Sep 202011
 

“မအိပ်သေးဘူးလား ချစ်ရယ်”

မန်ကျည်းပင်လေးသည် ညနက်နက်အထိ ကွန်ပျူတာရှေ့၌ အလုပ်ရှုပ်လျက်ရှိသော သူ၏ဇနီးဖြစ်သူ တမာပင်လေးကို နောက်မှ သိုင်းဖက်လိုက်ရင်းမေးလိုက်သည်.. တမာပင်၏ရှေ့တွင်တော့ အင်တာနက်မှ လူသားမျိုးစိတ်များအကြောင်း ရှာဖွေဖတ်ရှုနေသော laptop လေးနှင့် ဗမာပြည်လူသားမျိုးစိတ်ကွဲများ အကြောင်း ရေးသားထားသည့် စာအုပ်စာတမ်းများစွာ ပြန့်ကျဲလျက်ရှိလေသည်.. တမာပင်လေးက မန်ကျည်းပင်ကို မော့ကြည့်ရင်း

“အိပ်တော့မှာပါ မောင်ရဲ့.. ဒီမှာ ဗမာလူသားမျိုးစိတ်အကြောင်းလေးတွေ လက်စသတ်နေလို့ပါ”

“ဒီတခေါက်ကွန်ဖရန့်စ်မှာလည်း ချစ် စာတမ်းတင်ဦးမလို့လား”

“တင်မယ်လေ မောင်.. ဟိုတခါ ကိုရီးယားမျိုးစိတ်တွေ များများစိုက်ကြဖို့ တိုက်တွန်းတဲ့ စာတမ်းတုန်းကလိုပဲပေါ့.. အသေးစိတ်အချက်အလက်တွေ မထည့်ဘဲ အကြမ်းဖျင်း နှိုးဆော်မှုလုပ်တဲ့သဘောမျိုးပဲ ရေးမယ်လေ.. ဒီတခေါက်ရွေးထားတဲ့ တော့ပစ်က ဗမာမျိုးစိတ်မဟုတ်လား.. သူ့မှာက ကချင်တွေ ရှမ်းတွေ ကယားတွေဆိုပြီး မျိုးစိတ်ကွဲလေးတွေက အများကြီးမောင်ရဲ့.. သူ့ကို များများစိုက်ပျိုးကြရင်လည်း ချစ်တို့လို အပင်တွေအတွက် အရမ်းအကျိုးရှိမှာ.. စားဖို့ရော အဝတ်ထည်အတွက်ရော.. နေစရာအိမ်အတွက်ရော.. မျက်စိပသာဒအလှအတွက်ရော သူ့မျိုးစိတ်တွေက အသုံးဝင်တယ်လေ”

စိုက်ပျိုးလူများအကြောင်းနှင့် ပတ်သက်လာလျှင် မမောနိုင်မပန်းနိုင် စိတ်ဝင်တစားရှိလှသော သူ့ချစ်ဇနီးလေးကို အသာငုံ့နမ်းရင်း မန်ကျည်းပင်က အသာအယာပြုံးနေရသည်.. စီးပွားရေးသမားဖြစ်သော သူကတော့ လူသားမျိုးစိတ်များအပေါ် စိတ်ဝင်စားမှုက တမျိုး.. မနုဿဗေဒပညာရှင်ဖြစ်သော ဇနီးသည်လိုတော့ ကမ္ဘာကြီး စိမ်းလန်းစိုပြေဖို့ ရည်ရွယ်ချက်မဟုတ်ပါ.. လူသားမျိုးစိတ်များကို စီးပွားဖြစ်စိုက်ပျိုးရန်ဖြစ်သည်.. သူ့တွင် ထောက်ကြံ့ဘက်၌ စိုက်ပျိုးရေးခြံရှိသည်.. လောင်စာအဖြစ်အသုံးပြုနိုင်သော မျိုးစိတ်များ.. စားသုံးဆီထုတ်နိုင်သော မျိုးစိတ်များနှင့် အိမ်အလှဆင်ရာတွင်အသုံးပြုသော မျိုးစိတ်များကို စိုက်ပျိုးပြီး ရောင်းချခြင်းဖြစ်၏.. ဝင်ငွေမဆိုးလှ.. သို့သော် တလောလေးက ရှားပါးသော အက်စကီးမိုးမျိုးစိတ်များကို စိုက်ပျိုးမိရာမှ ရာသီဥတုအခြေအနေကြောင့် အများအပြားသေဆုံးကုန်သဖြင့် သူ့လုပ်ငန်း အတော်လေး ထိခိုက်သွားသေးသည်..

“ခုဆိုရင် အပင်တွေက လူတွေကို မညှာမတာ ခုတ်ပြီး ပြန်အစားထိုးစိုက်ပျိုးမှုလည်း မလုပ်တော့ တောပြုန်းတာတွေ အများကြီး ဖြစ်လာနေပီမောင်ရဲ့.. အဲ့ဒီလို လူတောပြုန်းတီးမှုတွေ ဖြစ်လာရင် ရာသီဥတုတွေ ကမောက်ကမဖြစ်ပြီး ကမ္ဘာကြီး မိုးခေါင်ရေရှားလာမယ်.. ပြီးတော့ မနှစ်က မုန်တိုင်းဖြစ်လိုက်တာမှာ ချစ်တို့မြို့ကြီးက လူတွေ ဘယ်လောက်လဲပြိုပျက်ဆီးကုန်လဲ မောင်သိတယ်မဟုတ်လား.. အဲ့ဒိလို လူတွေမရှိတော့လို့ပဲ ချစ်တို့အရင်နှစ်ကထက် ရာသီဥတုဆိုးရွားလာတာလေ.. ဥတုရာသီ လူကိုမှီ ဆိုတဲ့စကားလိုပေါ့.. ဒါကြောင့် မောင့်ကိုလည်း လူတွေ စိုက်စိုက်ပြီး ရောင်းဖို့ အမြတ်ရဖို့ တခုထဲ မတွေးပါနဲ့.. ကိုယ့်အပင်သူ အပင်သားအချင်းချင်း စောင့်ရှောက်တယ်လို့ စိတ်ကလေးထားပြီး အလုပ်လုပ်ပါလို့ ချစ်က တိုက်တွန်းနေရတာပေါ့”

