(၁)
၅ နာရီထိုးခါနီးပြီ.. သူ လာတော့မည်.. ကော်ဖီအေးရော ရှိသေးရဲ့လားလို့ ဖျော်စက်ရှိရာဘက်သို့ စောင်းအကြည့်မှာ မိုက်နဲ့ပါးစပ်အနည်းငယ် လွဲသွားသည်မို့ အသံတစ်ချက်တိမ်ဝင်သွား၏.. ကျော်စွာက သတိပေးသလို စွေကြည့်သည်.. တစ်ချက်လေးပါပဲ.. ပြီးတော့ သူတို့အာရုံနဲ့သူတို့ ထိုင်နေကြသည့် စားသုံးသူများက သိတောင်သိလိုက်မှာမဟုတ်ပါ.. သူကလွဲလို့ပေါ့လေ.. သူဆိုလျှင်တော့ စာသားတစ်ချက်အလွဲ အသံတစ်ချက်အဝင်ကိုပင် အမြဲသတိထားမိတတ်သည်.. ပုံကိုငုံ့ဆွဲနေရာမှ ဆံပင်များကို ဆတ်ကနဲခါထုတ်ပြီး မော့ကြည့်လေ့ရှိ၏.. သူ့ မျက်ဝန်းညိုညိုများကို မြင်ယောင်မိပြန်တော့ ဆိုလက်စသီချင်းကို စိတ်မရောက်တော့ဘဲ အာရုံပျံ့သွားပြန်သည်.. Shit.. အဲလို ဖြစ်နေလို့ မဖြစ်သေးဘူး.. တော်ကြာ ဝါသနာပါလွန်းလို့ မနည်းကြိုးစားထားရတဲ့ ဒီအလုပ်လေး ဆက်မလုပ်ရဘဲဖြစ်နေဦးမယ်..
မြို့လည်ကော်ဖီဆိုင်သည် ညနေရုံးဆင်းချိန်လည်း ဖြစ်နေသည်မို့ လူများရှုပ်ထွေးစည်ကားလျက် စည်ကားလျက်ရှိသည်.. ဆိုင်၏ကောင်တာအနီး ထောင့်လေးသည် ကျနော်တို့နေရာ.. သစ်သားစည်ပိုင်းလေးများ ချထားကာ ဆောင်းဘောက်စ်များ ဂစ်တာများဖြင့် ကျနော်တို့ ၄ ယောက် ညနေ ၄ နာရီဆို ဒီနေရာကို အပိုင်စားရပြီ.. ကျော်စွာနဲ့ ကိုစိုင်းက ပင်တိုင်ဂစ်တာသမားတွေ.. ကျနော်နဲ့ ဗစ်တာကတော့ အဆိုတွေပေါ့.. ကော်ဖီဆိုင်မှာ ဒီလို Unplugged ဝိုင်းမျိုး သိပ်ခေတ်မစားသေးတာမို့ ဒီဆိုင်လေးကတော့ ဆန်းလို့နေသည်.. ကျနော်တို့ ဒီအစီအစဉ်စပြီးမှာ ပုံမှန်ညနေတိုင်း လာထိုင်တတ်သူတွေတောင် ရှိလာတာမို့ ဆိုင်ရှင်ကလည်း သဘောတွေကျနေပြီး ကျနော်တို့လည်း အားတက်ရသည်.. နာမည်ကြီး လူကြိုက်များသည့် သီချင်းများကိုလည်းဆိုရင်း ကိုယ့်သီချင်းလေးများကိုပါ တွဲတွဲထည့်ဆိုကာ မိတ်ဆက်ရ၏.. ဒီကရသည့်လခများသည် ကျနော်တို့ စီးရီးထုတ်ဖို့ သီချင်းသွင်းဖို့ အရင်းအနှီးအထောက်အပံ့..
