နန်းညီသည် ငယ်ငယ်က အူကြောင်ကြောင်နှင့် အင်မတန်ပေကပ်ကပ်နိုင်သော ကလေးမဖြစ်၏.. ကြီးလာတော့ကျတော့ ခေါင်းကြောမာတယ်.. ကိုယ်ပိုင်အယူအဆရှိတယ်လို့ လူကြီးတွေက ပြောင်းသုံးကြသည်.. ငယ်ငယ်ကတော့ ပေကပ်ကပ် ဂျစ်တစ်တစ်လို့ သတ်မှတ်ကြခြင်းပေါ့လေ.. ထားပါတော့.. ထိုအကျင့်ဆိုးကြီးကြောင့်ပဲ သင်္ချာစာမေးပွဲလည်းကျဖူး၏.. ကျောင်းမှာလည်း မကြာခဏ ဒဏ်ပေးခံရတတ်၏.. အိမ်တွင်လည်း မကြာခဏ ဆော်ပလော်တီးခံရတတ်၏.. အမျိုးအဆွေများကြားတွင်လည်း လူကြီးများ၏ မြင်ပြင်းကပ်ခြင်းကို ခံရလေသည်.. ၃ တန်းတွင်လား ၄ တန်းတွင်လားတော့ မသိ. ဂျီသြမေတြီသင်္ချာတော့ သင်နေရပြီ.. ပထမအစမ်းစာမေးပွဲဖြေသောအခါ သင်္ချာတွေကိုအကုန်လည်းရ.. သေချာလည်း ကျေကျေညက်ညက် လေ့ကျင့်တွက်ချက်ထားပါလျက်နဲ့ အမှတ်ထွက်လာတော့ ၁၀၀ မှာ ၅၀ ကျော်လေးသာ ရသည်.. ဆရာမကလည်း မိဘခေါ်တွေ့သည်.. နန်းညီသည် သင်သမျှဘာသာရပ်တွေထဲတွင် သင်္ချာကို အတော်ဆုံး စိတ်လည်းအဝင်စားဆုံးဖြစ်သည်.. ဘယ်လိုဖြစ်သနည်း.. ဘာတွေဖြစ်ကုန်သနည်း.. အိမ်ကလူတွေ မျက်လုံးမျက်ဆန်ပြူးကာ ဆရာမဆီသွားကြ၏.. ထိုအခါမှ သိသည်.. ဟုတ်ကဲ့.. ဒီလိုဖြစ်ခဲ့ပါသည်..
စာမေးပွဲမေးခွန်းတွင် ၃ နားညီတြိဂံပုံလေးကို ပေးထားပြီး ဧရိယာရှာခိုင်းသည်လား ထောင့်တွက်ခိုင်းသည်လားတော့မသိ.. ပုစ္ဆာမေးထားသည်.. အဲ့ဒါကို ပေးထားသော တြိဂံပုံက ၃ နားမညီဘဲ ၂ နားညီပုံဖြစ်နေသည်ဆိုပြီး ၂ နားညီတြိဂံ၏ ပုံသေနည်းများကိုသုံးကာ တွက်ထားခြင်း.. လွဲပြီပေါ့ သောက်သောက်လဲ.. ထိုပုစ္ဆာမျိုး ၃ ပုဒ်ပါသည်ကို ၃ ပုဒ်စလုံး ထိုသို့ပင်တွက်ထားသည်.. ဆရာမက မေး၏.. “ပုံသေနည်းတွေရရဲ့သားနဲ့ ဘာလို့ လွဲတွက်ထားတာလဲ”ပေါ့.. “ဆရာမတို့ ပေးထားတာက ၃ နားညီမှမဟုတ်တာ.. ၂ နားညီကြီးကို” ဟု ဖြေသောအခါ ဆရာမလည်း ငိုရအခက် ရယ်ရအခက် ဆိုသည့် မျက်နှာမျိုးဖြစ်သွားလေသည်.. ပြောလည်း ပြောချင်စရာပါ.. တြိဂံက သိသိသာသာပင် ၂ နားညီ စတိုင်လ်မျိုးကြီးထွက်နေလေသည်.. “မဟုတ်ဘူးလေ.. ပေးထားသော ၃ နားညီတြိဂံလို့ ပြောထားတယ်မဟုတ်လား.. မေးခွန်းက ၃ နားညီလို့ပြောရင် အဲ့အတိုင်းပဲ တွက်ရမယ်လေ” လို့ ရှင်းပြတော့လည်း လက်မခံ.. “၃ နားညီဆို ၃ နားညီဆွဲပေးပါလား”လို့ အထွန့်တက်နေချေတော့ရာ.. ကလေးများ၏မေးခွန်းကို ဖြစ်သလိုမလုပ်ဘဲ အသေအချာ အတိအကျမေးခွန်းထုတ်ရန် အစည်းဝေးတွင်တင်ပြလိုက်ရသည်ဟူ၏.. “နန်းညီနှင့် ၃ နားညီတြိဂံအမှု”သည်လည်း လသာ-၂ ဆရာမများ၏ ပါးစပ်ဖျားတွင် အတော်လေးရေပန်းစားသွားခဲ့လေ၏..
