Jan 122012
 

ငိုချင်လိုက်တာ..

သော်သည် ဘာကိုဝမ်းနည်းလို့နည်းနေမှန်းမသိ.. ငိုချင်ခြင်းသာပြင်းပြလျက် ငိုပြီးရင်းသာငိုလို့နေမိတော့သည်.. ဘာကိုမှလည်း မတွေးချင် မသိချင်တော့ဘဲ ငိုဖို့တစ်ခုသာ အလုပ်ရှိတော့သလိုပင်..

မောပန်းလာသည်အထိ ရှိုက်ငင်ပြီးမှ သော့်ခေါင်းမှာ ဖျတ်ကနဲအတွေးတစ်စပေါ်လာပြီး အထပ်ထပ်အခါခါ ထိုအကြောင်းသာ တွေးမိနေပြန်၏.. သူ မရှိတော့ဘူး.. အနားမှာ သူ မရှိတော့ပါဘူး.. ဘယ်တုန်းကမှ အနားမှာမရှိခဲ့ဖူးသော်လည်း အခုမှပင် တကယ်ကို အဝေးကြီးရောက်သွားပြီလို့ ခံစားသိဖြင့် ဝမ်းနည်းလို့သာနေတော့သည်.. သူ မရှိတော့ဘူး.. ဘယ်တော့မှ သော့်အနားကို ပြန်မရောက်လာနိုင်တော့ဘဲ ဝေးသထက်ဝေးရာကိုသာ သူကသွားနေတော့မည်..

သော်စိတ်ဒုက္ခရောက်တိုင်း ဖေးကူနေကျဖြစ်ခဲ့ပြီး ယခု တကယ့်ကို လိုအပ်နေချိန်မှာမှ မရှိရလေခြင်းကွယ်.. သော်သည် ဝရံတာမှ အောက်သို့ငုံ့ကြည့်နေရင်း ခုနေသာ ဒီပေါ်ကပြုတ်ကျသွားရင် ငယ်ငယ်က ရဟတ်စီးရသလို  လှိုက်ကနဲဖိုပြီး ပျော်ရမှာပဲနော်လို့တွေးမိပြီး ခုန်ချပြီးသာ တိမ်းမူးချင်လာသည်.. အသည်းတအေးအေးရင်ဖိုရမည့် အရသာကို လိုချင်ခြင်းပြင်းပြစွာဖြစ်လာ၏..

သို့သော် သူက တားမြစ်ပြန်သည်.. ဒါမျိုးမလုပ်ကောင်းဘူးမဟုတ်လား.. ဒါဟာ စိတ်ပျော့ညံ့သူတွေ အရှုံးပေးသွားတဲ့နည်းလမ်းပဲလေ.. လူ့ဘဝဒဏ်တွေကို ကောင်းကောင်းတောင့်ခံနိုင်မယ့်လူက ဒါမျိုးတွေ မတွေးဘူး မတွေးကောင်းဘူးတဲ့.. သော်သည် မျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်ကာ ဝရံတာနားမှ ခွာခဲ့သည်.. အနားမှာမရှိပေမယ့် သူက အမြဲဒီလိုပဲ ကယ်တင်တတ်၏.. စိတ်ထားနွေးထွေးနူးညံ့တဲ့ သူပဲ.. သော့်အပေါ်မှာလည်း ဘယ်လောက်တောင် စေတနာထားလိုက်သလဲ..

