၃ ရက်နေ့ ည ၉ နာရီခွဲကားနဲ့ မန္တလေးကို သွားဖြစ်တယ်.. အဓိက ရည်ရွယ်ချက်ကတော့ Mandalay BarCamp သွားတာပါပဲ.. လူအားလုံးပေါင်း ၂၅ ယောက်တူတူ သွားရတဲ့ ခရီးစဉ်မို့ ကားလက်မှတ်ဝယ်ရတာတို့ ဟိုတယ်ဘိုကင်တင်တာတို့ကအစ အတော်စောစောကတည်းက ကြိုတင်စီစဉ်ပြီး သွားရတာ.. ဒါပေမယ့် ဘားကန့်တို့ ထုံးစံ ကပေါက်တိ ကပေါက်ချာတွေကတော့ ဖြစ်သေးတာပါပဲ.. သွားတဲ့လူတွေကလည်း ကိုညီလင်းဆက်တို့ ကိုနေဘုန်းလတ်တို့ မထိုက်တို့ အပါအဝင် Ubuntu Myanmar Loco Team က လူတွေလည်း စုံစုံလင်လင်မို့ အတော်လေးပျော်စရာ ခရီးစတယ်..
မန်းလေး ကျွဲဆည်ကန်ကားဂိတ်ကိုရောက်တာနဲ့ မန်းလေး ဘားကန့်အော်ဂနိုက်ဇာ တချို့ ရောက်နှင့်နေတာတွေ့တယ်.. လာကြိုကြတာ.. ဟိုတယ်ကို အထုတ်တွေပေးပြီး ကိုရဲအောင်သူ၊ ကိုညီလင်းဆက်၊ ကိုဖြိုးဟိန်းကျော်၊ ကိုထူးတေဇာတို့နဲ့အတူ တောင်သမန်အင်း ဦးပိန်တံတားဆီလိုက်ဖြစ်တယ်.. အစက ဦးပိန်မလိုက်ဘူးလုပ်နေတာ..ဟိုတယ်ပြန်အိပ်မယ်ပေါ့.. ၉ နာရီမှ ထပီး ဘားကန့်သွားမယ် တွေးထားတာ.. ဒါမယ့် ကိုရဲက ခေါ်တော့ လိုက်ဖြစ်သွားတယ်.. လိုက်ဖြစ်သွားတာလည်း မှန်တယ်ပြောရမယ်. . ဓာတ်ပုံရိုက်လို့ တော်တော် ဈာန်ဝင်နေပြီး တော်တော်လည်းမိုက်တယ်..
ရောက်ရောက်ချင်း မနားမနေဘဲ ချမ်းချမ်းစီးစီး မနက်ခင်းကြီးဦးပိန်ကိုသွားတာက အကြောင်းရှိတယ်.. ဒီနေ့ ဒီရက်မှာ မီးပုံးပျံစီးကြတဲ့ အဖွဲ့တွေ တောင်သမန်အင်းကနေ စတက်မယ်ဆိုလို့ မနက်နေထွက်မှာ သူတို့ကို အမှီသွားရိုက်ကြတာ.. အဲသည့် မီးပုံးပျံစီးတဲ့အဖွဲ့က ပုဂံတို့ဘာတို့လို တခြားဒေသတွေမှာလည်း စီးတယ်လို့ ပြောတယ်.. ရောက်သွားချိန်မှာ ဘောလုံးတွေ စတက်နေပြီဆိုတော့ အသေးစိတ်အချက်လက် နည်းနည်းပါးပါးတောင် မေးမြန်းဖို့ အခွင့်မသာလိုက်တော့ဘူး.. ဘောလုံးစုစုပေါင်း ၆ လုံးတက်တယ်.. သိပ်မကြီးဘူး.. အောက်ဆွဲခြင်း (လူနေတဲ့ခြင်းလေး)တောင်မှ ၂ ယောက် ၃ ယောက်ဆန့်သာရုံလေးပဲ.. ပထမဆုံးတက်တဲ့ တစ်လုံးက တံတားဘောင်နဲ့ တိုက်သွားသေးတယ်..
ထူးထူးခြားခြား တဲ့.. “တောင်သမန်အင်းထဲ တံငါလှေတွေ ပိုများလာသလိုပဲ”လို့ တေဇာက ပြောတယ်.. “ငါးရော အဲလောက်ရှိလို့လားမသိပါဘူး”လို့ ကိုလင်းဆက်က ဖြည့်တယ်.. တံငါလှေတွေ ငါးဖမ်းနေတာ မြင်ရသလောက်တော့.. ဟုတ်တယ်.. ငါးလည်း သိပ်ရတာ မတွေ့ဘူး.. လှေတော်တော်များများက ဓာတ်ပုံအရိုက်ခံပြီး အပိုဝင်ငွေရှာတာလည်း ရှိတယ်.. တံတားပေါ်တက်ဖြစ်ကြရင်း ဓာတ်ပုံပြိုင်ပွဲဝင်မယ့် ဓာတ်ပုံဆရာတစ်ချို့ လှေတစ်စင်းကို လိုသလို နေရာရွှေ့ခိုင်းပြီး ရိုက်နေတာနဲ့ ကြုံလို့ ကိုယ်တွေပါ ဝင်ပြီး အချောင်ရိုက်လိုက်သေးတယ်..
သူတို့ကတော့ လှေရှိရာ အပေါ်တည့်တည့် တံတားကနေ အတည့်ရိုက်တာပဲ.. ကွန်ကို ဝဲကနဲ ပစ်လိုက်ရင် ကင်မရာတွေဆီက ကျလစ် ကျလစ် ကျလစ် သံတွေ ဆူညံနေအောင် ကြားရတယ်.. ကိုယ်ကတော့ ကင်မရာက သေးသေးလေးနဲ့ ပြီးတော့ shutter ကလည်း ဆက်တိုက်ရိုက်လို့မရတော့ သူတို့ရိုက်နေတဲ့ အတည့်ကနေ မနေဘဲ တခြားဘေးဘက်ကိုသွားပြီး တစ်ကွက်ချင်းပဲ မိအောင်ဖမ်းဖမ်းရိုက်ရတယ်..