ပြီးတော့ အတော်ငယ်ငယ်က အမေ့ဘီရိုထဲမှ ပိုက်ဆံအုပ်လိုက်ကို ဖြုတ်ဖြုတ်သုံးတတ်သေးသည်.. ပေးထားသော မုန့်ဖိုးကုန်သွားလျှင် ယူယူသုံးပစ်တတ်၏.. ပထမပိုင်းတော့ အိမ်ရှိလူကြီးများ သတိမထားမိ.. တစ်ရက်တွင်တော့ မှတ်မှတ်သားသားထည့်ထားသည့် ပိုက်ဆံအုပ်ထဲမှ ၁ ရွက်လျော့နေလေရာ ဘယ်သူယူသနည်းစစ်ကြောတော့သည်.. တရားခံက နန်းညီ.. ထိုအမှုတွင် လူကြီးများမသိအောင် ပိုက်ဆံယူသည့်အတွက် ဆော်ပလော်တီးခံလိုက်ရသည်.. “လူကြီးမသိအောင် ယူတာ ခိုးတာပဲ.. သူခိုးဖြစ်ချင်လို့လား.. ဟမ်”လို့လည်း ဆုံးမကြ၏.. ထိုအမှုအပြီး ၁ ပတ်လောက်အကြာတွင် အဖေက ပုံဆွဲနေရင်း ခဲတံမရှိတော့သဖြင့် အလွယ်တကူပင် နန်းညီကွန်ပါဗူးထဲမှ ခဲတံကို ယူသုံးသည်.. နန်းညီက ထိုအချိန်အနားတွင်မရှိ.. ခဏနေလို့ အနားလည်း ပြန်ရောက်ရော.. “ဖေကြီးက မီးမီးခဲတံကို ခိုးတယ်” လို့ အော်ဟစ်ငိုယိုတော့သည်.. “မခိုးပါဘူး.. ခဏယူသုံးတာ ဆွဲပြီးရင် ပြန်ပေးမှာပေါ့”လို့ ပြောလည်း လက်မခံ.. “မေကြီးတို့ ပိုက်ဆံ မီးမီးခဏယူသုံးတာကျ ခိုးတယ်လို့ပြောတယ်.. ခုလည်း ဖေကြီးက ခဲတံခိုးတယ်” ဆိုပြီး အတင်းရောကာရော ခဲတံကို ပြန်လုနေတော့မှ လူကြီးများ မျက်လုံးပြူးကာ ရှည်ရှည်လျားလျား ရှင်းပြရတော့သည်..
“ခဲတံက ဖေကြီးဝယ်ပေးထားတာပဲ မဟုတ်လား. ခု ခဏ ယူသုံးတာလေ.. ငှားသုံးတာလေ.. ပြီးရင်ပြန်ပေးမှာပေါ့”
“မီးမီးလည်း မုန့်စားမလို့ ပိုက်ဆံငှားတာပဲကို”
“ပိုက်ဆံဆိုတာ လိုချင်ရင် မုန့်ဖိုးတောင်းသုံးရတယ်လေ.. မီးမီးက ပိုက်ဆံတွေအများကြီးသုံးလို့မှမရသေးတာ”
“မေကြီးပိုက်ဆံ မီးလည်း ပိုင်တာပဲ.. ယူလို့မရဘူးလား.. မီးမီးကိုကျ ရိုက်တယ်”
“မီးမီးက မပြောဘဲယူတာကိုး”
“ခု ဖေကြီးလည်း မီးကိုမပြောဘဲယူတာ”
အို.. လုံးလည်ချာလည်ကို လိုက်နေတော့တာပဲ.. အဲ့သည့်အချိန်တုန်းကတော့ ရှင်းပြလို့ မရခဲ့ဟုဆိုသည်.. နန်းညီ၏ပစ္စည်းတစ်ခုခုယူချင်လျှင် မပြောဘဲမယူရဲ.. ယူသည်နှင့် ခိုးသွားပါပြီဆိုပြီး တဗြဲဗြဲအော်ငိုတတ်သည်ဟူ၏.. နည်းနည်းကြီးလာမှ ရှင်းမပြရဘဲ အလိုလိုနားလည်သွားတော့သည်.. ထိုအခါမှပင် လူကြီးများလည်း သက်ပြင်းချနိုင်၏..