ကျောက်စရစ်ခဲများခင်းထားသော လမ်းလေးပေါ်မှာ သော် ခြေချတော့ ကျလိကျလိဂျစ်ဂျစ်ဟု လမ်းလေးက အသံပြုသည်.. အဖြူရောင်အပွင့်သေးသေးလေးတွေ ပွင့်တတ်သော အရိုင်းပင်လေးများက ဒီနေ့မှပဲ ပန်းပွင့်တွေပိုများနေသလိုထင်လာပြန်၏.. ဒီနေ့ သူနဲ့စကားမပြောဘူးကွယ်.. သူ မရှိတော့ဘူးလေ.. နောက်ဆို လမ်းလေးအကြောင်း.. ကျောက်စရစ်ခဲဖြူဖြူလေးများအကြောင်း.. အပွင့်ဖြူဖြူပန်းလေးတွေအကြောင်း ပြောပြစရာလူမရှိတော့.. မမြင်ဖူးသော်လည်း သော်ချစ်သောလမ်းလေးဖြစ်သည်ဟူသော အကြောင်းပြချက်တစ်ခုထဲဖြင့် လမ်းလေးကိုသံယောဇဉ်တွယ်နေသည့် သူ့ကို လမ်းလေးကလည်း လွမ်းနေမည်လား.. သူကဖြင့် ကျောက်စရစ်ခဲလေးတွေကို သတိတောင် ရပါတော့မလားလို့ တွေးမိတော့ ရင်ထဲမှာနာကျင်လာကာ ဝမ်းနည်းစွာပင်ငိုမိပြန်သည်.. ခဏခဏငိုတတ်တာလည်း မကောင်းပါဘူးကွယ်.. မျက်ရည်တွေကို နှမျောတတ်ဖို့ သူကပြောခဲ့ဖူးတယ်မဟုတ်လား..

တိမ်တွေပေါ်မှာနေပြီး လေတိုးသည့်အရသာကို နှစ်ခြိုက်သည်ဟု သူကပြောတော့ သော်မယုံကြည်နိုင်ခဲ့ဘဲ လမ်းလေးကိုသာ သူပိုချစ်မှာပါလို့ တဇွတ်ထိုးတွေးခဲ့မိသေးသည်.. အမြဲပင် သူနဲ့အတူတကွရှိနေနိုင်မည်လို့ ကိုယ့်ကိုကိုယ်လှည့်ဖျားနေခဲ့ဆဲ သူက သူချစ်သောတိမ်တွေဆီသို့သာ ထွက်သွားလေပြီ.. သူရဲ့ကမ္ဘာမှာ တိမ်တွေသာကြီးစိုးတာ သော်လည်းသိခဲ့သားပင်.. ပေါ့လှပ်သော တိမ်းမူးစေသော တိမ်တိုက်များကိုသာ သူချစ်သလား.. သော်ကတော့ ခိုင်မာမြဲမြံတဲ့ မြေလမ်းလေးကိုသာ ပို၍တွယ်တာစေချင်ခဲ့ပြီး သူကို စိတ်ဝင်စားစေချင်သည်နှင့် မြေလမ်းများအကြောင်း အားတက်သရောပြောပြခဲ့သည်ပင်.. မြေလမ်းများကို သူ ချစ်ခဲ့တာပဲမဟုတ်လားကွယ်.. သော်သည် သေးငယ်လှသော ဦးနှောက်အသိလေးဖြင့် တွေးတော့မမှီနိုင်တော့ဘဲ စိတ်ရှုပ်လို့သာလာသည်.. သော်ကိုယ်တိုင်အတွက် ရှိနှင့်သောပြဿနာများ အတွေးရှုပ်ရှုပ်များကို သူအကြောင်းက ထပ်ပြီးနှိပ်စက်ဖိစီးသလိုထင်ကာ တိုးလို့သာဝမ်းနည်းလာပြန်သည်..

ထို့နောက်တွင်တော့ ဘာကိုမှလည်း မတွေးချင် မသိချင်တော့ဘဲ ဝရံတာထောင့်တွင်ထိုင်လျက် ငိုဖို့တစ်ခုသာ အလုပ်ရှိတော့သလိုပင် ငိုချင်ခြင်းပြင်းပြစွာ ငိုပြီးရင်းသာငိုလို့နေမိတော့သည်..

  3 Responses to “မှိုင်းမှုန်ဝေရီ”

  1. အနားမှာ မရှိနိုင်တော့တဲ့ ခံစားချက်ကို .. ခံစားဖူးတဲ့သူတွေပဲ နားလည်တယ်.. ညီလေး…

  2. ကြည်အေး ဖတ်နေတယ် ထင်တယ်။

  3. ဂျူး နဲ့ ပိုတူသလိုပဲ

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>