ထုံးစံအတိုင်း ၅ နာရီခွဲလောက်မှာ ကြည်သာ့ကို ကြိုဖို့ သူတို့ ရုံးရှိသည့်လမ်းကို အာကာ ရောက်သည်.. ထုံးစံအတိုင်းပဲ ကော်ဖီဆိုင်ရှေ့ကနေ ထွက်စောင့်မနေပြန်.. ကားရပ်ရခက်သည့်လမ်းမို့ ပါကင်နေရာရှာစရာမလိုအောင် ဆိုင်ရှေ့ကထွက်စောင့်ပါဟု ပြောဖူးတာ အကြိမ်ကြိမ်ပဲ.. သို့သော် ကြည်သာ့ထုံးစံအတိုင်း ဘယ်တော့မှနားမထောင်ပါ.. သူကလည်း ကားရပ်စရာနေရာ အလွယ်တကူတွေ့လျှင်တော့ ချိုချိုသာသာ လိုလိုလားလားပင် ကော်ဖီဆိုင်ထဲထိ ဝင်ခေါ်ပေးတတ်ပေမယ့် ကားရပ်စရာမတွေ့ဘဲ တပတ်ကြီး မောင်းနေပြီး လမ်းပြန်လျှောက်ကာသွားခေါ်ရလျှင်တော့ စူပုတ်နေမိတာကို ဘယ်လိုမှ မတတ်နိုင်.. ဒီနေ့ကတော့ ကော်ဖီဆိုင်အပေါ်ဘက် shopping center မှာ ဝယ်စရာရှိနေသဖြင့် ကားရပ်စရာနေရာကို သေချာရှာရပ်ပြီး ဆိုင်ဘက်ပြန်လျှောက်ခဲ့သည်..
ကားပစ္စည်းတွေရောင်းသည့် ဆိုင်ရှေ့ကဖြတ်သွားရင်း ဘာရယ်မဟုတ်ဘဲ ဆိုင်ထဲကို လှမ်းကြည့်လိုက်မိတော့ သူ့ကိုကျောပေးပြီး ဆိုင်ရှင်နှင့်စကားပြောနေသည့် ကိုကို့ကိုမြင်လိုက်သည်.. သေချာသလား.. သိပ်တော့မသေချာ.. နောက်ကျောပဲမြင်ရတာမဟုတ်လား.. ဒါပေမယ့်လည်း စိတ်ကတော့ အလိုလို ကိုကိုဟု သိနေသည်.. ငယ်ငယ်ကတည်းက အတူတူနေလာခဲ့သည့်လူပဲလေ.. ဆိုင်ကိုကျော်ပြီးသွားမှ တစ်ချက်စောင်းကြည့်လိုက်မိ၏.. ကိုကို အရင်လိုပဲ သပ်ရပ်ခန့်ငြားနေတုန်းပဲ.. သူတို့ထက် ၂ နှစ်ကျော်ပဲကြီးပေမယ့် ကိုကိုက လူကြီးသိပ်ဆန်သည်.. ကြီးမေအတွက် အမြဲတမ်း အားကိုးယုံကြည်စရာ သားတစ်ယောက်.. ဆိုးနွဲ့ဂျီကျတတ်သော သားသမီး ၂ ယောက်အတွက် ဖေဖေနှင့်မေမေတို့ စိတ်ချရသည့် အိမ်နီးချင်းတစ်ဦး.. သူတို့ မောင်နှမအတွက် သွေးမတော်သော်လည်း ချစ်ခင်အားထားရသည့် အစ်ကိုကြီး.. အစ်ကိုကြီး တဲ့လား.. အင်းလေ.. အစ်ကိုကြီးမဟုတ်ဘူးဟု အမြင်ပြောင်းလဲသွားချိန်မှာ ကွဲကွာသွားကြတာပဲဆိုတော့ နောက်ဆုံးချိန်ထိတော့ သူတို့အစ်ကိုဖြစ်ခဲ့ပါသေးသည်..
နှုတ်မဆက်ချင်သဖြင့် ဆိုင်ထဲမဝင်ဘဲ ကိုကိုလည်း ဒီဘက်ပြန်မလှည့်လာခင် ခပ်သွက်သွက်ဆက်လျှောက်ခဲ့မိသည်.. နှုတ်မဆက်ချင်တာလား.. နှုတ်မဆက်ရဲတာလား.. နှုတ်ဆက်ဖို့ မသင့်တာလား.. ဘာပဲဖြစ်ဖြစ် သူကတော့ မသိသလိုမမြင်သလိုထွက်လာခဲ့ပြီ.. သူ မလွန်ဘူးလို့ ကိုယ့်ဘာသာလည်း အားပေးမိ၏.. တခါတလေတော့လည်း သူတော်တော် ကြောင်တောင်တောင်နိုင်သည်ဟု ထင်မိပြန်သည်.. သူတို့ ငယ်ငယ်ကတည်းက ဒီလိုပဲ ခင်မင်ရင်းနှီးစွာ နေခဲ့ကြတာပဲ.. ကိုကိုတို့ အိမ်က မချမ်းသာပေမယ့်.. ကိုကိုတို့အိမ်က အသုံးအဆောင်များက အကောင်းစားများ မဟုတ်ပေမယ့်.. ကိုကိုတို့အိမ်က အစားအသောက်တွေက ဈေးကြီးတာတွေမဟုတ်ပေမယ့်.. သူတို့ မောင်နှမ ၂ ယောက်စလုံး ထိုအိမ်မှာပဲ ပိုပျော်ကြသည်.. စည်းကမ်းကြီးသော သူတို့အိမ်ထက် အလိုလိုက်တတ်သော ကြီးမေဆီမှာပဲ ပျော်တတ်ခဲ့ကြတာ.. ကိုကိုက ကြည်သာ့ကို ရည်မှန်းနေသည်ဆိုတော့ရော အဲ့ဒါဘာဖြစ်မှာမို့လဲ..
စပြီး သိသိချင်းတုန်းကတော့ သူ ဘာကြောင့်ရယ်မသိဘဲ အတော်လေး ဒေါသထွက်ခဲ့သည်.. တစ်သက်လုံး ကိုယ့်အစ်ကိုလို မြင်လာခဲ့သူက နှမကို ကြိုက်ပါသည်.. ချစ်ပါသည်ဟု ပြောလိုက်တော့ ရှက်သွားခဲ့သည်ထင်သည်.. ပူထူပြီး ကိုကို့ကို ဆွဲထိုးချင်တာပဲသိခဲ့သည်.. ထိုးလည်း ထိုးမိခဲ့ပါသည်.. ဒေါသကြောင့်လည်း ပူထူပြီး နည်းနည်းလည်းမူးနေသဖြင့် ယိုင်ထိုးနေသည်ကြောင့် မိမိရရ မထိလိုက်တာပဲရှိမည်.. ထိုညက သူတို့ ၂ ယောက်လုံးလားထွေးလား ထိုးကြိတ်မိကြပြီးနောက် စကားတွေလည်း အများကြီးပြောဖြစ်ခဲ့သေးသည်.. သေချာမမှတ်မိတော့သော်လည်း သဘောမတူဘူး ဆိုတာကိုသာ ထပ်တလဲလဲပြောမိခဲ့တာ သူ မှတ်မိသေးသည်.. “အခွင့်အရေးသမား”လို့ သူ စွပ်စွဲတော့ ကိုကို တော်တော်ဒေါသထွက်သွားခဲ့တာ.. “မင်း မူးနေပြီ အာကာ”လို့ ဒေါသကိုထိန်းလျက် သူ့ကိုတွဲကာ အိမ်ပြန်ပို့ပေးခဲ့သည်..
ကော်ဖီဆိုင်ထဲဝင်လိုက်တော့ ကြည်သာ့ကို ထိုင်နေကျနေရာမှာပင် ထိုင်နေကျပုံစံအတိုင်း မြင်လိုက်ရသည်.. သီချင်းဆိုနေသောကောင်ကို ငေးလျက်.. ဟိုကောင်ကလည်း ကြည်သာ့ဘက်ကိုကြည့်လျက်.. ဘာတဲ့ ဘာတဲ့.. “ရင်ထဲအချစ်တွေလည်း ပြောလိုက်ချင်လည်း မလွယ်ဘူး.. ပျော်ရွှင်မှုများစွာလည်း ခဏလေးပါလား မယုံဘူး” ဆိုပါလား.. ဝင်ဝင်ချင်းမှာပင် ကြားလိုက်ရသည့် သီချင်းစာသားကြောင့် လမ်းမှာဖြစ်လာသည့် ဦးတည်ရာမဲ့ဒေါသက ကြည်သာ့အပေါ်ပုံကျသွားသည်.. အနားရောက်ရောက်ချင်းပင် အပြင်ထွက်စောင့်မနေသည့်အတွက် အပြစ်တင်လိုက်မိ၏.. “နောက် နင် ဒီကော်ဖီဆိုင်မှာမထိုင်နဲ့”.. ကြည်သာက နားမလည်နိုင်စွာ အထွန့်တက်ပါသည်.. “ဒါဖြင့် နာရီဝက်လုံးလုံး ငါက ဘယ်နားသွားနေရမှာလဲ”.. သူ စိတ်တိုတောင်းစွာ ကြည်သာ့ကို ကားနားသွားနေဖို့ ပြောလိုက်မိ၏..
“ငါ ဝယ်စရာရှိလို့ အပေါ်တက်ဦးမယ်.. အော်.. ပြီးတော့ နင်ထွက်သွားရင် ကိုကိုနဲ့ တွေ့မလားမပြောတတ်ဘူး.. ငါ ကားရပ်ထားတဲ့နားက ဆိုင်တစ်ခုမှာ သူ့ကို ခုပဲမြင်ခဲ့တယ်”.. ကြည်သာ မျက်နှာတည်သွားလျက် ဘာမှမပြောဘဲ ဆိုင်အပြင်ထွက်သွားပါသည်..
ကြည်သာ ကိုကို့အပေါ်မှာ ဘယ်လိုသဘောထားလည်း သူသိပ်မသေချာ.. ကော်ဖီဆိုင်မှာ သီချင်းဆိုသည့်ကောင်ကိုရော သဘောကျနေသလား သူမသေချာ.. ကြည်သာနှင့် ကျောင်းတုန်းကတည်းက သူငယ်ချင်း.. ခုလည်း အလုပ်တူတူလုပ်နေသည့် ကာတွန်းရေးဖော် စည်သူကိုရော သဘောကျသလား သူ မသေချာ.. တကယ်တမ်းပြောရမည်ဆိုလျှင် ကြည်သာ၏ ယောက်ျားလေးများနှင့် ဆက်ဆံရေးတိုင်းကို သူမသေချာ.. ကြည်သာ၏ ယောက်ျားလေးများအပေါ်အမြင်.. အချစ်ရေးကိစ္စတွေအပေါ်အမြင်.. အချစ်ဆိုတာကိုမြင်သည့်အမြင်တွေကိုလည်း သူ မသေချာပါ.. သူ့အချစ်ရေးကိစ္စများကို တိုင်ပင်လျှင် ကြည်သာက နားလည်စွာအကြံဥာဏ်ပေးတတ်ပေမယ့် ကြည်သာပြောသည့် “ငါယောက်ျားတွေကို သဘောကျတတ်ပါတယ်.. အချစ်ဆိုတာကိုလည်း ယုံတယ်.. ဒါပေမယ့် ယောက်ျားတစ်ယောက်ယောက်နဲ့ အချစ် စပ်ဆက်ကြည့်ဖို့ကိုတော့ ခုထိမတတ်သေးဘူး”ဆိုသော စကားကို သူ နားမလည်နိုင်ခဲ့..
ကြည်သာ့မှာ ယောက်ျားလေး သူငယ်ချင်းတွေ အများကြီးရှိပါသည်.. သူတို့ နှစ်ယောက်စလုံးနှင့် ခင်သူတွေအပြင် ကြည်သာနှင့်သာ သီးသန့် သူငယ်ချင်းဖြစ်နေပြီး သူနှင့်မသိသည့် ယောက်ျားလေးတွေလည်း ရှိပါသည်.. သူတို့ နှစ်ယောက်လုံးသည် တကွဲတပြားစီနေတတ်ပေမယ့် သူငယ်ချင်းပေါင်းရာမှာတော့ အမြဲတမ်း တစ်အုပ်စုတည်းဖြစ်ဖြစ်နေတတ်၏.. နှစ်ယောက်စလုံးမှာ မိန်းကလေး သူငယ်ချင်းနည်းပါးလှသည်.. သူသည် မိန်းကလေးများကို သူငယ်ချင်းလိုမပေါင်းတတ်သူ ဖြစ်ပါသည်.. ကြည်သာကတော့ မိန်းကလေးစရိုက်သိပ်မရှိသောကြောင့် မိန်းကလေးများနှင့် ပေါင်းသင်း၍ မဖြစ်သူဟု သူ့ကိုယ်သူ သတ်မှတ်ထားသူ.. ပြီးတော့ ကြည်သာ တစ်ခါမှ ရည်းစားမထားဖူးသေးပါ.. တကယ်ဆိုတော့လည်း သူ့ထက်စာလျှင် ကိုကိုကမှ ကြည်သာ့ကို နားလည်နိုင်သေးသည်.. သူသာ ဝင်မရှုပ်ခဲ့မိဘူးဆိုလျှင်.. သူသာ သူ့နှမကို အူမတိုခဲ့မိဘူးဆိုလျှင် ကိုကိုနှင့် ကြည်သာ ခုချိန်မှာ ချစ်သူရည်းစားတွေဖြစ်နေကြမည်လားမသိ.. ကြည်သာလည်း ပုံမှန်မိန်းကလေးတွေလိုပဲ ရည်းစားနှင့် ထွက်လည် ရန်ဖြစ် စိတ်ကောက် ဆိုးနွဲ့တတ်နေမည်လား.. ခုတော့ ကြည်သာက ထူးထူးဆန်းဆန်းတွေတွေးပြီး ထူးထူးဆန်းဆန်းနေထိုင်တတ်သူ မိန်းကလေးတစ်ယောက်ဖြစ်နေသည်.. သူ့ အပြစ်တွေများလား.. ဒါမှမဟုတ် ကြည်သာ ဖတ်သော စာအုပ်များကြောင့်လား.. သူလည်း စာတော့ ဖတ်သည်ပင်.. သို့သော် သူက စာအုပ်တိုင်းကို ဖတ်ပြီး အားလုံးကိုသိရုံလောက်သာ အားထုတ်သူဖြစ်သည်.. ကြည်သာ စာဖတ်ပုံက တမျိုး.. သူက သူနှင့်အတွေးအခေါ် ခံယူချက်တူသော စာများကိုသာရွေးဖတ်တတ်လျှက် ထိုခံယူချက်များအတိုင်းသာ တရားသေနေထိုင်တတ်သူ..
စာအုပ်များအကြောင်းစဉ်းစားနေရင်း ခြေထောက်ကလည်း စာအုပ်များရောင်းသည့်စင်အနီးရောက်သွားမိသည်.. ကြည်အေးစာအုပ်တွေတွေ့တော့ သူ့ ကြည်အေးကဗျာစာအုပ်ပျောက်သွားတာ ပြန်မဝယ်ရသေးဘူးဟု သတိရသွားရင်း ပြန်ရှာရပြန်လေသည်..
_______________________
ကော်ဖီဆိုင်ပုံပြင် ၁
ကော်ဖီဆိုင်ပုံပြင် ၂
ကော်ဖီဆိုင်ပုံပြင် ၎
10 Responses to “ကော်ဖီဆိုင်ပုံပြင် (၃)”
2.
အောင်ဒီကန်, on December 10th, 2009 at 10:28 am Said:
ပေါ်တော့လာပြီ။
Edit Comment
3.
nn, on December 10th, 2009 at 10:29 am Said:
နီညန်းလေး
ကြည်အေးစာအုပ် ကိုကို့ ဆီမှာလို့  သတိပေးလိုက်ဦးး
အာကာရှာရင် ကြာနေမယ်..
ငါပဲ ရှာပေးလိုက်ပါတော့မယ်.. မ
ဟုတ်ရင် အပိုင်းတွေက ပြီးတော့မှာ မဟုတ်ဘူးးး
ဟူးးး
ခက်ပ
Edit Comment
4.
နေ့အိပ်မက်, on December 10th, 2009 at 11:19 am Said:
ဒီဇာတ်လမ်းထဲ မင်းသားဘယ်နှစ်ယောက်ပါလဲမသိ.. မချောတစ်ယောက် ကိုဆယ်ယောက်လောက်ဖြစ်မယ်ထင်တယ်..
Edit Comment
5.
NangNyi, on December 10th, 2009 at 2:54 pm Said:
hum!? နေ့အိပ်မက် .. wht make u think like that??
Edit Comment
6.
ksanchaung, on December 10th, 2009 at 4:18 pm Said:
ကြည်အေးကဗျာစာအုပ်ပျောက်သွားတယ်တဲ့။ ဟေ့။ ဘယ်သူ ယူသွားတာလဲကွ။ ပြန်ဝယ်ပေးလိုက်လေ။
Edit Comment
7.
littlebrook, on December 11th, 2009 at 10:03 pm Said:
ကြည်အေးတစ္ဆေ၊ ဂျူးတစ္ဆေ အခြောက်ခံရသော မိန်းကလေး…
ဥပမာ မြန်မာမိန်းကလေးတွေ မတွေးတတ် မနေထိုင်တတ်တဲ့ အနေအထိုင်မျိုးတွေနဲ့ နေပြမယ့် ဇာတ်ကောင်များထွက်လာမလားမသိ
Edit Comment
8.
တီချမ်း, on December 12th, 2009 at 5:27 am Said:
ဘုရား မြောင်းကောင်က ငါ့တူမ ကိုတယ်ဆော်ထားပါလား
ဒီကောင်နာချင်ပြီ
ရေနွေးနဲ့ပက်လိုက်ရမလား
ရင်နွေး (ပူ) သွားမယ်
အော် ခုမှပဲ အခန်းဆက်ရေးတဲ့ ဘလောခ်ဂါတွေ တော်တော်အမြင်ကပ်စရာကောင်းတာ နားလည်တော့တယ်
မြန်မြန် ကိုယ့်အိမ်ကိုပြန်ပြီးရေးမှပဲ
နွမ်းလျအိမ်ပြန်လိုပဲ ဖတ်ရတာမော်လိုက်တာ
စာကြောင့်မဟုတ်
မျှော်ရလို့
ခွီး…………………………….
ဒန်တီလိုဟန်မချီဘဲ မာန်ဖီသွားသည်
Edit Comment
9.
လေတံခွန်, on December 15th, 2009 at 9:52 am Said:
မင်းသားတွေများလာပြီဟ……. မင်းသားများရင်တော့ တားနဲ့ကွိုင်တော့မှာပဲ… အဟက်အဟက်
Edit Comment
10.
မီးလေး, on December 16th, 2009 at 6:12 pm Said:
အပိုင်း ၁၊ ၂၊ ၃ သုံးခုလုံး ဖတ်သွားပါတယ်….
ဇာတ်သိမ်းမျှော်နေမယ်၊ မြန်မြန်ရေးပါဗျို့…