တစ်ခါကလည်း အဘွားအိမ်တွင် အလှူလုပ်သဖြင့် မောင်နှမဝမ်းကွဲတွေရော ဦးလေးအဒေါ်တွေပါ စုံလင်စွာရှိနေကြသည်.. မောင်နှမတွေ ဗြောင်းဆန်အောင် ဆော့နေကြရင်း တစ်အိမ်လုံးရှိသမျှပစ္စည်းတွေလည်း ပွစာကျဲသွား၏.. ဦးလေးအငယ်က ကန့်လန့်ကာချည်သည့်ကြိုးလေးကို လမ်းမလယ်မှကောက်ကာ နန်းညီထံပေးရင်း “ဒါကို သူ့နေရာနဲ့သူပြန်ထား”လို့ ခိုင်းလိုက်မိ၏.. ထို ကန့်လန့်ကာကြိုးကို ကန့်လန့်ကာ ကြိုးမှန်း နန်းညီလေးမသိ.. ယူဆော့တုန်းက မှန်တင်ခုံနားမှဖြစ်သည်.. ထို့ကြောင့် မှန်တင်ခုံနားကို ပြန်သွားထားလိုက်၏.. လူကြီးတစ်ယောက်ယောက်က မြင်တော့ ကြိုးကို ဝရံတာရှိ ပြတင်းပေါက် ကန့်လန့်ကာမှာ သွားပြန်ချည်ထားလိုက်သည်ထင်သည်.. ဆော့ရင်းပြေးရင်း ကန့်လန့်ကာနားရောက်သွားတော့ ထိုကြိုးကို မြင်သောအခါ ဒေါ်နန်းညီဒေါသထွက်ချေပြီ.. ငါ ဒါကို နေရာတကျပြန်ထားထားတဲ့ဟာကို ဘယ်သူယူဆော့ပြန်သလဲပေါ့.. ချည်ထားတာကို ဖြုတ်ကာ မှန်တင်ခုံပေါ် သွားပြန်တင်ပြန်၏.. ဦးလေးအငယ်က မြင်သွားသောအခါ နန်းညီကို အနားခေါ်၏.. “ကန့်လန့်ကာကြိုးကို ယူမဆော့နဲ့ နေရာတကျပြန်ထားလို့ ပြောတယ်မဟုတ်လား”.. ကလေးများ ဗြောင်းဆန်လွန်းသဖြင့် နဂိုကတည်းက စိတ်ရှုပ်နေသော ဦးလေးက မျက်လုံးပြူးဖြင့် လေသံမာမာဖြင့်မေးတော့ နန်းညီလေး ကြောက်ဒူးတော့ တုန်လာသည်.. “ပြန်ထားလိုက်ပါပြီ” ဟု ဖြေရင်း ခုနကတည်းက ငါထားထားရဲ့သားနဲ့ ဘယ်ကောင်ယူဆော့လို့ ဟိုနားပြန်ရောက်သွားလဲမသိ.. ငါဆူခံနေရပြီ ဆိုပြီး တွေးနေသေးသည်..
ဦးလေးကလည်း မှန်တင်ခုံပေါ်မှာ ကြိုးကြီးမြင်နေလျက်နဲ့ နေရာတကျ ပြန်ထားလိုက်ပါပြီဟု ဖြေသော နန်းညီကို စိတ်တိုသွားသည်ထင်ပါသည်.. “ငါ့ကိုမညာနဲ့”ဟု ထပ်ကျိန်းတော့ နန်းညီ တဗြဲဗြဲငိုပြန်တော့သည်.. လူကြီးများက ဘာဖြစ်တာလဲ မေးတော့.. ငိုနေသော နန်းညီက မဖြေအား.. ဦးလေးက “ဒီကောင်မလေး ညာတယ်” အစချီကာ အဖြစ်အပျက်ကို ပြောပြ၏.. အကြောင်းသိသော နန်းညီအဒေါ်တစ်ဦးက “မဟုတ်သေးပါဘူးဟဲ့.. ဒါလေးက ဘာမှဟုတ်တဲ့ကိစ္စမဟုတ်ဘဲ ကလေးက ညာပါ့မလား” ပြောရင်း နန်းညီကို မေးမြန်းတော့မှ အကြောင်းစုံကိုသိတော့သည်.. ထိုအခါမှ နန်းညီကိုလည်း ချော့.. ဦးလေးကိုလည်း ပြောဆိုပြီး.. ထိုကြိုးသည် ကန့်လန့်ကာကို ချည်ရသောကြိုးဖြစ်ကြောင်း ကလေးတိုင်းကို ရှင်းပြတော့မှပင် ကိစ္စ ပြီးပြတ်လေတော့သတည်း..