သီချင်းဆုံးတော့ ဗစ်ကို အလှည့်ပေးပြီး ဘေးနားကထောင့်ခုံသို့ ပြောင်းထိုင်လိုက်ရင်း ကော်ဖီအေးစက်ရှိရာသို့ စောင်းငဲ့ကြည့်မိသည်.. တခါတရံ သူလာချိန်မှာ ကော်ဖီကုန်နေတတ်သဖြင့် မစ်ရှိတ်ကိုသာ သူသောက်ရလေ့ရှိသည်.. ယခုတော့ အသစ်ထပ်ဖျော်ထည့်ထားပြီးပြီထင်သည်.. စက်ထဲမှာ ကော်ဖီတွေအပြည့်.. သူ ကော်ဖီသောက်လျှင်ဘယ်တော့မှ ပိုက်ဖြင့်စုပ်မသောက်တတ်.. ကော်ဖီခွက်ကိုယူပြီး ထိုင်ခုံမှာထိုင်ပြီးလျှင် စာအုပ်တစ်အုပ်ကိုထုတ်၍ သူစာဖတ်မည်.. ဒါမှမဟုတ် ပုံဆွဲနေမည်.. ခဏကြာမှ ကော်ဖီခွက်ကို ပေးထားသောပိုက်ဖြင့် တစ်ချက်နှစ်ချက်မွှေလိုက်ပြီး ခွက်တစ်ဝက်ကျိုးသည်အထိ တချက်ထဲမော့သောက်ပစ်လေ့ရှိ၏.. သူ့မှာလုံးဝ မိန်းကလေးအပြုအမူမရှိ.. ပြီးတော့ သူ သိပ်ရုပ်တည်သည်..
ဗစ် သီချင်းဆုံးခါနီးမှ သူဝင်လာသည်.. ထုံးစံအတိုင်း လွယ်အိတ်ကို ထောင့်စားပွဲပေါ်ပစ်တင်လိုက်ပြီးမှ ကောင်တာဆီသို့ သူလျှောက်လာ၏.. လမ်းလျှောက်ပုံက ခပ်မော့မော့ ဆောင့်ကြွားကြွား.. သို့သော် ကြည့်လို့တော့ကောင်းလှသည်.. ကောင်တာရှေ့ရောက်တော့ ရှပ်အင်္ကျီလက်များကို ပင့်တင်နေရင်းမှ မေးတစ်ချက်ဆတ်ရင်း မမော်ကို ပြုံးပြလိုက်ရုံပဲ.. မမော်က သူလာတာမြင်ကတည်းက ကော်ဖီခွက်ကိုအသင့်ပြင်ပြီးနေပြီ.. ပိုက်ဆံပေး၊ ကော်ဖီခွက်ကိုယူပြီး လှည့်အထွက်မှာ ကောင်တာထောင့်နားက ကျနော့်ကို ထုံးစံအတိုင်း တစ်ချက်ပြုံးပြသွားသည်.. ကျနော်ကလည်း ထုံးစံအတိုင်း လက်တစ်ဖက်သာ မြှောက်ပြလိုက်၏.. ထိုမျှလောက်လေး အသိအမှတ်ပြုတာကိုပင် ကျနော် ပျော်ရွှင်ရင်ခုန်နေမိတာ အံ့သြစရာတော့ ကောင်းသား..
