူက စိတ်မရှည်စွာ ကျမကို ဖယ်ထုတ်ပစ်နိုင်သေးသည်.. သူ ကျမအနားမှာ မရှိဘဲ သူငယ်ချင်းများနှင့် အချိန်ကုန်နေလျှင် မနာလိုစိတ်ပြင်းပြစွာ ပူလောင်ရသော်လည်း သူ အနားကို ပြန်ရောက်လာချိန်တွင် ခပ်ပြုံးပြုံးအမြဲရှိနေဖို့ ကျမ အကျင့်ရခဲ့ပြီ..
သြော်ကွယ်- ယောက်ျားလေးသူငယ်ချင်းများနှင့် ကျမ လက်ဘက်ရည်ဆိုင်မှာ အချိန်ကြာမြင့်စွာ စိတ်ပါလက်ပါ စကားလက်ဆုံကျနေခြင်းကို ရှင်ဘယ်လို သည်းခံခြင်းမျိုးနှင့် စောင့်ဆိုင်းနေခဲ့ရပါသလဲ..
ကျမရင်မှာ စူးအောင့် ခံစားရခြင်းကို နားမလည်စွာ သို့မဟုတ် နားလည်ဖို့ မကြိုးစားဘဲ သူ စနောက်လှောင်ပြောင်ရက်ခြင်းအတွက် ကျမ ဘယ်လိုတုံ့ပြန်ရမလဲလို့ ရှင် ကျမကို သင်ပေးစမ်းပါဦး.. ကျမ တစ်ယောက်မှလွဲပြီး ဘယ်မိန်းကလေးကိုမှ စိတ်ကူးထဲ မထည့်သော သူသည် ကျမ စိတ်မှာလည်း တခြားယောက်ျားသားများကို နေရာမပေးစေချင်ပေ.. ဒါပေမယ့် နေစမ်းပါဦး.. ကျမ သူငယ်ချင်းယောက်ျားလေး တစ်ချို့ကိုတော့ ကျမ အဆက်အသွယ်မဖြတ်ချင်ဘူး.. ကျမတို့ ရိုးသားစွာ ခင်မင်ကြတာပါ.. ထိုအခါမျိုးမှာ သူက နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံ ပြုံးလေ၏.. “မင်းက စိတ်ကစားတတ်တာပဲ ငယ်ရဲ့.. မင်းကို စိတ်မချပါဘူး” ဟု ဆိုတတ်သေးသည်..
မနာလိုဖြစ်တတ်ခြင်းသည် သူ ကျမကို သိပ်ချစ်လို့ နေမှာပါဟု ကိုယ့်ကိုကိုယ် အားတင်းရင်းပင် ကျမသည် စိတ်ထဲမှာ ရှင့်ကို သတိရလာတတ်သည်.. ရှင်နှင့် ဝေးကွာခဲ့ပြီး သူ့ရင်ခွင်မှာ ရောက်နေရသည့်အတွက် နောင်တရခြင်းဖြင့် သတိရတာမဟုတ်ဘဲ ရှင့်ကို ကိုယ်ချင်းစာ နားလည်လာတတ်ခြင်းအတွက် ကျမ ကိုယ်ကျမ လိပ်ပြာလုံပါသည်.. သူပြောသလို ကျမ စိတ်ကစားတတ်တာ မဟုတ်ပါဘူးဟု ပြန်လှန်ချေပတိုင်း ရှင်းမရနိုင်သော စကားရန်ပွဲများဖြင့် အဆုံးသတ်ရတတ်သည်.. ကျမက ခင်မင်ရင်းနှီးလွယ်တာပါ.. ကျမက အလှတရားကို ချစ်ခင်စိတ်ရှိသူမို့ပါ.. သူ လက်မခံတတ်ချေ.. ရှင်သင်ပေးခဲ့သော အလှတရားကို ချစ်မြတ်နိုးတတ်သည့်စိတ်သည် သူ့အတွက်တော့ စိတ်ကစားခြင်းဟူသော သတ်မှတ်ချက်အောက်မှာသာ အကျုံးဝင်နေသည်မှာ ဝမ်းနည်းစရာ.. သင်ပေးခဲ့သည့် ရှင်ပဲ မှားသလား.. လက်မခံတတ်သည့် သူက မှားတာလား.. အတတ်လွန်သွားသော ကျမပဲ မှားသလားတော့မသိ.. သူ့ကို ချစ်မိခဲ့ခြင်းသည်ပင် ကျမဘဝမှာ အစစ်မှန်ဆုံးသော အမှားတစ်ခုဖြစ်လေတော့သလား.. သို့သော်- တပ်မက်ရူးမူးစွာ.. ပူလောင်ပြင်းပြစွာ သူ့ကို ချစ်မိနေခဲ့ပြီ..
