ဒီခရီးစဉ်အကြောင်းကို ပြန်ပြီးစာရေးဖို့ ကျမ တော်တော်လေး စဉ်းစားခဲ့ရတယ်.. ဒါပေမယ့် သေချာတာကတော့ ဒီခရီးဟာ လူတိုင်းသိသင့်သိထိုက်တဲ့ သိဖို့ကောင်းတဲ့အကြောင်းအရာတွေပါဝင်နေလို့ မဖြစ်မနေတော့ ရေးရမယ်လို့ ကျမကိုယ် ကျမ ပြန်အားပေးခဲ့ပါတယ်.. တော်တော်များများလည်း သိပြီးသားဖြစ်ကြတဲ့အတိုင်း ကျမဟာ သာမန်မိန်းကလေးတစ်ယောက်ပါပဲ.. နိုင်ငံရေးမလုပ် နိုင်ငံရေးအကြောင်းတွေမသိသလို ဘယ်အသင်းအဖွဲ့ ဘယ်ဝါဒကိုမှ ကျမ မကိုင်စွဲပါ.. လွတ်လပ်မှု တရားမျှတမှုနဲ့ လူသားခြင်းစာနာထောက်ထား ကြင်နာတတ်တဲ့စိတ်ဓာတ်ကိုပဲ ကျမ ယုံကြည်တယ်.. ဒါကြောင့် ဒီခရီးစဉ် တစ်ခုလုံးကို ကျမ မြင်သလို ကျမ ခံစားရသလို အားလုံးကို ပြန်မျှဝေချင်ပါတယ်..
မူဆယ်ခရီးစဉ်လို့ပြောလိုက်ရပေမယ့် တကယ်တမ်းကျမတို့ရဲ့ ခရီးရည်ရွယ်ချက်က တရုတ်ပြည်နယ်စပ်တွေမှာ ရောက်နေတဲ့ ကချင်စစ်ပြေးဒုက္ခသည် စခန်းတစ်ခုဆီကို ဖြစ်ပါတယ်.. ခရီးကို ဒီဇင်ဘာလ လောက်ကတည်းက စပြီး အစီစဉ်ဆွဲဖြစ်ကြပါတယ်.. ကျမတို့နဲ့ အသိ ကိုဒေးဗစ်ဆိုတဲ့ အစ်ကိုက NGO မှာ အလုပ်လုပ်တာဆိုတော့ သူ့ အဆက်အသွယ်တွေနဲ့ စီစဉ်ဖြစ်ကြတာ.. ကိုဒေးဗစ်ရယ် မခင်မြတ်ရယ် မသီသီရယ် မထိုက်ရယ် ကျမရယ်သွားဖြစ်တယ်.. အစကတော့ ကိုရဲအောင်သူ ပါလာတော့မလိုလို.. ကိုထူးတေဇာပဲ လိုက်တော့မလိုလို.. ကိုညီလင်းဆက်ပဲ လိုက်ဖြစ်မလိုလိုတွေ လုပ်နေပြီး တကယ်တမ်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စထွက်ဖြစ်ကြတော့ နဂိုစီစဉ်ထားတဲ့အတိုင်း ကျမတို့ ၅ ယောက်ပဲ သွားဖြစ်ပါတော့တယ်..
(အတူသွားတဲ့ မိန်းကလေး ၄ ယောက်.. နန်းညီ၊ မထိုက်၊ မခင်မြတ်၊ မသီ)
စနေနေ့ မနက်ခင်းမှာ ရန်ကုန်ကနေ စထွက်တယ်.. ရန်ကုန်ကနေ မန္တလေး.. မန္တလေးကနေ မူဆယ် ခရီးစဉ်ကတော့ ထုံးစံအတိုင်းပါပဲ.. ကားမူးတတ်တဲ့ ကျမက တောင်ဆင်းတောင်တက်လမ်းတွေကို အတင်းမျက်စိမှတ် အိပ်ပစ်တဲ့နည်းလမ်းနဲ့ ကျော်ဖြတ်ခဲ့ပါတယ်.. တနင်္ဂနွေနေ့ မူဆယ်ရောက်ရောက်ချင်း သူငယ်ချင်း မြို့ခံတစ်ယောက်နဲ့ ဆက်သွယ်ပြီး ရွှေလီဘက်ကူးကာ ဈေးဝယ်တဲ့အစီအစဉ်ကို စတင်ဖြစ်တယ်..