တချို့ အဘိုးကြီး အဖွားကြီးတွေ. . စက်ဘီးလေးနဲ့တို့ တောင်းလေးရွက်ပြီးတို့ သွားလာလှုပ်ရှားပြီး ဝမ်းစာအတွက် ရှာဖွေနေရတုန်းပဲ.. ဓာတ်ပုံသမားတွေအတွက်ကတော့ အဖွားကြီးတွေ ဆေးပေါ့လိပ်တွေ တောင်းပလုံးတွေဟာ subject တစ်ခု..
တစ်နေရာရာသွားရင် ဓာတ်ပုံသမားတွေနဲ့ သွားရတာ ကောင်းကျိုးဆိုးကျိုး အများကြီးရှိတယ်.. မထင်မှတ်ပဲ လှမ်းရိုက်ယူတတ်တဲ့ snap shot လေးမှာကိုယ့်ပုံလေး လှနေတာမြင်ရရင် ကျေနပ်ရပေမယ့် သူတို့သွားလမ်းတွေ ကင်မရာရှေ့တွေမှာ သွားပိတ်ရပ်မိနေရင် အားမနာပါးမနာ မညှာမတာ အော်ငေါက်တာလည်း ခံရတတ်ပါတယ်..
တံတား အလည်လောက်ထိ လျှောက်ကြပြီး ပြန်လာဖြစ်ကြတော့ ရေတွေသိပ်ကျနေလို့ ကျွန်းပေါ်နေတဲ့နေရာမှာ စိုက်ထားတဲ့ စိုက်ခင်းတွေတွေ့တယ်.. တော်တော်လှတယ်.. မနက်ခင်းမှာ ကန်ရေပြင်မှာ ပြန်ထနေတဲ့ မြူခိုးတွေက တဝေဝေနဲ့.. အဲ့သည်မှာ စိုက်ခင်းတွေထဲမှာ စိတ်ကောက်နေတဲ့ ကလေးလေးတစ်ယောက်လည်း တွေ့ခဲ့တယ်.. သူ့အိမ်က အကိုနဲ့ အဖေ ဖြစ်ပုံရတဲ့ ၂ ယောက်က လှမ်းအော် ခေါ်နေတာကို လှည့်မကြည့် မော့မကြည့် ပြန်မထူးဘဲ အိမ်နဲ့ခပ်ဝေးဝေး စိုက်ခင်းထဲ လာရပ်နေတာ.. ချစ်ဖို့ကောင်းတယ်.. စိတ်ကောက်ရင် နှုတ်ခမ်းစူပြီး ထောင့်တစ်ထောင့်မှာ ငြိမ်ပြီး ခွေနေ တိတ်နေတတ်တဲ့ ကိုယ့်လို လူကြီးဖြစ်လာဖို့ အလားအလာရှိတယ်.. =P
(ပုံတွေအားလုံးကို ကိုယ့်ရဲ့ အန်တီချမ်း ပေးထားသော Canon IXUS 90 IS နဲ့ ရိုက်ပါတယ်)






အပေါ်ဆုံးက တပုံရယ် …
အောက်ဆုံးက သုံးပုံရယ်ကို အတော်ကြိုက်တယ်
ရိုက်ချက်တွေ တိုးတက်လာအိး)) တော်ပါပေသည်။
အနော်လည်း အပေါ်ဆုံးကပုံ အကြိုက်ဆုံး!
ဟေး တီတောင် ဒီဇင်ဘာ ရောက်တုံးက နှစ်ရက်ဆက်တိုက် မိုးတွေ အုံ့နေတာ နဲ့ ဦးပိန်ဆီမရောက်ဖြစ်ခဲ့ဘူး
နာသကွာ
ညီ ပုံတွေ မှာ စာတွေ များလှချည်လား
ဟို ခိုးခံရတဲ့ ကိစ္စ လား
စကားမစပ်
ခါတိုင်း ရေးနေကျ ပုံပြင်တွေထက်တော့ ညံ့စ် နေတယ်
ပုံစာတွေ တမင်ထည့်ထားတာ တီ.. =) တခြားသုံးဖို့ အစီစဉ်ရှိလို့.. ဟုတ်တယ် ခါတိုင်းပုံပြင်တွေလိုတော့ မဟုတ်ဘူး.. စတိုင်ကွဲနေတယ်..
အင်း .. ဘလော့ တခုလုံးမှာ ဒီပိုစ့် ရေးပုံ ( ရေးဟန် ) နဲ့ ဒီပို့စ် က ပုံတွေ အကြိုက်ဆုံးပဲ .
ပုံတွေက အသက်ပါတယ် ( ဓာတ်ပုံဆိုပေမယ့် သေမနေဖူး ) ။ ပို့စ်ရေးဟန်က ရှင်းတယ် သွယ်ဝိုက် ဘလာဘလာ … တွေ မရှိဖူး ယဉ်တယ် ။ ကြိုက်အိ .
thz my YAT.. =)
ဓတ်ပုံကမူပိုင်တကြောင်းလောက်ဆိုမဆိုးပါဘူး၊တခုလုံးအပြည့်အဲဒီနံမယ်မြင်ရတော့၊
မုန်းလာတယ်၊ဓတ်ပုံကြည့်တာကိုအနှောင့်အယှက်ပေးလာသလိုခံစားရလာတယ်..