Sep 132011
 

♫♪ ကျမရဲ့ဖြစ်ပုံ ~~ ဖြစ်ပုံ အဆန်းစုံ.. ပွဲဈေးတန်းလျှောက်မိတော့ မောင်ကြီးနဲ့ ဆုံသလေတော့ ♫♪

ဆိုတဲ့ သီချင်းလေးကို ခုတလော တော်တော်သဘောကျနေမိပါတယ်.. ပွဲဈေးတန်းတစ်ခုမှာ ကာလသားလူပျိုနဲ့တွေ့ပီး စိတ်လှုပ်ရှား ရင်ခုန်လာတဲ့ အပျိုမလေး တစ်ယောက်အကြောင်းလို့ပဲ ပြောရမှာပေါ့.. မြင်မြင်ချင်းကို သူ သဘောကျသွားတယ်ဆိုတဲ့အကြောင်းကို ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြသွားတာလေးက ချစ်စရာလည်းကောင်းနေသလိုပဲ..

♫♪ မြင်မြင်ချင်းအသိ မောင်ကြီးအကြည့် ကလိနေပုံ .. ပျိုလေးမိ ရွှေဘဝင် တသိမ့်သိမ့် ရှိုက်လို့တုန်.. မြန်လှချည်ရဲ့.. ချစ်မိတဲ့ ချစ်အာရုံ ♫♪

နောက်တော့ သူ သဘောကျတဲ့ ကာလသားကို အိမ်အလည်ခေါ်တဲ့အခါ .. သူတို့ အိမ်ရဲ့ ကြွယ်ဝပုံတွေ စည်းကမ်းကြီးပုံတွေ လုံခြုံပုံတွေကိုလည်း မသိမသာလေး ပြောသွားတယ်.. တောသူပေမယ့် စကားလည်း ကြွယ်တဲ့ကလေးမ ဖြစ်ပါလိမ့်မယ်..

♫♪နုထွားပျိုမေလုံ သူ့ အသည်းမှာ စွဲနေပါသတဲ့.. သည်းလိုက်တဲ့ ဖြစ်ပုံ.. ဆုံချင်ကြုံချင် လိုက်ခဲ့ပါလား ဖိတ်ခေါ်ပါရဲ့ ယုံ.. လူညိုယဉ်အကို လိုက်လို့လာမလား ကျမတို့ ရွာမြစ်ဆုံ ♫♪

သူတို့ခေတ်က ညအခါတွေမှာ မိန်းမပျိုတွေက ဗိုင်းငင်ရင်း ချည်ရစ်ရင်း အိမ်တလင်းပြင်မှာရှိတဲ့ ကွပ်ပျစ်ကြီးပေါ်မှာ ဝိုင်းဖွဲ့ စကားပြောတဲ့အခါ ကာလသားတွေက ကိုယ်သဘောကျတဲ့ မိန်းကလေးရှိတဲ့အိမ်တွေကို အလည်သွား အခါးရည်သောက် စကားစမြည်ပြောတဲ့ နည်းနဲ့ နောက်ပိုးကြတယ်လို့ စာတွေထဲမှာ ဖတ်ဖူးတယ်.. သိပ်မဆိုးလှဘူး.. ရှေးခေတ် တောဓလေ့က လူကြီးမိဘ မျက်စိရှေ့တင်ပဲ တွေ့ကြ ပြောဆိုကြ ချစ်ကြိုက်ကြနဲ့ ခုခေတ်လို မမြင်ကွယ်ရာ ချိန်းတွေ့တာထက်တော့ စိတ်ချရသေးတယ် ထင်တာပဲလေ.. ပြီးတော့ တရွာထဲသားချင်းတွေဆိုတော့ မိဘဘိုးဘွား ဇစ်မြစ်တွေလည်း အချင်းချင်းသိကြတော့ စိတ်ချရမှာပေါ့လေ..

♫♪ မြောက်ဘက်တန်းစည်းက လုံလုံခြုံခြုံ.. မြန်းခဲ့ပါတော့ တောင်ဘက်မှာလည်း ဆပ်သဖူးရုံရှင့်…
စပါးရွှေဝါ တောင်လိုပုံ ဆီကိုရေချိုး ဆေးရိုးမီးလှုံ .. ဆေးရိုးမီးလှုံ ..
ဖိတ်လိုသာ ဖိတ်ရ စိတ်ကတော့ သိပ်မလုံပါရှင့်.. မောင်ကြီးလာမယ့်လမ်း မျှော်မှန်း ပျိုလေး ချစ်အာရုံ ♫♪

သူ့ကို သဘောကျတယ်လည်း ပြောသွားတော့ အိမ်ကိုလာလည်ဖို့ အရဲစွန့် ဖိတ်ပေမယ့် မလာမှာလည်းစိုးလို့ တမျှော်မျှော် ဖြစ်နေတဲ့ ကောင်မလေးရဲ့ ပုံစံလေးက မြင်ယောင်မိတော့ တော်တော်လေး ချစ်ဖို့ကောင်း သဘောကျဖို့ ကောင်းနေသလိုပဲ.. လူကြီးသူမတွေကတော့ အမြင်ကပ်မျက်စောင်းထိုးကောင်း ထိုးနေမှာပေါ့လေ..

သီချင်းကို mp3 လိုချင်ရင်  ဒီမှာ ဒေါင်းလို့ရတယ်.. ဒါက စာသားနဲ့ ကြည့်ချင်ရင် youtube မှာ ရှာတွေ့တာပါ.. မြို့မနှစ်ပတ်လည် စတိတ်ရှိုးမှာ မို့မို့ဇော်ဝင်းက ပြန်ဆိုထားတာ.. မြို့မရှိုးက သီချင်းတွေ တော်တော်များများကို ကြိုက်မိတယ်.. “မပြီးသေးသော ပန်းချီကား” တို့.. ဖိုးသောကြာ ပြန်ဆိုထားတဲ့ “ပန်းတွေနဲ့ဝေ” တို့က အစ.. အကုန်လုံးနီးပါးပါပဲ.. ဒါပေမယ့် လတ်တလောတွေမှာ မအိမ်ကံလည်း ဖတ်ထားလို့လားမသိ.. ဒါလေးကို အာရုံရနေလို့ ဒါလေးပြန်ဝေမျှလိုက်တာ..

မို့မို့ဇော်ဝင်းအသံနဲ့လည်း လိုက်တယ်.. အသံ ပီပီသသ.. ရိုးရိုးသားသားအသံလေး.. စိတ်ဝင်စားရင် နားထောင်ကြည့်ကြပါဦး.. မြင်လည်းမြင်ယောင်ကြည့်ကြဦးနော်..

Peace to All !!

  One Response to “ချစ်အာရုံ”

  1. Nyi, your post really match with “Ma Eain Kan”. Nice idea and writing.

    I love it.

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>