ယနေ့ သူပုံမဆွဲပါ.. ဝင်လာကတည်းက လက်မှာကိုင်လာသည့် စာအုပ်ကိုဖတ်၍သာနေသည်.. သူက ကာတွန်းဆရာမဖြစ်မည်ဟု ကျနော်တို့ အားလုံး ခန့်မှန်းကြ၏.. တစ်ခါက ဆိုင်မှာ စာပွဲထိုးကောင်မလေး ဇာဇာ၏ ကာတွန်းရုပ်ပြောင်ပုံလေးကို သူဆွဲပြီး ဇာဇာ့ကိုပေးဖူးသည်.. စာပွဲထိုးကောင်လေးဖြစ်သူ ဖိုးဇော်ကလည်း ပြောဖူးသည်.. “အဲ့ အစ်မက အမြဲကာတွန်းရုပ်ကလေးတွေ ဆွဲနေတတ်တယ်.. ကျနော် သူ့ စားပွဲရှင်းပေးဖို့ သွားရင်းနဲ့ ကြည့်ကြည့်ခဲ့တာ”တဲ့.. ဒါပေမယ့် ကာတွန်းဆရာဆိုလျှင် အသက်ကြီးကြီးယောက်ျားများကိုသာ မြင်ဖူးကြသည်မို့ သူလို ခေတ်မှီမှီ မိန်းကလေးငယ်ငယ်မျိုး ကာတွန်းရေးသည်ဟု မမြင်ဖူး မကြားဖူးပါ.. ခေတ်မှီသည် ဆိုတာထက် သူ့ ပုံစံက ဆန်းသည်ဟုဆိုရမည်.. တခြားခေတ်ကောင်မလေးတွေလိုပုံစံလည်းမဟုတ်.. သူ့ စတိုင်လ်နဲ့သူ ကွဲထွက်နေသည် ဆိုရမလား.. ရှပ်အင်္ကျီကွက်များကို ဂျင်းပန်နဲ့အမြဲတွဲဖက်ဝတ်တတ်ပြီး.. ရှမ်းပြည်နယ်အလံပုံပါသည့် ရိုးရာချည်သားလွယ်အိတ်ကိုသာ သူအမြဲလွယ်တတ်သည်..သူ မလှပါ.. သို့သော် ဆွဲဆောင်မှုတော့ရှိသည်ထင်သည်..
ဖတ်လက်စ စာအုပ်ကိုဖယ်ပြီး သူနာရီကိုတစ်ချက်မော့ကြည့်၏.. လက်ကလည်းကော်ဖီခွက်ကိုမွှေနေရင်း နောက်တော့ ထုံးစံအတိုင်း မော့သောက်လိုက်သည်.. ဆိုင်ပြင်ဘက်ကိုတချက်လှမ်းကြည့်ပြန်သည်.. ဗစ် သီချင်းဆုံးသွားသဖြင့် ကျနော့်အလှည့်ရောက်လာပြန်ပြီ.. ထိုင်ခုံပြောင်းထိုင်လိုက်တော့ သူ့ကိုသေချာမမြင်ရတော့ပြန်.. ဒါပေမယ့် ကိစ္စမရှိပါ.. သူ ပြန်ခါနီးနေပြီ.. သူ့ကို အမြဲတမ်း သူ့အမြွှာကောင်လေးက လာခေါ်သွားတတ်၏.. မိန်းကလေးနဲ့ ယောက်ျားလေးအမြွှာမြင်ရတာ အလိုလိုကို ပျော်စရာကောင်းနေသလိုပဲ.. သူတို့ ၂ ယောက်တော်တော်လေး တူပါသည်.. ဆံပင်ဆင်တူ.. အရပ်အမြင့်တူတူ.. စတိုင်လ်လေးလည်း တူတူ.. သို့သော် ကောင်လေးကတော့ ပိုချောသလိုပါပဲ… ပြီးတော့ သူတို့ ၂ ယောက် အမြဲတတွဲတွဲရှိတတ်သည်လားမသိ.. ညနေတိုင်း လာလာကြိုတတ်သည့် အကျင့်လေးကတော့ ချစ်စရာပဲ..
♫♪ခံနိုင်အားမဲ့နေလည်း ရုန်းမထွက်ချင်ဘူး နေမယ်.. ဟိုတုန်းကလိုပဲ နွေးထွေးစွာနဲ့ နေမယ်
ခံစားချက်များဟာ အို.. လွမ်းနေပါတယ်.. ခံစားချက်များဟာ.. မယုံဘူးပြောမလား.. ♫♪
လှိုင်ဦးမော်၏ “လွမ်းနေပါတယ်”သီချင်းကို ကျနော်စလိုက်တော့ သူ တချက်ဒီဘက်လှည့်ကြည့်၏.. ကျနော်သိသားပဲ.. သူကြိုက်မယ်ဆိုတာ.. သူက ဘယ်လိုသီချင်းတွေကြိုက်တတ်မှန်းမသိ.. လူကြိုက်များသော အဆိုတော်သီချင်းတွေကို မကြိုက်တတ်ဘဲ ထူးထူးဆန်းဆန်း ရှားရှားပါးပါးသီချင်းတွေကိုဆိုလျှင်တော့ သူသဘောတကျ လိုက်ဆိုတတ်သည်.. ကျော်စွာတို့က အံ့သြကြ၏.. ဒီသီချင်းတွေ တော်ရုံလူသိတာမဟုတ်ဘူးတဲ့.. သူနှင့်အတူ စကားတွေပြောကြည့်ချင်သည်.. သူနှင့်အတူ အချိန်တချို့ကုန်ဆုံးကြည့်ချင်၏.. အသစ်အဆန်းတွေ သိရလိမ့်မည်.. သူက ပျော်ရွှင်စေလိမ့်မည်ဟု ကျနော်ထင်နေတာ ဘာကြောင့်လဲ မသိပါ.. ကျနော်သိပ်များစိတ်ကူးယဉ်မိနေတာလား..
