Nov 302011
 

ဦးပုညတေးထပ်တွေ စိတ်ကူးချိုချိုက ပြန်ထုတ်တဲ့ စာအုပ် ရထားတာ စိတ်ကူးပေါက်သလို ပြန်ရိုက်တင်ပေးနေတာလေးတွေပါ.. သိမ်းချင်သူတွေ ကိုးကားချင်သူတွေအတွက်..
တေးထပ်များ ၁ ကို ဒီမှာ ဖတ်လို့ရပါတယ်.. ဒါက ၂ ပေါ့.. ၄ ပုဒ်တင်ပေးထားပါတယ်..

ကိုယ်သိပ်တော်မူစမ်းပါ့

            ပုလဲဥနှင်းပေါက်၊ ကင်းထောက်တဲ့လေပြန်၊ မင်းမြောက်ပေ့ဟေမန်၊ မသေကျန်ကံကောင်း၊ လူမို့သာလျလျခံတယ်၊ မြရေနံခဲရတဲ့ဆောင်း၊ အေးလှလို့ဝဇီရာ၊ ဗီဇနာမကောင်း၊ ကတ္တီပါစောင်ပေါင်း ထောင်သောင်းလောက်ခြုံတယ်၊ ပန်းညောင်မှာ ချမ်းနောင်တွေ့၊ မန်းတောင်ငွေ့ နီးတာမို့ကွယ်၊ ခန်းဆောင်မြေ့ထီးလယ်မှာ၊ ပြီးစလွယ်သာဖက်လို့၊ ဟာစက်ဖျာ့ကြောင်မြီးတိုနော်၊ ကိုက်လိမ့်ကိုယ်တော်၊ ငိုချင်စိတ်နှင့် အိုအိပ်ပျော်အောင်၊ ကိုယ်သိပ်တော် မူစမ်းလှည့်လေး။

(ဆောင်းဖွဲ့)

ရွှေယုန်နှင့် ရွှေကျားပမာ

            ထမင်းဖြူဆီဆမ်းနှင့်၊ ရွှေလင်ပန်းလဲလှယ်၊ ပေးတော့မည့်နှယ်နှယ်လို၊ သူငယ်ရို့ တိတ်ဆေး၊ ကြက်ကလေးမိခင်လို၊ ရုဠီတင်ပြောသည့်အရေး၊ မှောင်ချိန်ညဥ့်သားကောင်လို၊ အုံမီးရောင် ခက်ဝေး၊ ပျားမျက်ချို မြသွေးနှင့်၊ မြင်ဝေးကသမင်၊ ချော့မြှူကာ လှည့်ဖြားတော့၊ လိုက်စားမည့် ကျုံးတော်ရောက်ဆင်၊ ရွှေကျားနှင့် ယုန်သွင်လို၊ ဉာဏ်ပါစင် လိမ်ရင်းမို့၊ ထမင်းမူမမှန်၊ သဲဖြစ်ခဲ့ပြန်၊ သက်ကယ်ရိတ် ထုံးစံကို၊ ခြွင်းချန်တော်မူကောင်းငဲ့လေး။

(သစ္စာဖျက်ဖွဲ့)

ရိုးစွဲချစ်သူ

            မျက်နှာကိုခြေနှင့်ကျောက်စေတော့၊ သွေမဖောက်ခုနော်၊ လင်ငါးယောက် ခုပေါ်စေ၊ ကျွန်တော်ကမလွဲ၊ တစ်သက်လုံး လင်ငယ်နေပါ၊ သည်မေကိုရိုးပြာကျစွဲ။ ချစ်လှလို့ သည်းညည်းခံသည်၊ ဆဲရေးသံကိုလဲ။ အငြိမ့်သံသည်ပွဲလို၊ စိတ်ထဲကထင်တယ်။ ကွာမည်ကိုမဆိုလိုက်နှင့်၊ မယ်ရိုက်ရင်ဖုန်းခံပါ့မယ်။ ဖိနပ်နှင့်အရပ်လယ်မှာ၊ မပြတ်ကွယ် မယ်ရိုက်တော့၊ နာလိုက်တဲ့ စိတ်ကယ်နော်၊ ရွေးမျှမပေါ်။ ခင်လေးက ကြင်ရေးမျှော်လျှင်၊ ထဘီလျှော်ခိုင်းပါတော့လေး။

(အစွဲဖွဲ့)

လိမ်ဉာဏ်ဆင်

            ကလိမ်တွင် လိမ်တင်ရ၊ လိမ်ပင်ကဘုရင်၊ လိမ်ချင်လှသခင်ရယ်၊ အလိမ်တွင်ခေါင်ဆုံး။ လိမ်ရှုပ်လို့ လိမ်ရုပ်ဖော်သည်၊ လိမ်နှုတ်တော်စွဲသည့်နှလုံး၊ လိမ်ဟန်နှင့် လိမ်ဉာဏ်ဆင်၊ လိမ်စံသွင်တနှုန်း။ လိမ်ပြန်လျှင် တဖုန်းက၊ လိမ်အသုံးခက်အောင်။ လိမ်သလေ လိမ်နေကျ၊ လိမ်မေက ဝမ်းနံပါတ်ဆောင်၊ လိမ်လွန်းလှလိမ်ကွန်းဆောင်မှာ၊ လိမ်မွှန်းရောင် ချိန်သစ်လို့၊ ကလိမ်ပြစ်အမျိုးဝင်၊ ထိုးလို့လိမ်ချင်။ ကြိုးလိမ်ရစ်ဆံတိုးခင်ရယ်၊ တစ်မျိုးပင်လိမ်အုန်းကွဲ့လေး။

(အလိမ်ဖွဲ့)

မုန်းခွင့်မယူ

            နှစ်တစ်ရာသစ္စာချုပ်နှင့်၊ ပစ်ခွာဆုတ်မရှောင်၊ မေတ္တာသုတ်ရွှေစာစောင်ကို၊ မေနှင့်မောင်ငုံလို့၊ မသွေးတမ်းမန်းစိန္တေမှာ၊ ကျမ်းကျိန်ရေသုံးကြချည်စို့၊ မြမျက်နှာ သွင်နှစ်ဆိုင်ငယ်၊ ယှဉ်ပြိုင်ကာနှစ်ကိုယ့်၊ ကြင်မဏ္ဍိုင်မခိုင်ချို့သော်လည်း၊ ယိမ်းယိုင်လို့မယို၊ နှစ်ပါးရွှေဂဟေချုပ်ကယ်နှင့်၊ ဧကဝုစ်မြဲစို့နှစ်ကိုယ်၊ နဲပွေလို့ မလွှဲလိုတယ်၊ ပုလဲကိုသန္တာဖြစ်စေတော့၊ အချစ်ကယ်တွင်တမူ၊ မုန်းခွင့်မယူ၊ စိန်နက်လို့ မြဖြူစေ၊ ဘဝတူကြင်တမ်းကွဲ့လေး။

(သစ္စာထားဖွဲ့)

 

 

  3 Responses to “ဦးပုည တေးထပ်များ ၂”

  1. တနေ့တော့ ခညားအိမ်လာလည်ဦးမယ်။
    စာအုပ်ခိုးဖို့နဲ့ အကြော်စားဖို့ . . ;)

  2. [...] တေးတပ်များ (၂) Share Tweet  Posted by NangNyi at 12:45 pm [...]

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>