ငယ်ဘဝအကြောင်းများကတော့ ထိုသို့ပင် လူကြီးများနှင့် တခြိမ်းခြိမ်းရန်ဖြစ်နေရခြင်းများသာ အများဆုံးပြောစရာရှိသည်.. ကိုယ့်အတွေးနှင့်ကိုယ် ထင်ရာတွေ လုပ်တတ်လွန်းသော နန်းညီကား ထိုသို့ပင် ဂွတီးဂွတိုက်ကြီးပြင်းလာရခြင်း ဖြစ်ပါသည် တမုံ့…..

27 Responses to “ကလေးဘဝ ဘာညာကွိကွများ”
1.
cherry, on December 28th, 2009 at 11:28 am Said:
ဖတ်ပြီး အတော်သဘောကျသွား၏
Edit Comment
2.
ksy, on December 28th, 2009 at 11:29 am Said:
ကျူရှင်မှာ အစားသောင်းကျန်းပြီး စားပိုးနင့်တာလေးကျ ထည့်မပြောပါလား။
Edit Comment
3.
NangNyi, on December 28th, 2009 at 11:31 am Said:
ဟိတ်ရောင်.. ရှူး.. တိုးတိုးဟ
Edit Comment
4.
Vista, on December 28th, 2009 at 12:10 pm Said:
ဒီလောက်ပဲလားကွယ် အများဂျီးရှိအုံးမှာပါ ..ဟက်ဟက်
Edit Comment
5.
sdl, on December 28th, 2009 at 12:12 pm Said:
ဖတ်ကောင်းလွန်းလို့ နောက်ဆက်တဲအြနေနဲ့ ဆက်ရေးပေးဖို့ တောင်းဆိုပါတယ်ခညား
ပုံ/ ပိတ်သတ်ကြီး
Edit Comment
6.
sdl, on December 28th, 2009 at 12:13 pm Said:
ဝ ဆွဲရေးတာ ရရစ်ဖြစ်သွားတယ်…
*** နောက်ဆက်တွဲ *****
Edit Comment
7.
လေတံခွန်, on December 28th, 2009 at 12:42 pm Said:
အဟာ…….. မနန်းညီကတော့ တကယ့်စံပဲဗျာ…….
Edit Comment
8.
julyDream, on December 28th, 2009 at 12:48 pm Said:
တဗြဲဗြဲ အော်ငိုတာ များသွားလို့ အာပြဲသွားတာ ဖြစ်မယ်။ အဟား…
Edit Comment
9.
nn, on December 28th, 2009 at 2:12 pm Said:
ဟင်..
ချစ်ဖို့ ကောင်းတဲ့ ညီမလေးးး
Edit Comment
10.
နေ့အိပ်မက်, on December 28th, 2009 at 4:57 pm Said:
ဟုတ်ပါ့ ကျောင်းမှာဖြေရတဲ့မေးခွန်းစာရွက်တွေက အဲလိုတွေချည်းပဲ.. ဒါနဲ့ မမက မိန်းကလေးကျောင်းကလား မထင်ရဘူးနော်
Edit Comment
11.
အိမ်, on December 28th, 2009 at 4:57 pm Said:
ကပ်ပေကပ်တရာ ဝေနေရာ ချမ်းသာကိုယ်စိတ်မြဲပါစေဆိုတဲ့ အစားထဲကပါလား။ လက်လံတယ်၊ ခြေခွင်တယ်၊ အသားမဲတယ်၊ သွားကျဲတယ် ဆိုတဲ့ လူစားမျိုးကိုး…. အခုရော လိုက်ပြီး ကပ်သီးကပ်သပ် လုပ်တုန်းပဲလား…။
Edit Comment
12.