♫♪ ရင်ထဲအချစ်တွေလည်း ပြောလိုက်ချင်လည်း မလွယ်ဘူး.. ပျော်ရွှင်မှုများစွာလည်း ခဏလေးပါလား မယုံဘူး
ခံစားချက်များဟာ အို.. လွမ်းနေပါတယ်.. ခံစားချက်များဟာ… မယုံဘူး ပြောမလား..
ဝိုးတဝါးညတွေများပြီ.. နေ့ရက်တွေ တိုင်ရင်းသာ .. တဖြည်းဖြည်းဝေးကွာသွားရင် မေ့လိုက်မှာလားလေ ♫♪
သီချင်းကနေတဆင့်ပြောနေတဲ့ ကျနော့်စကားတွေကို သူနားလည်မလားမသိ.. လောလောဆယ်တော့ ပါးစပ်ကလေးလှုပ်စိလှုပ်စိဖြင့် သီချင်းကိုလိုက်ညဉ်းနေ၏.. ဆိုင်အဝင်မှ ခေါင်းလောင်းကလေး “တောင်”ကနဲမြည်သွားသည်.. သူ့ အမြွှာကောင်လေးလာပြီ.. လက်ကျန်ကော်ဖီကိုကောက်မော့လိုက်ရင်း စာအုပ်ကိုကိုင် လွယ်အိတ်ကိုလွယ်ကာ သူထ၏.. ဆိုင်ဝကို အပြေးကလေးလျှောက်သွားပြီး သူတို့ ဘာတွေပြောနေပြန်လဲမသိ.. ကောင်လေးကတော့ မျက်မှောင်ကြီးကုပ်လျက်ပဲ.. နောက်တော့ သူက ဆိုင်ပြင်ထွက်သွားကာ ကောင်လေးက အပေါ်ဘက် shopping mall ကို တက်သည့် လှေခါးဆီ လျှောက်သွားတာမြင်လိုက်ရသည်.. တစ်နေ့ပြီးပြန်ပြီပေါ့..
♫♪အိုး .. စိတ်မှာလေ.. ဟိုအဝေးကြီးကို လိုက် ရှာနေ.. အိုး.. အချစ်တွေဟာ.. အရင်အတိုင်းပါပဲ.. ♫♪
_______________________
ကော်ဖီဆိုင်ပုံပြင် ၂
ကော်ဖီဆိုင်ပုံပြင် ၃
ကော်ဖီဆိုင်ပုံပြင် ၎
[...] ကော်ဖီဆိုင်ပုံပြင် ၁ ကော်ဖီဆိုင်ပုံပြင် ၃ ကော်ဖီဆိုင်ပုံပြင် ၄ [...]
[...] ကော်ဖီဆိုင်ပုံပြင် ၁ ကော်ဖီဆိုင်ပုံပြင် ၂ ကော်ဖီဆိုင်ပုံပြင် ၄ [...]
[...] ကော်ဖီဆိုင်ပုံပြင် ၁ ကော်ဖီဆိုင်ပုံပြင် ၂ ကော်ဖီဆိုင်ပုံပြင် ၃ [...]