(မူဆယ်-ကြယ်ခေါင် နယ်စပ်ဂိတ်ကြီး)

(ကြယ်ခေါင်-ရွှေလီ မြစ်ကူးတံတား)
ဈေးဝယ်တယ်ဆိုတာက ဒီလို.. ကျမတို့က ရန်ကုန်ကနေ သယ်သွားတာဆိုလို့ ဒုက္ခသည်တွေအတွက် ခြင်ထောင်တွေပဲပါတယ်.. ကျန်တဲ့ စားသောက်စရာတွေ ဆေးပစ္စည်းတွေကို မူဆယ်ကျမှ ဝယ်မယ်ဆိုပီး ပိုက်ဆံတွေပဲ သယ်လာခဲ့တာလေ.. အဲ့ဒီမှာ မူဆယ်ကနေ ကြယ်ခေါင်ကို ကူးရတော့ ကြယ်ခေါင်နဲ့ ရွှေလီက လမ်းတွေက ကောင်းလိုက်တာဆိုတာ.. အစက မြန်မာပြည်နဲ့ တရုတ်ပြည်ကို ခြားထားတာက မြစ်ပါ.. ကြယ်ခေါင်ဟာ မြန်မာပိုင်တဲ့ မြို့ဖြစ်ခဲ့တယ်.. မြန်မာပြည် ကြယ်ခေါင်နဲ့ တရုတ်ပြည်ရွှေလီ နယ်စပ် ၂ မြို့ကို မြစ်ခြားပြီးတံတားကူးရတာ.. ခုတော့ ကြယ်ခေါင်ဟာ တရုတ်ပိုင်မြို့ဖြစ်သွားပြီမို့ နယ်စပ်အခြားအနားအဖြစ် သံတိုင်တံတိုင်းတွေ ကာထားတာ တွေ့ခဲ့ရပါတယ်..
အရင် ရွှေလီက နယ်စပ်မြို့ဖြစ်ခဲ့တုန်းက ရွှေလီမြို့အဝင် ကားပတ်လမ်းအဝိုင်းကြီးမှာ ထားတဲ့ အရုပ်ကြီးဟာ ခုတော့ ကြယ်ခေါင်မြို့ဘက်မှာ ရွှေ့ထားတယ်.. အရုပ်ကြီးကို တရုတ်ပြည်ဘက်ကတော့ ထုထားတာ ဘာသဘောလဲတော့မသိဘူး.. မြင်ရသလောက်ကတော့ အင်တိုက်အားတိုက်နဲ့ မြန်မာပြည်ဘက်ကို ဘီးကြီးတွန်းလှိမ့်ပြီး လာနေသလိုပဲ ခံစားရပါတယ်..

တနင်္ဂနွေညကို မူဆယ်မှာပဲ အိပ်လိုက်ဖြစ်တယ်.. တနင်္လာမနက်ကျတော့မှ စခန်းကိုသွားဖြစ်တယ်.. ကချင်ပြည်မှာ စစ်ဖြစ်တော့ စစ်ပြေးဒုက္ခသည်တွေ တော်တော်များများဟာ အနီးဆုံးနယ်စပ်တွေဘက်ကို ပြေးကြပါတယ်.. လွိုက်ဇာဒုက္ခသည် စခန်းကတော့ လူသိများတယ်.. ခု ကျမတို့ သွားကြတာကတော့ ဗမာပြည် လွယ်ဂျယ်နယ်စပ်နားက စခန်းတွေပါ.. လွယ်ဂျယ်မြို့နဲ့ ကပ်လျက် လိုင်ရင်းဆိုတဲ့ တရုတ်ဒေသမှာ ရှိတယ်..
အဲ့ဒိ လိုင်ရင်းတဝိုက်နားက စခန်းတွေအတွက် အဓိကတာဝန်ယူထားတာကတော့ wunpawng ninghtoi (WPN) ဆိုတဲ့ ကချင်အဖွဲ့လေးပါ.. “ဟွန်ပေါင်” ဆိုတာက “ကချင်လူမျိုးစု အားလုံး”လို့ အဓိပ္ပါယ်ရပြီး.. “နင်းထွယ်” ဆိုတာကတော့ ကချင်ဘာသာစကားအရ “အလင်းရောင်” ပါတဲ့.. ဒီတော့ သူတို့အဖွဲ့အစည်းလေးက ကချင်မျိုးနွယ်စုများအတွက် အလင်းရောင်လို့ ပြောရမှာပေါ့..