“ဟုတ်ပါပီ ချစ်ရယ်.. ခုလည်း မောင်က ဘယ်လိုလုပ်နေလို့လဲ.. မတရားလောဘနဲ့ မောင် လူတွေ မရောင်းဘူး မစိုက်ပါဘူးကွ.. ရာသီနဲ့လည်းမျှတပြီး မျက်စိထဲလည်း လှတဲ့ လူမျိုးစိတ်တွေ ရှာဖွေစိုက်ပြီး ရောင်းနေတာပဲမဟုတ်လား.. ချစ်ပြောတာတွေလည်း မောင်က အလွတ်တောင်ရတော့မယ်”

တမာပင်လေးက ပြုံး၍ထသွားရင်း ညအိပ်ရန် အဝတ်များကို လဲလှယ်နေလေသည်.. တမာပင်လေး ဝတ်ဆင်သော အဝတ်များကလည်း သဘာဝ လူသားများထံမှ အရေများဖြင့် ချုပ်ထားသည့် ဓာတုဆိုးဆေးမပါသော သားရည်ထည်စစ်စစ်ဖြစ်သည်.. ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ထိန်းသိမ်းရာရောက်သည်ဟူသော စိတ်ကူးဖြင့် ဝယ်ယူဝတ်ဆင်ခြင်းဖြစ်သော်လည်း ထိုသားရည်ထည်စစ်စစ်များက ဈေးကြီးလှသည်.. မန်ကျည်းပင်လေး စီးပွားအရှာကောင်း၍သာ မရွှေတမာတစ်ယောက် ထိုအဝတ်များကို ဝတ်ဆင်ရင်းဂုဏ်ယူနိုင်ခြင်း ဖြစ်လေသည်..

“ချစ် အိပ်ခါနီး ရွက်ဖျန်းအားဆေးနဲ့ အသီးအားတိုးဆေး သောက်ဖို့ မေ့နေဦးမယ်နော်”

“အင်းပါ မောင်ရယ်.. ချစ်က မမေ့တတ်ပါဘူး.. အသီးတိုးဆေး သောက်မှသာ ချစ်ဗိုက်ထဲက အပင်သေးသေးလေး အားရှိမှာကိုး.. သိပါတယ်”

“ဖုန်းလာနေတယ်ချစ်.. ချစ်ဖုန်းပဲ ဖြစ်မှာပါ.. သွားကိုင်ပါကွာ”

အိပ်ရာထဲရောက်ပြီး ဖြစ်နေသဖြင့် အပျင်းကြီးနေသော မန်ကျည်းပင်လေးက ပြောတော့ တမာပင်လေးက ဖုန်းကို အပြေးလေးသွားကိုင်သည်.. ထို့နောက် ရယ်မောဖုန်းပြောသံ ခပ်တိုးတိုးကိုကြားပြီး မကြာသေးခင် ပြန်ရောက်လာ၏..

“ဘယ်သူလဲ ချစ်”

“မေမေတို့ပါ.. တောဘက်က ဦးကြီးကုက္ကိုလ်ပင်တို့ မိသားစု ရောက်နေတယ်တဲ့.. အဲ့ဒါ သူတို့ဆီမှာ ရှားပါးတိဗက်မျိုးပင်လေးတွေပါလာလို့ ချစ်တို့များ စိုက်ဖို့လိုချင်လားလို့ လှမ်းမေးတာ.. ပြီးတော့ မောင်ကြိုက်တဲ့ တောက ဆုံကြိတ် လူသားဆီစစ်စစ်လည်း ပါတယ်တဲ့လေ”

“ကောင်းပါ့ကွာ.. ဒါဖြင့် မနက်ဖြန်သွားယူကြမယ်လေ.. အတော်ပဲ ဟိုနေ့က ဟိုကောင်သရက်ပင် ပေးထားတဲ့ ငါးမြှောင်တောင်ပိုးကလေးတွေ ရထားတာ.. လူသားဆီ မွှေးမွှေးလေး ဆမ်းပြီး စားလိုက်ရရင်တော့ကွာ”

တမာပင်လေးက မီးမှိတ်လိုက်ပြီး အိပ်ရာထဲဝင်လာသည်အထိ မန်ကျည်းပင်လေးကတော့ မျက်စိထဲမှာ ပိုးကောင်ဆီဆမ်း ပန်းကန်ကိုပဲ မြင်ယောင်နေကာ မနက်ဖြန် စိုက်ပျိုးရေးခြံထဲတွင် H1N1 အဖျက်ပိုးတွေ အကြီးအကျယ်ကျနေတာကို ရှင်းလင်းရဦးမည်ကိုပင် မေ့ပြီး ကျေကျေနပ်နပ်ကြီးပြုံးရင်း ခဏအကြာတွင် အိပ်မောကျသွားလေတော့သည်..

…………………………………………

၂၀၁၀ တုန်းက .net မှာ တင်ဖူးပြီး hosting ပျောက်သွားတာ.. ခု ပြန်ရှာတွေ့လို့ ပြန်တင်ပါတယ်..

  One Response to “တို့ချစ်တဲ့ကမ္ဘာ”

  1. အဟောင်း​ကြီး :P but still awesome!

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>