ထိုသို့သော အစွန်းရောက်ချစ်ခင်ခြင်းများဖြင့် သူ့ကို နင့်သည်းစွာလွမ်းဆွတ်ချိန်များတွင် ရှင့်ကို တွဲလျက်သတိရတတ်ခြင်းကို ကျမ သူ့အား ဘယ်တော့မှ ပြောပြမည် မဟုတ်ပါ..
ရှင်ရော သူပါ ခွင့်လွှတ်တန်ကောင်းပါရဲ့နော်..
ကိုယ့်ကိုကိုယ် အားတင်းရင်းပင် ကျမသည် စိတ်ထဲမှာ ရှင့်ကို သတိရလာတတ်သည်.. ရှင်နှင့် ဝေးကွာခဲ့ပြီး သူ့ရင်ခွင်မှာ ရောက်နေရသည့်အတွက် နောင်တရခြင်းဖြင့် သတိရတာမဟုတ်ဘဲ ရှင့်ကို ကိုယ်ချင်းစာ နားလည်လာတတ်ခြင်းအတွက် ကျမ ကိုယ် ကျမ လိပ်ပြာလုံပါသည် )) အဲဒီစာကြောင်းမျိုးကို ရေးဖို့ဆိုတာ တကယ်မကြုံဖူးရင် မဖြစ်နိုင်ဘူးလို့ ထင်တာပဲ။
(( သူ့ကို
နင့်သည်းစွာလွမ်းဆွတ်ချိန်များတွင် ရှင့်ကို တွဲလျက်သတိရတတ်ခြင်းကို ကျမ
သူ့အား ဘယ်တော့မှ ပြောပြမည် မဟုတ်ပါ.. ရှင်ရော သူပါ
ခွင့်လွှတ်တန်ကောင်းပါရဲ့နော် )) သူတို့ နှစ်ယောက်တော့ မသိဘူး။ ကိုယ်ကတော့ နညကို ခွင့်လွှတ်တယ်။
ဖတ်ရင်းနဲ့ လွမ်းလိုက်တာ…….
အဲလောက်ကြီးချစ်တတ်သော နှလုံးသားကို မပေးခဲ့သည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ပါသည်။
မှန်လိုက်လေ ဂျာ …
သိပ်တိုက်ဆိုင်တယ်
ကိုယ်တိုင်မရေးထွက်တဲ့အကြောင်းအရာမျိုးပဲ
ဒါမှမဟုတ်လည်း
ကိုယ့်အတ္တနဲ့ကိုယ် ဒီ့ထက် ကာကွယ်ပြီးရေးမိမှာပဲ။
hate to say "i told you so"
and to realise how cheap of us to feel like this
but trust me i am not in a good position to tell u this
so all i can say is just "good luck nge"
wait till you bottom line is crossed then u will see the way
I wonder if..you’re lonesome tonight.
You know someone said that, the world is a stage and each must play a part.
Faith had me play in love with you as my sweetheart.
Act one was when we met, I loved you at first glance.
You read your line so cleverly and never missed a cue.
Then came act two, you seemed to change, you acted strange.
And why? I’ve never known.
Honey, you lied when you said you love me.
And I had no cause to doubt you.
But I’d rather go on hearing your lies.
Than I go on living without you.
Now the stage is bare and I am standing there.
With emeptyness all around.
And if you won’t come back to me, then they can bring the curtain down.
Is your heart fill with pain? Shall I come back again?
Tell me dear, are you lonesome tonight?
The greatest hate spring from the greatest love!