NangNyi, on December 28th, 2009 at 5:09 pm Said:
STY: ကတ်သီးကပ်သတ် နန်းညီ ပေတီးပေကတ် နန်းညီ စာအုပ်ကြီးသမား နန်းညီ ဥာဏ်ကို အတုံးလိုက် သုံးတဲ့ နန်းညီ
Edit Comment
13.
jr.လွင်ဦး, on December 28th, 2009 at 7:40 pm Said:
ပြုံးမိတယ် ညီရ။း))
Edit Comment
14.
myo, on December 28th, 2009 at 7:44 pm Said:
ဟားဟားဟား မဟာဉာဏ်ကြီးရှင် နန်းညီ..
Edit Comment
15.
နွေဆူးလင်္ကာ, on December 28th, 2009 at 8:11 pm Said:
မြင်ယောင်ပါတယ် ဂျစ်တီးဂျစ်ကတ် ဂျစ်ကန်ဂျစ်ဖဲ့ ဂျစ်တိုက်ဂျစ်တူး နန်းညီကို .. ဟားဟား
Edit Comment
16.
သိင်္ဂါကျော်, on December 28th, 2009 at 9:41 pm Said:
ရယ်စရာ အမှတ်တရလေးပါလား..
Edit Comment
17.
Rita, on December 28th, 2009 at 10:14 pm Said:
မိုက်တယ် အတွေးအခေါ်တွေကတော့ အဲလိုဖြစ်နေရမယ်။ ကောင်းတယ်။
Edit Comment
18.
mirror, on December 28th, 2009 at 11:02 pm Said:
မေကြီးတော့ တော်တော်ပင်ပန်းခဲ့မှာ..
Edit Comment
19.
လင်းဦး(စိတ်ပညာ), on December 29th, 2009 at 12:44 am Said:
သြော်.. ငယ်ဘ၀…..
Edit Comment
20.
littlebrook, on December 29th, 2009 at 12:38 pm Said:
အဟားဟားဟား ဟားဟားဟား မိညီမ မိညီမ … ခုထိလည်း ရီရသေးတဲ့ အဖြစ်တွေရှိပါသေး … အခုတော့ နဲနဲ အမြင်ကပ်ဖို့ကောင်းလာတာ ဟီးဟီး
Edit Comment
21.
th, on December 29th, 2009 at 1:58 pm Said:
shwegonetine gone tat, hammattit gone sinn, jarr kit sarr buu tha lee? :p
Edit Comment
22.
မြတ်မွန်, on December 29th, 2009 at 3:17 pm Said:
ချစ်စရာကောင်းတဲ့ ငယ်ဘဝလေးပါ။
Edit Comment
23.
လုံမလေး, on December 29th, 2009 at 4:55 pm Said:
ဟဟား မိုက်တယ် မဗြဲလေး
ဖတ်လို့ကောင်းလိုက်တာ
သတူများပြောသလို ခုလည်း
အဲ့လိုပဲပေါ့ဟုတ်လား?
နန်းညီဆိုတော့ ယောက်ျားလေးထင်နေတာ
အစကညီလို့တောင်ခေါ်တော့မလို့
တော်သေးတယ်နော်
တူမရှိရင်ကြွားလေ ရတာပေါ့
လုံ့ မှာတော့ နောက်ထပ် ၅ ယောက်တောင်ရှိသေး
ကြွားအုံးမှာနော် နောက်ကျရင်
Edit Comment
24.
လုံမလေး, on December 29th, 2009 at 4:56 pm Said:
အပေါ်မှာ သူတို့ ပြောတာရေးတာပါ
Edit Comment
25.
ဖိုးဂျယ်, on December 29th, 2009 at 10:46 pm Said:
ဖြစ်ရလေ နီညန်းရယ်း) တော်တော် ကပ်ကပ်ကသပ်သပ် နိုင်တဲ့ ကလေးပဲ
တော်သေးတာပေါ့ သူ့အိမ် သွားတုန်းက ပစ္စည်းတွေ လျှောက် မယူလို့း)
ပိုစ့်ရေးစေ ခွင့်လွှတ်တယ် ခွင့်ပြုတယ်။း)
Edit Comment
26.
ပေါညီ, on December 30th, 2009 at 1:59 pm Said:
နန်းညီကတော့ ငယ်ငယ်ကတည်းက ဇ ပျင်းတာကိုး ….
Edit Comment
27.
shwunmi, on December 31st, 2009 at 3:32 pm Said: