(၄)
ဆိုင်ထဲဝင်လိုက်တော့ ထိုကောင်လေး မျက်နှာက ပျော်ရွှင်မှုဖြင့် လင်းလက်သွားတာကို သတိထားလိုက်မိသည်.. ကြည်သာပျော်သွား၏.. အဲဒိကောင်လေး သိပ်ချစ်ဖို့ကောင်းသလိုပဲ.. ခပ်ပိန်ပိန် အသားညိုညိုဖြင့် ရော့ခ်သမားပုံစံကောင်လေး.. ကြည်သာ့ထက် အများဆုံးကြီးလျှင်တောင် ၁ နှစ်ပဲ.. ကြည်သာသူ့ကို သဘောကျနေမိပြန်သည်.. ကြည်သာ့ကို အထူးအဆန်းဖြစ်နေတတ်သည့်ကောင်လေး.. ကြည်သာပြုံးပြတာလေးကိုပင် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်တတ်သည့်ကောင်လေး.. ခင်မင်ခွင့်ရခဲ့လျှင် သူကလည်း အထူးအဆန်းတွေကြုံရသဖြင့် ပျော်ရွှင်ရမည်ဖြစ်ပြီး ကြည်သာ့အတွက်လည်း စိတ်ကိုကြည်လင်စေမှာအမှန်ပဲ.. ပြီးတော့ သူ့အသံက သဘောကျဖို့ကောင်းသည်.. သြရှရှခပ်ချိုချို.. ကြည်သာကြိုက်တတ်သော သီချင်းအမျိုးအစားများကိုလည်း ဆိုလေ့ရှိသူ.. ကြည်သာတို့ သူငယ်ချင်းကောင်းများဖြစ်နိုင်ကြမည်ထင်သည်နော်..
ကြည်သာသည် ကောင်လေးများစွာကို အလွယ်တကူသဘောကျလေ့ရှိပြီး အလွယ်တကူချစ်ခင်တတ်သူတော့ မဟုတ်.. သူငယ်ချင်းအဖြစ် ပေါင်းသင်းဖို့ ဝန်မလေးသလောက် ချစ်သူရည်းစားဆိုသည်ကို စိတ်ထဲကပင် လက်ခံလို့မရ.. ကြည်သာ ချစ်တတ်ပါသည်.. သို့သော် တစ်သက်လုံးချစ်ခင်နှစ်သက်သွားလို့ရမည့် ယောက်ျားဟူ၍ ရှာလို့မတွေ့သေး.. တကယ်တမ်းမချစ်နိုင်ဘဲနှင့် ချစ်ပါ့မည်လို့လည်း မညာချင်တော့ ကြည်သာ့အတွက် ရည်းစားဟူ၍ မရှိခဲ့သည်မှာ ဆန်းသည်တော့မဟုတ်ဘူးထင်ပါသည်.. ပြီးတော့ အပြောင်းအလဲ မြန်လှသော ကြည်သာ့စိတ်ကို နားလည်နိုင်ဖို့ သည်းခံနိုင်ဖို့လည်း ထိုယောက်ျားများအတွက် ခက်ခဲမည်မှာအမှန်.. အာကာနှင့် ကိုကိုက လွဲလို့ပေါ့လေ..
ကြည်သာ့မှာ ဖြစ်သမျှ အကြောင်းအရာနှင့် ခံစားချက်အစုံအလင်ကို အာကာ့ကိုပြောပြလေ့ရှိပြီး အာကာကလည်း နားမလည်သည့်တိုင်အောင် ခွင့်လွှတ်လိုက်လျောပေးတတ်မြဲ.. သို့သော် အမြင်ကပ်စရာကောင်းလောက်အောင်ပင် အာကာသည် ကြည်သာ့စိတ်ကို သိလျက်နှင့် လျစ်လျူရှုတတ်ပြန်သေးသည်.. ကြည်သာက တွယ်တာကြင်နာသလောက် ကြည်သာ့ကို ချစ်ခင်ယုယမှု မပြတတ်သူ.. ကြည်သာက ဆိုးနွဲ့ချင်သလောက် သူက အလိုလိုက်ခြင်းမရှိတတ်သူ.. ကိုကိုကတော့ အကြောင်းအရာတိုင်းကို မပြောပြပေမယ့် ကြည်သာ့ အပြုအမူလေးတစ်ခု၊ ကြည်သာ့စကားလေးတစ်ခွန်းနှင့်ပင် ကြည်သာ့စိတ်ကို မှန်းဆနားလည်နိုင်သူ.. ပြီးတော့ ကြည်သာ့ အနွံတာကိုလည်း အခံဆုံးလူတစ်ယောက်ဖြစ်လိမ့်မည်.. ဒါပေမယ့် ကိုကို့ဆီက ကြည်သာလိုချင်သည်မှာ ထိုအရာများမဟုတ်ခဲ့ပါ..
အနေအထိုင် အေးဆေးတည်ငြိမ်ပြီး ထူးချွန်ထက်မြက်သော ကိုကို့ဆီမှ ဦးဆောင်လမ်းပြမှုများကို ကြည်သာမျှော်လင့်ခဲ့သည်.. မှားနေလျှင် တားမြစ်စေချင်သည်.. မှန်တာကို ပြောပြပေးစေချင်သည်.. ကြည်သာ့ကို လွှမ်းမိုးချုပ်ကိုင်မှာကို လိုလားခဲ့သော်လည်း ကိုကိုကတော့ “ကြည်သာ့ သဘောပဲလေ”လို့သာ အမြဲပြောလေ့ရှိခဲ့တော့ ကြည်သာ စိတ်ပျက်မိတာတော့ အမှန်ပါပဲ.. တခြားကိစ္စတွေမှာ တည်ငြိမ်ပြတ်သားလှသော ကိုကိုသည် ကြည်သာနှင့်ပတ်သက်လျှင် ဘယ်တော့မှ ပြတ်သားသောဆုံးဖြတ်ချက်မရှိခဲ့.. ကြည်သာ့ စိတ်ကြိုက်သာလုပ်.. ဖြစ်လာသမျှ အကောင်းအကျိုး အကောင်းအဆိုးတိုင်းကို လက်သင့်ခံမည်ဟူသော ပုံစံဖြင့်သာ ကိုကိုနေထိုင်ခဲ့သည်.. နောက်ဆုံး ပြောရမည်ဆိုလျှင် ကြည်သာ့အပေါ်မှာ ထားသောစိတ်သဘောကိုတောင် ပွင့်လင်းစွာ ပြောပြဖို့ နှုတ်နှေးခဲ့သူ မဟုတ်လား..
ပိုက်ဆံရှင်း၍ ကော်ဖီခွက်ကိုယူပြီး လှည့်အထွက်မှာ ကောင်တာထောင့်နားမှာထိုင်နေသော ကောင်လေးကို တစ်ချက်ပြုံးပြလိုက်မိပြန်သည်.. သူကလည်း ထုံးစံအတိုင်း လက်တစ်ဖက်သာအသာမြှောက်ပြ၏.. မျက်လုံးများ တောက်ပပျော်မြူးလျက်.. အပြုံးက ရွှင်လန်းချိုမြလျက်.. အပြစ်ကင်းစင်စွာ ချစ်ဖို့ကောင်းနေသလိုပဲ.. ထိုကောင်လေးမျိုးနှင့် ချစ်သူရည်းစားဖြစ်ရလျှင်လည်း ကြည်သာ စိတ်ရှုပ်ရဦးမည်ထင်သည်.. ကြည်သာ့အပြုအမူ အနေအထိုင် အပြောအဆိုများကို နားလည်ပေးနိုင်ဖို့ သူ့အတွက် ခက်ခဲမည်မှာအမှန်.. ကြည်သာသည် သွားချင်ပြီဆိုလည်း ဘယ်သူ့ကိုမှ စောင့်ဆိုင်းအဖော်ပြုတတ်သူမဟုတ်.. ဘယ်သူ့ကိုမှ ပြောဆိုခွင့်တောင်းနေတတ်သူမဟုတ်.. တော်ကြာ ရည်းစားဖြစ်ပြီးမှ တစ်ယောက်ထဲ လုပ်ချင်ရာတွေ စိတ်ကူးတည့်သလိုလုပ်နေမိလျှင် ပြဿနာတက်ကြရဦးမည်.. ပြီးတော့ ကြည်သာသည် စကားများ ရန်ဖြစ်တတ်သူလည်းမဟုတ်ချေ.. အထင်လွဲမှားနေမှုများကို ချက်ကျလက်ကျ ချေပပြောဆိုတတ်သူလည်းမဟုတ်ဘဲ ထင်သည့်လူက ထင်ချင်ရာထင်ပြီး ကြည်သာကလည်း လုပ်ချင်ရာလုပ်နေတတ်သူသာဖြစ်သည်..
“ကြည်သာ အဲလို ထင်ရာတွေလျှောက်လုပ်နေရင် တစ်နေ့ဒုက္ခတွေ့လိမ့်မယ်”.. တစ်ယောက်ထဲ ထောက်ကြံ့ဘက်ကို ကားမောင်းသွားပြီး ဖရဲသီးတွေဝယ်စားခဲ့သောနေ့က အိမ်ပြန်ရောက်တော့ မေမေက ထိုသို့ ဆူပြောခဲ့ဖူးသည်.. မေမေဆူသည်ကို ကြည်သာ မငိုခဲ့ချေ.. ဖရဲသီးတွေအများကြီးကို စိတ်ထင်တိုင်းစားလာသဖြင့် ဗိုက်ထဲပြည့်အင့်နေတာတစ်ခုသာ ခံစားလို့ရနေသည်.. မထုံတက်တေးနှင့် သမီးငယ်ကို မေမေနှင့်ဖေဖေ စိတ်ပျက်စွာ ကားပေးမမောင်းတော့ဘူးဟု ပိတ်ပင်ပြန်တော့လည်း ဘယ်လိုမှ မခံစားရ.. လုပ်ချင်ရာလုပ်လာပြီးသဖြင့် ကျေနပ်ခြင်းသာ စိတ်မှာရှိနေသည်.. အာကာကတော့ “ဘာကိစ္စ အဲ့အထိ အဲ့လိုတွေသွားလုပ်နေရတာလဲ”ဟု မေးခဲ့သေးသည်.. တကယ်တော့ ဘာရယ်မှမဟုတ်ဘဲ စိတ်ကူးပေါက်သလို လုပ်ခဲ့ခြင်းသာဖြစ်သည်.. “ပျော်စရာကောင်းလား နောက်တစ်ခါ ငါနဲ့သွားကြမယ်ဟာ”တဲ့..
လှိုင်ဦးမော်သီချင်းကိုဆိုသံကြားတော့ ဘယ်လိုမှ မနေနိုင်ဘဲ စာဖတ်နေရာမှ ကောင်လေးကို မော့ကြည့်မိပြန်၏.. သူနှင့်ကြည်သာ နှစ်သက်သောသီချင်းများလည်း တူလွန်းလှသည်.. စည်သူနဲ့လိုပဲ.. ဒီကောင်လေးကတော့ စာဖတ်ရဲ့လားမသိ.. စည်သူကတော့ စာတွေလည်း အတော်များများဖတ်ပြီး အငြင်းအခုန်လည်း သန်လှသည်.. ဒုတိယနှစ်မှာ အာကာ ရည်းစား စထားတော့ ကြည်သာက စည်သူနှင့်ခင်ကာစ.. အဲ့ဒိတုန်းက စည်သူ့ကို သဘောကျခဲ့မိသေးသည်ထင်သည်.. သိပ်တော့မမှတ်မိတော့.. ကြည်သာသည် လူများစွာကို သဘောကျလိုက် မေ့လွယ်လိုက်နှင့်တစ်သက်လုံးနေလာသူမို့ စည်သူ့ကိုလည်း သဘောတော့ကျခဲ့ဦးမှာအမှန်ပင်.. ရင်ခုန်ပျော်ရွှင်ခြင်းတော့ မရှိခဲ့တာသေချာ၏.. ကမ္ဘာပေါ်မှာ ကြည်သာရင်ခုန်မက်မောရသူဟူ၍ တစ်ခါမှမကြုံဖူးသေး..
တံခါးမှ တောင်ကနဲ အသံလေးကြားလိုက်ရသည်..
အာကာလာပြီ.. မျက်မှောင်ကြီးကုပ်လျက် စူပုတ်နေတော့ ကားရပ်စရာနေရာရှာမတွေ့ပြန်ဘူးထင်သည်ဟု တွေးပြီး ကမန်းကတန်း လွယ်အိတ်ဆွဲကာ ထရ၏.. “နောက်နင် ဒီကော်ဖီဆိုင်မှာ မထိုင်နဲ့”လို့ ဆီးကြို ဘုတောပြန်တော့လည်း ကြည်သာပါ ဒေါသထွက်ရင်း ပြန်လှန်ရန်ဖြစ်မိသေးသည်.. အာကာသည် ဒေါသထွက်လာလျှင် ဘာကိုမှ သိပ်ပြီးမစဉ်းစားနိုင်တော့ဘဲ ပြောချင်ရာပြောတတ်သည့်အကျင့်ရှိနေတာ စိတ်ပျက်မိသည်.. ကိုကိုနှင့် ရန်ဖြစ်တုန်းကလိုပေါ့.. ကိုကိုက တစ်သက်လုံးမောင်နှမလို ခင်မင်လာသည့် သံယောဇဉ်ကို အလွဲသုံးစားလုပ်ပြီး ကြည်သာ့ကို ချဉ်းကပ်သည်ဟု သူထင်မြင်ခဲ့တာ.. အဲဒါကြောင့်လည်း “အခွင့်ရေးသမား”လို့ ကိုကို့ကို သူပြောခဲ့မိသည်ဟု ကြည်သာ့ဆီမှာ ဝန်ခံခဲ့ဖူးသည်.. ကိုကို ကြည်သာ့ကို ရုတ်တရက်ကြီး ရှောင်ဖယ်ကာ အိမ်ပြောင်းကြဖို့ စီစဉ်သည်ကို နားမလည်အံ့သြနေခဲ့သော ကြည်သာသည် အာကာထိုအကြောင်းများ ပြောလာတော့မှ အားလုံးကို သဘောပေါက်ခဲ့ရသည်.. ကိုကို သိပ်နာသွားမည်ထင်ပါသည်.. အိမ်ပြောင်းပြီးနောက်လည်း ကြီးမေကသာ ကြည်သာတို့ဆီ အဆက်အသွယ်လုပ်ပြီး ကိုကို့အသံကိုပင် မကြားခဲ့ရ.. အာကာကတော့ သူပြောမိသမျှကို အားနာမျက်နှာပူကာ အဆက်အသွယ်မလုပ်ဘဲနေခဲ့ပြီး ကြည်သာကလည်း တကူးတက ဖုန်းဆက်စကားပြောဆိုတတ်သည့် အကျင့်မရှိသူမို့ ဖာသိဖာသာပင် အနေဝေးခဲ့ရသည်..
“နင်ထွက်သွားရင် ကိုကိုနဲ့ တွေ့မလားမပြောတတ်ဘူး.. ငါ ကားရပ်ထားတဲ့နားက ဆိုင်တစ်ခုမှာ သူ့ကို ခုပဲမြင်ခဲ့တယ်” လို့ အာကာကပြောတော့ စိတ်ထဲ အံ့သြသွားမိသည်.. ဒီနေ့ ကိုကိုနှင့် တွေ့ဖြစ်မှာမို့များ ကိုကို့အကြောင်းတွေ တွေးမိနေသည်လားမပြောတတ်.. ကော်ဖီဆိုင်ကထွက်တော့ လမ်းမှာ ကိုကိုနှင့် တကယ်ပင် ဆုံလေသည်.. အာကာမပါဘူးလားလို့ပင် ကိုကိုက မမေး.. “ကြည်သာ့အလုပ်တွေ အဆင်ပြေလား”တဲ့.. ကိုကိုသည် ထုံးစံအတိုင်း စိတ်ထဲရှိသည်ကို မပြောဘဲ ကွေ့ဝိုက်လျက် အပိုစကားတွေကို လျှောက်ပြောနေ၏.. ကြည်သာကလည်း တမင်ပင် စကားမဟုတ်သည်များကို စကားလုပ်လျက်ပြောနေပြန်တော့ “ကြည်သာဘယ်တော့မှ လူကြီးမဖြစ်တော့ဘူးလား”လို့ မေးနေပြန်သေးသည်.. ကြည်သာက လှောင်သလို ရယ်ပြန်တော့လည်း ကိုကို့ မျက်နှာမကောင်းလှသည်မို့ စိတ်ထဲရှိသလောက်လည်း မလှောင်ရက်ပြန်တော့ချေ..
အိမ်လိုက်ပို့ပေးမယ်လို့ ပြောလာတာကို ငြင်းလိုက်တော့ နောက်ထပ်လည်း ဆက်မတောင်းဆိုတော့ဘဲ စိတ်မကောင်းသည်ကို ဟန်ဆောင်ပြုံးရယ်ရင်း “ကိုကို့ကို အရင်လို မခင်တော့လို့ ငြင်းပဲငြင်းနေတာလား ကြည်သာ”လို့ ပြောနေပြန်သည်.. တကယ့်ကို ကိုကိုအစစ်ပါပဲ.. ကြည်သာ့ကိုဆိုလျှင် ဘယ်တော့မှ အတင်းအကျပ် တိုက်တွန်းတာ ပြောဆိုတာ တောင်းဆိုတာမရှိခဲ့စဖူး.. တကယ်ဆိုရင် “ကိုကိုလိုက်ပို့ပါ့မယ်”လို့ အတင်းအကျပ်ပြောလာခဲ့ရင် အာကာပါတယ်ဆိုတာကိုလည်း ပြောပြမိမှာပဲ.. အဲဒီလိုဆို အခြေအနေက တမျိုးတဖုံပြောင်းသွားမလားမသိဘူးနော်.. ခုတော့ ကိစ္စရှိရင်သွားလေလို့ နှင်လိုက်တော့လည်း “အေးကွာ နောက်မှတွေ့တာပေါ့”လို့သာ နှုတ်ဆက်လျက် ခပ်လောလောထွက်သွားခဲ့သည်.. ကိုကို တော်တော် အ,သည်ဟု တွေးမိ၏.. ကိုကို့ကို တော်လိုက်တာ.. ထက်လိုက်တာလို့ လူကြီးတွေက ချီးကျူးကြတာကို ပြန်တွေးမိတော့ ရယ်ချင်မိသည်.. မဟုတ်တာပဲနော်..
အိမ်ကိုပြန်သည့် လမ်းတလျှောက်လုံး အာကာက ဘာစကားတစ်ခွန်းမှမပြော.. ကြည်သာကလည်း ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေမိတော့ သူတို့ကားလေးသည် အရင်ညနေတွေလို ပျော်စရာလည်းမကောင်းတော့ချေ.. အိမ်ရှေ့တွင်ကားရပ်ပြီးမှ အာကာက မေးသည်.. “ကိုကိုက ဘာတဲ့လဲ”.. ဘာတဲ့ရမှာလဲ.. ဘာများတဲ့နိုင်ဦးမှာလဲ.. ကိုကို အမှတ်သည်းချေသိပ်ကြီးတာ အာကာမသိဘူးမှမဟုတ်တာ.. အာကာ မူးလို့ပြောမိတဲ့ စကားလေးတစ်ခွန်းကိုပင် အတည်ယူလျက် အနာကြီးနာပြီး အဝေးကိုထွက်သွားခဲ့သူမဟုတ်လား.. ခုမှ ပြန်တွေ့ကြတာ သူက ဘာများပြောနိုင်မှာမို့လဲနော်.. တခါတလေတော့လည်း ကြည်သာ့ကို နားမလည်သူ ကြည်သာ့ကို အလိုမလိုက်တတ်သူ ကြည်သာ့သဘောထားကို နားမလည်သူများကိုချည်းကြုံရသောအခါ အနွံတာခံလွန်းသော ကိုကိုနှင့် ဝေးကွာအောင်လုပ်ခဲ့သူ အာကာ့ကို စိတ်ဆိုးမိသည်.. ကိုကို ကြည်သာ့ကို ချစ်သည်ဆိုတာကို အာကာ သဘောမကျတာလည်း မဟုတ်ပါဘဲနဲ့ တမင်စိတ်ထဲမပါသော စကားကိုပြောမိသောကြောင့် ကိုကိုနှင့် ဝေးရတာလို့ စွပ်စွဲရန်ဖြစ်ချင်မိ၏.. ဒါပေမယ့် ရန်စကားတွေ မပြောတတ်သူမို့ “ဒီလိုပါပဲ.. နောက်မှလာလည်ဦးမယ်ပြောတယ်”ဟု ဖြေပြီး ကားပေါ်ကဆင်းခဲ့သည်..
ညဘက်မှာ ကြည်သာပုံဆွဲနေတုန်း အာကာ အနားရောက်လာပြန်၏.. “ငါ မှားသွားတာ”လို့ တောင်းပန်ပြန်သည်.. တကယ်ဆိုရင် ကိုကို့ကိုသာ သွားတောင်းပန်ရမည်မဟုတ်လား.. ကြည်သာ့ကို ပြောစရာအကြောင်းဘာမှမရှိချေ.. “ငါ ဘာမှမဖြစ်ပါဘူး”လို့သာပြန်ပြောဖြစ်၏.. ထိုစဉ်ပင် တယ်လီဖုန်းမြည်သံကြားရခြင်းဖြစ်သည်.. ည ၁၀ နာရီကျော်နေပြီ.. ဖုန်းကို မေမေကိုင်၏.. “အမလေး ကြားသားမိုးကြိုးတော်”လို့ အံ့အံ့သြသြ ပျော်ပျော်ရွှင်ရွှင် ရေရွတ်လိုက်သံက ခပ်ကျယ်ကျယ်မို့ အခန်းထဲထိ ကြားလိုက်ရတော့ ကြည်သာနှင့် အာကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်.. သိပ်မကြာလိုက်ပါ.. “အာကာ.. လာဦး.. မင်း ကိုကိုဖုန်းဆက်တာ”ဟု အော်ခေါ်သဖြင့် အာကာအခန်းထဲက ထွက်သွားသည်.. ပုံလည်း ဆက်မဆွဲဖြစ်တော့ဘဲ ကိုကိုနှင့် အာကာ ပြောလို့ဆိုလို့ အဆင်ပြေပါစေလို့ ဆုတောင်းနေမိ၏.. ဘာကြောင့် ကြည်သာ့ကိုအရင်မခေါ်သလဲမသိ..
စည်သူနှင့် လောင်းထားတာကို သွားသတိရမိပြန်သည်.. ကြည်သာတို့မောင်နှမ ကိုကိုနှင့် တသက်လုံး စိမ်းကားပြတ်တောက်စွာ နေသွားရတော့မည်ထင်သည်ဟု ကြည်သာကပြောတော့.. “မဖြစ်နိုင်ပါဘူး နင်တို့ ပြန်ပြီးပေါင်းမိကြဦးမှာ လောင်းမလား”လို့ စည်သူက ပြောခဲ့တာ.. မနက်ဖြန်တွေ့လို့ ကိုကိုဖုန်းဆက်တာကို ပြန်ပြောပြလျှင် သူ့ထုံးစံအတိုင်း အပေါ်စီးကနေ ပြုံးဦးမည်ထင်သည်.. အခန်းပြင်ကို နားစွင့်လိုက်ပြန်တော့ အာကာ့စကားသံကို စကားလုံး သဲသဲကွဲကွဲလည်း မကြားရဘဲ ရယ်သံလား ဒေါသသံလား မပြောချင်ပြောချင်အသံလားလို့လည်း ခွဲခြားလို့ မရတော့.. သူတို့ ပြောဆို၍ အဆင်မပြေလျှင် ကိုကိုကလည်း ကြည်သာနှင့်ပြောဦးမည်လို့ ခေါ်ခိုင်းတော့မည်မထင်.. ကိုကို့အပေါ် အရင်လိုပဲ ဆိုးခွင့်မှ ရပါဦးမလား.. ကိုကို ခုထိ ရည်းစားတော့မရှိသေးဘူးဟု ကြီးမေဆီကသိရသည်.. အာကာနှင့်ကြည်သာ့အပေါ် အရင်လိုခွင့်လွှတ်သည်းခံစိတ်မှ ရှိပါ့ဦးမလား..
“ကြည်သာ”… အခန်းပြင်မှ အာကာ့ခေါ်သံကို ကြားလိုက်ရတော့ တချက်လန့်သွားသေးသည်.. ထွက်သွားလိုက်တော့ အာကာက ဖုန်းခွက်ကို မြှောက်လျက်လှုပ်ခါပြသည်.. မျက်နှာထားက ခပ်တည်တည်.. မပြောင်းမလဲ.. ကြည်သာဖုန်းကိုယူလိုက်သော်လည်း သူက အနားမှထွက်မသွားဘဲ နံရံကိုမှီလျက်ရပ်ကြည့်နေသည်.. ကြည်သာ့စိတ်ထဲ ဇဝေဇဝါဖြစ်ကာ စဉ်းစားရလည်းခက်သွားသည်.. ဘာလဲ.. ပြေလည်သည်လား.. မပြေလည်ဘူးလား.. “ညီမလေး.. မနက်ကျရင် စောစောထ.. ကိုကိုလာခေါ်မယ်.. မနက်စာသွားစားရအောင်”.. ကြည်သာ့အသံကြားကြားချင်း ကိုကိုက ထိုသို့ပြောလိုက်တော့ ပျော်ရမည်လားဘာလား မသိဘဲ ရင်ခုန်သွားလျက် အာကာ့ကို လှည့်ကြည့်မိသည်.. အာကာက အားရပါးရပြုံးရင်း ဗိုက်ကိုပွတ်ပြလိုက်တော့မှ သူတို့နှစ်ယောက်ပြေလည်သွားပြီဟု သဘောပေါက်ပြီး စိတ်လွတ်လက်ပေါ့ပါးစွာ ရယ်မိတော့သည်.. ကိုကိုလည်း ရယ်နေသည်.. အာကာကလည်းပြုံးလျက်.. ကြည်သာသည် စိတ်ရွှင်လန်းသွားကာ ဘာမှလည်းမဆိုင်ဘဲ ကော်ဖီဆိုင်က ကောင်လေး၏ အပြုံးကို သတိရသွားမိ၏.. ကိုကို့ကို အဲဒိ ကောင်လေးအကြောင်း ပြောပြရဦးမည်.. နာမည်လည်း မသိသေးဘူး.. မနက်ဖြန်ညနေတော့ စကားပြောမိတ်ဆက်ခြင်းကို ဖြစ်အောင်လုပ်မည်ဟု တေးမှတ်ထားရင်း ထပ်ခါထပ်ခါရယ်နေမိပြန်လေသည်.. …
နန်းညီ
(၁၂.၁၂.၂၀၀၉)
_______________________
ဒါကို ဒီမှာပဲ ပြီးပြီလို့ ထားလိုက်တော့ .. သူငယ်ချင်းတွေက ပြောတယ်.. ပြီးလို့ မရသေးဘူး.. စည်သူ ကျန်သေးတယ်တဲ့.. ဟုတ်တယ်.. ဖြစ်နိုင်ရင် ကြည်အေးရဲ့ မြနန္ဒာလို အရှည်ကြီး ကာရိုက်တာတွေဖော်ပြီး ရေးချင်တာ.. အဲ့ဒါနဲ့ ခု ကော်ဖီဆိုင်ပုံပြင် ၅ ကို ဆက်ရေးနေသေးတယ်.. လောလောဆယ်တော့ ၄ ထိပဲ တပိုင်းပြီးတယ်ရယ်လို့ သတ်မှတ်ထားကြစို့.. =)
ကော်ဖီဆိုင်ပုံပြင် ၁
ကော်ဖီဆိုင်ပုံပြင် ၂
ကော်ဖီဆိုင်ပုံပြင် ၃
10 Responses to “ကော်ဖီဆိုင်ပုံပြင် (၄)”
1.
နေ့အိပ်မက်, on December 12th, 2009 at 6:50 pm Said:
အာကာ၊ ကိုကို၊ အဆိုတော်… ခု.. စည်သူ… ဟုတ်တော့ ဟုတ်နေပါပြီ…
Edit Comment
2.
အိမ်, on December 12th, 2009 at 7:22 pm Said:
ဘယ်သူ့ကြိုက်တာလဲ..ဟင်
Edit Comment
3.
ဟိန်းဇော်, on December 12th, 2009 at 8:11 pm Said:
အပိုင်း (၅) မြန်မြန်လေးတင်ပေးပါဗျို့
Edit Comment
4.
သိင်္ဂါကျော်, on December 12th, 2009 at 8:43 pm Said:
ဘယ်သူနဲ့ အဆင်ပြေမလဲ တောင် မမှန်းတတ်တော့ပါဘူး…
Edit Comment
5.
kom, on December 13th, 2009 at 7:33 am Said:
ဇတ်ကောင်တွေများတယ။်
Edit Comment
6.
kom, on December 13th, 2009 at 7:33 am Said:
ခေါင်းတွေထူနေပြီ
Edit Comment
7.
NangNyi, on December 14th, 2009 at 10:07 am Said:
Zကောင်များတာ ဟုတ်ဖူး.. တပိုင်းကို တစ်ယောက်စီဘက်က အမြင်ပုံစံနဲ့ ရေးလို့ အဲလိုဖြစ်သွားတာ.. အဟီး…
Edit Comment
8.
nn, on December 14th, 2009 at 12:06 pm Said:
မူးနောက်နေတာပဲအေ..
Edit Comment
10.
လေတံခွန်, on December 15th, 2009 at 10:10 am Said:
အဟွန့် နောက်တစ်ခုရောက်ဖို့ နောက်တစ်ခါ ကလစ်ရဦးမယ်…… နံပါတ်၅ သို့ဆိုပြီး လင့်ပေးထားပါလားဗျာ………. ၁ ၂ ၃ တို့လိုမျိုးလေ…..
1.
nn, on December 14th, 2009 at 2:48 pm Said:
ဒေါက်
တံခါးခေါက်တာ မဟုတ်ဘူးးး
နီညန်းလေးကို ခေါင်းခေါက်တာ…
ဟွင်းးးးး
Edit Comment
2.
နေ့အိပ်မက်, on December 14th, 2009 at 3:26 pm Said:
ခွိ.. နေ့အိပ်မက်ပြောမှာကြောက်လို့လားမသိ… မင်းသားအသစ်မပေါ်လာတော့ဘူး
Edit Comment
3.
loverstar, on December 14th, 2009 at 11:22 pm Said:
ကောင်းပါတယ်..စိတ်ဝင်စားဖို့ …ဆက်ရေးပါဦး…အားပေးပါတယ်
Edit Comment
Edit Comment
5.
လေတံခွန်, on December 15th, 2009 at 10:18 am Said:
ဆက်ရန်မရှိတော့ဘူးလားဗျ…………. ဆက်ရန်မရှိဆိုလျှင်တော့ ဒီမှာပဲ ဇာတ်သိမ်းပြီး ကိုယ့်ဘာသာဆက်တွေးလိုက်တော့မယ်….. ဟီးဟီး
Edit Comment
6.
NangNyi, on December 15th, 2009 at 10:19 am Said:
မရှိတော့ဘူးလေ.. ဒါ ဇာတ်သိမ်းပဲ
Edit Comment
7.
littlebrook, on December 15th, 2009 at 10:25 pm Said:
LB ကို ဘာပြောသွားတုန်း … အဲ့ဟာပြန်ပြောမယ် … ရေးပုံအဆန်း
Edit Comment
8.
မီးလေး, on December 16th, 2009 at 5:51 pm Said:
ညီညီရေ ရေးထားတာလေး ကောင်းတယ်…
ဒါနဲ့ ဘီလို ဇာတ်သိမ်းသွားလဲဟင်…
ဆက်ရေးပါ… အားပေးလျက်
Edit Comment
9.
ksy, on December 17th, 2009 at 2:10 pm Said:
ဒီ ကြည်သာဆိုတဲ့ကလေးမ တကယ်ခက်တာပဲ။ ကိုကို့ကို ချစ်နေရဲ့သားနဲ့ သူ့ကိုယ်သူ မသိဘူးလား။ အလကားနေ ကော်ဖီဆိုင်ကကောင်ကို သွားမိတ်ဆက်ဦးမတဲ့။
ငါ့နှယ်နော်။ အခန်းဆက်ဆိုလို့ အားရပါးရရှိမလားမှတ်ပါတယ်။ ၅ ပိုင်းထဲ။
Edit Comment
10.