(ကျမတို့ နေရတဲ့ အိပ်ရတဲ့နေရာလေး.. အခင်းတွေ မခင်းရသေးဘူး)

(သူတို့ရဲ့ တဲတွေ)
ကျမတို့ကို WPN က အစ်မတစ်ချို့က မူဆယ်အထိ ကားနဲ့ လာခေါ်ပေးပါတယ်.. မူဆယ်ကနေ ကြယ်ခေါင်ဘက်ကို ကူး.. အဲ့ကနေ ရွှေလီမြို့ထဲ ခနသွားပြီး လိုအပ်တာတချို့ထပ်ဖြည့်ဝယ်.. နေ့လည်စာ ထမင်းစားပြီးနောက် ကားမောင်းလာလိုက်တာ တစ်နာရီခွဲလောက် အကြာမောင်းပြီးနောက် ကျမတို့ရဲ့ ခရီးပန်းတိုင် WPN refugee camp ကိုရောက်ပါတယ်.. ရောက်ရောက်ချင်း ကားပေါ်က ဆင်းတာနဲ့ စမြင်ရတာကတော့ ကလေးတွေပါပဲ.. ၂ နှစ်.. ၃ နှစ်.. ၅ နှစ်အရွယ်ကလေးက ကျောပိုးထားတဲ့ လသားအရွယ်ကလေးတွေ.. ကလေးကြီးကြီး ကလေးသေးသေး.. ကလေးတွေ ဆိုဒ်စုံမြင်ရတယ်..

မိဘမဲ့ကျောင်းတွေ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေကို မကြာခဏ လုပ်အားပေးလိုက်ဖူးတဲ့ ကျမအဖို့ ကလေးတွေကိုမြင်ရင် ဝမ်းသာအားရ ဖက်လှဲတကင်း နှုတ်ဆက်တတ်တာ အကျင့်ပါ.. ဒါပေမယ့် ခု ဒီမှာတော့ ကလေးတွေနား ကျမတို့ ကပ်လို့ မရပါဘူး.. ဗမာရုပ်မှန်းသိသာနေတဲ့ သူစိမ်းကျမတို့ကို ကလေးတွေက အနားကပ်လာတာနဲ့ ထွက်ပြေးကြတာ ကြုံရတာ ကျမ စိတ်ထဲတောင် မကောင်းဘူး..

(ကျမက ဓာတ်ပုံရိုက်တော့ မသင်္ကာသလို ကြည့်လေရဲ့)
နောက်ထပ် ရောက်ရောက်ချင်းကြုံရတာကတော့ အိမ်သာပါပဲ.. လူဦးရေ ၁ ထောင်ကျော်ရှိတဲ့ အဲ့ဒိ စခန်းကြီး တစ်ခုလုံးမှာ အိမ်သာ ၁၁ လုံးပဲ ရှိပါတယ်.. သုံးရေက တစ်မိုင်လောက်ဝေးတဲ့ ရေခမ်းစပြုနေတဲ့ ချောင်းထဲကို သွားခပ်ရပါတယ်.. စခန်းတစ်ခုလုံးမှာ စိမ့်ရေတွင်းတစ်ခုရှိပါတယ်.. အဲ့ဒါကတော့ သောက်ရေအဖြစ် သူတို့ အသုံးပြုကြတယ်.. စခန်းတည်ထားတဲ့ နေရာက တရုတ်ရွာတစ်ခုရဲ့ အပြင်ဘက် ကြံခင်းတွေကြားထဲက အမှိုက်ပုံဟောင်းကြီးနေရာပါ.. သစ်ကြီးဝါးကြီးမရှိတဲ့ ကွင်းကြီးဆိုတော့ နေ့ခင်းဆို ဖုန်ထူပြီး လေပူကြီးတွေ တိုက်ပါတယ်.. ညဆိုရင်တော့ ဆောင်းတွင်းလေက တာလပတ်တွေကိုဖြတ်ပြီး ကြမ်းအောက်ကိုဖြတ်ပြီးတိုက်တာ စိမ့်နေအောင် အေးပါတယ်..

(ဒုက္ခသည် ၁ ထောင်ကျော်နေတဲ့ စခန်းစု)

(လမ်းမလျှောက်တတ်သေးတဲ့ကလေးလည်း ရှိတဲ့ဘီးတွေတပ်ပြီး ပြေးလွှားကစားပါတယ်)
————————————–
စာကသိပ်ရှည်နေလို့ အပိုင်း ၃ ပိုင်း ခွဲတင်ပါ့မယ်.. ဒီအပိုင်း ၁ ကိုတော့ ဒီမှာ ခဏရပ်လိုက်ပါပြီ..

မြန်မြန်လေးဆက်တင်ပါ..
လေးစားသာဓုခေါ်ပါတယ်ခင်ဗျာ..
[...] Nyi wrote about her experience when she and her friends visited a Kachin Refugee camp near the Shan State borders of Myanmar and [...]
so poor
[...] အပိုင်း ၁ ကို ဒီမှာ [...]
ဗမာရုပ်မှန်း သိသာတော့ ထွက်ပြေးတယ်တဲ့လား… စိတ်မကောင်းစရာပဲနော်… သနားပါတယ်…။
ဒါကြောင့် တီဇက်အေ ဘလော့မှာ ဆိုင်းအောင် လာကောမန့်ရေးတာ.. သူ့ဘက်က သူခံစားရတာကလည်း တစ်နင့်ကြီးကိုး …။
လေးစားကျေးဇူးတင်ပါတယ် …
ဟယ်လို မနန်းညီ…
မနန်းညီရဲ့ ခရီးသွားဆောင်းပါးလေးကို ကျွန်တော့် မလေးရှားနိုင်ငံထုတ် News Colour Journal မှာ ထည့်သုံးစေချင်ပါတယ်။
ကချင်ပြည်နယ်က ဒုက္ခသည်တွေအကြောင်း ပြန်လည်မျှဝေချင်လို့ပါ။
ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။
newscolour@gmail.com မှာ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ..
လေးစားစွာဖြင့်
လင်းရောင်
[...] and she wrote about her experience there. In part one of her blog entry, she started her story by saying: As everyone know, I am just a normal girl. I do not get involve in politics, nor do I [...]
[...] and she wrote about her experience there. In part one of her blog entry, she started her story by saying: As everyone know, I am just a normal girl. I do not get involve in politics, nor do I [...]
[...] and she wrote about her experience there. In part one of her blog entry, she started her story by saying: As everyone know, I am just a normal girl. I do not get involve in politics, nor do I [...]
rမနန်းညီရဲ့ ခရီးသွားဆောင်းပါးလေးကိုစိတ်ဝင်စားစွာလာရောက်ဖတ်နေတာပါ
မြင်ရတာ အတော်စိတ်မကောင်းစရာပါပဲရှင်
ခုမှ ၁ ကနေစဖတ်နေတာပါ
လေးစားလျှက် jasmine
[...] အိမ်ပြန်ချင်တယ်(၁) [...]
အရမ်းလေးစားပါတယ်။ ဒီထက်မကလူမှုကူညီရေးတွေလုပ်နိုင်ပါစေ