15 Responses to “ကော်ဖီဆိုင်ပုံပြင် (၁)”
1.
ksy, on December 6th, 2009 at 3:26 pm Said:
အင်း- ကောင်လေးက ကောင်မလေးကို အထူးအဆန်းအံ့သြနေတာပေါ့နော်။ အံ့သြပြီးစိတ်ဝင်စားနေတယ်ပေါ့။ အဲဒီလိုလား။
အပိုင်း ၂ အမြန်လာဟာ။ ဒီလိုတိုင်းကြီးက ဘာမှန်းလည်းမသိ။
Edit Comment
2.
kom, on December 6th, 2009 at 4:35 pm Said:
ကော်ငးတယ်.။အစအဆုံးတစ်ခါတည်းရေးပါ။
Edit Comment
3.
Talkii, on December 6th, 2009 at 8:36 pm Said:
အမြန်ရေးပာဗျို့
Edit Comment
4.
လင်းဒီပ, on December 6th, 2009 at 10:11 pm Said:
ကောင်မလေးက မျက်လုံးပြူးပြီး အရပ်ကလေး ပုတာလည်း ထည့်ရေးလေ…:P
Edit Comment
5.
T Chen, on December 6th, 2009 at 11:35 pm Said:
ကာတွန်းဆရာမကိုမြင်တာနဲ့
နန်းညီ ကို အင်္ကျီအကွက်နဲ့ဂျင်းဘောင်းဘီဝတ်ပြီး
မြောင်း လွယ်အိတ်ဆွဲလာတာ မြင်ရတယ်
ကောင်း၏
တီငယ်ငယ်ကတည်းက ကော်ဖီဆိုင်မှာ သီချင်းဆိုတဲ့ လူဖြစ်ချင်တာ
တညလုံးအသေအိပ် ညနေမှထ စာလေးဘာလေးဖတ် ပြီးတော့ အလုပ်ဆင်း ညနက်မှပြန်
အိမ်ရောက်တော့ အခွေကြည့်
ပုံမှန်လစာလေးနဲ့ တိုက်ခန်းလေးတခုမှာနေ
ခပ်လွင့်လွင့်
Edit Comment
6.
ဖိုးဂျယ်, on December 7th, 2009 at 12:11 pm Said:
ကောင်းတယ် ဇာတ်လမ်းလေးက ဘယ်လို လာမယ် မသိး)
ဆက်ဖတ်ရန် မျှော်နေသည် kwi kwi
Edit Comment
7.
NangNyi, on December 7th, 2009 at 1:06 pm Said:
ကိုလင်းဒီပ >> အရပ်ပုတာနဲ့ မျက်လုံးပြူးတာ မပါဘူးရှင့်..
Edit Comment
8.
jr, on December 7th, 2009 at 1:38 pm Said:
I feel the reflection of you in both male and female characters.
eg. when the boy uttered “shit” …
But mostly I found in you on this girl.
Waiting your “to be continued…”
Edit Comment
9.
thuthu, on December 7th, 2009 at 7:37 pm Said:
coffee shop name … central ???
good writing .. go ahead … waiting { part 2 } …
Edit Comment
10.
သိင်္ဂါကျော်, on December 7th, 2009 at 9:44 pm Said:
ဇာတ်လမ်းလေးက ထူးခြားတယ်.. သီချင်းဆိုတာက ကောင်လေး ဖြစ်ပြီး လာတာက ကောင်မလေးဖြစ်နေတယ်.. ကောင်မလေးကလည်း ကာတွန်းဆရာမ ဆိုတော့..
အပိုင်း ၂ မျှော်နေမယ်နော်..
Edit Comment
11.
လေတံခွန်, on December 8th, 2009 at 10:52 am Said:
ကော်ဖီဆိုင်ပုံပြင်လေးကိုစိတ်ဝင်စားလို့ ဖတ်သွားတယ်ဗျာ………..
Edit Comment
12.
littlebrook, on December 8th, 2009 at 9:54 pm Said:
အဟား … ညီရှားကို သတိရတယ် စောင့်နေတာပေါ့ .. ဒီအထိ ဘာမှပြောစရာမရှိသေး … မင်းသမီးကတော့ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို ပြန်ရေးထားတာကတော့ ရီရတယ် …
Edit Comment
13.
NangNyi, on December 9th, 2009 at 10:52 am Said:
♫♪ မဟုတ်ရပါ ကိုကြီးရာ… ♫♪