NangNyi, on December 17th, 2009 at 2:21 pm Said:
ksy>> အဲလောက်အားမပေးပါနဲ့ဟာ
Edit Comment
11.
yusan, on December 18th, 2009 at 4:39 pm Said:
တိုတိုလေးရယ်
ငါ့နှယ် တကူးတကကြီး ကြိုးစားပမ်းစားဖတ်လိုက်ရတာ
ပြန်လျော်ပေးဟ
Edit Comment
12.
jr.လွင်ဦး, on December 20th, 2009 at 5:54 pm Said:
ညီရေ.. ခုမှ ခရီးကပြန်ရောက်လို့။
ငါးပိုင်းလုံးသေချာ အချိန်ပေးပြီး ဖတ်သွားပါတယ်။
လောကမှာ ခိုင်ပါတယ်ထင်တဲ့ သံယောဇဉ်တွေကို စိတ်လှုပ်ရှားမှုပေးတဲ့ အရာတွေက အနိုင်ယူသွားတာလဲ တကယ့်ကို ရှိပါတယ်။ သံယောဇဉ်ဆိုတာက သိပ်ကို ရိုးလွန်းတယ်လေ။ လူတွေက သိပ်မကြိုက်ကြဘူးရယ်။
ရေးပုံအဆန်းမဟုတ်ဘူး..
for me .. ရေးပုံအကောင်း ..း)
Edit Comment
13.
NangNyi, on December 21st, 2009 at 2:00 pm Said:
^HZ: အဲ့ဒီဇာတ်သိမ်းက အဲ့နားမှာ သိမ်းချင်လို့ကို သိမ်းထားတာလား ဒါမှမဟုတ် ဆက်မရေးချင်တော့လို့ သိမ်းလိုက်တာလား
me: အဲ့နားမှာ သိမ်းချင်လို့ ဆက်မရေးတာ
^HZ: ဆက်သင့်တာ…
စည်သူရဲ့ နေရာက ဒီလောက်တင်မဖြစ်သင့်ဘူး …
ဒီ့ထက်ပီပြင်သင့်တာ သူ့နေရာကဒီလောက်ရပ်ရမယ့်နေရာမဟုတ်ဘူး..
ရေးဟန် ဂျူး ရေးဟန်နဲ့တူနေတယ် …တင်ပြပုံကောင်း၏ … Time&Space နဲ့ ဇာတ်ကွက်နဲ့အံဝင်ခွင်ကျပဲ လေးနဲ့ငါးမှာ ကစားသွားတာ ထင်တာပဲ .. ဇာတ်ကောင်ထားတဲ့နေရာမှာ စည်သူ့နေရာက မှိန်နေတယ် … နောက် ကော်ဖီဆိုင်က ကောင်လေးရဲ့နေရာမှိန်နေတယ် ဒီလောက်လေးတင်ရပ်မှာဆိုရင်တော့ ဒီလောက်နဲ့ပဲကောင်းပါတယ် မဟုတ်ရင်ရှည်သွားမှာကိုး.. အရှည်ဖြစ်အောင် ချ ပါလား
ခင်းထားတဲ့ ဇာတ်အိမ်အရဆို … ဇာတ်ကွက် သိပ်ထပ်ထည့်စရာမလိုပဲ အရှည်ဖြစ်သွားမှာ
me: ကာရိုက်တာတွေ ဖော်ရမှာ
^HZ: အင်း ဖော်ပေးလိုက်လေ မလိုတဲ့သူအတွက်ဖော်စရာမှမလိုတာ
ဥပမာ ကြည်သာဆို ကာရိုက်တာဖော်ပေးစရာမလိုဖူး
ကျန်တဲ့သူတွေကို ဖော်ရင်းနဲ့ ပေါ်လာမှာ
သူ့ကာရိုက်တာက
မူးနောက်နေတာပဲ ဖတ်တော့ကောင်းတယ် နညပဲ မြင်နေတာတော့ ဖျောက်မရဘူးအေ
[...] ကော်ဖီဆိုင်ပုံပြင် ၂ ကော်ဖီဆိုင်ပုံပြင် ၃ ကော်ဖီဆိုင်ပုံပြင် ၄ [...]
ဇာတ်ကောင်များပေမဲ့ သူ့နေရာနဲ့သူ သိုသိုသိပ်သိပ်နဲ့ အဆုံးနားထိ ဖတ်ချင်အောင် ဆွဲဆောင်သွားတယ်။ နောက်အပိုင်း တွေ မျှော်နေမယ်နော်။
များလား.. ၄ ယောက်ထဲရယ်ပါ.. ဟီးဟီး..
အဲ အဲ အရေးအသားနည်းနည်းလွဲသွားတယ် ဇာတ်ကောင်ကမများပါဘူး အစိကရေးချင်တာက စရိုက်ကိုပေါ်လွင်အောင်ရေးနိုင်တယ်ဆိုပြီး ချီးကျူးချင်တာ