Feb 282012
 

မူဆယ်ခရီး အပိုင်း ၁ ကို ဒီမှာ ဖတ်လို့ရပါတယ်

——————————————–

ကျမတို့ မိန်းကလေး ၄ ယောက်နဲ့ ကချင်ဆရာမလေး အားပန်နဲ့က တဲတစ်ခုနေရပါတယ်.. အားပန်က သိပ်ချစ်ဖို့ကောင်းတယ်.. ဗမာစကားကို တတ်သလောက် ပီသလောက်လေးနဲ့ ကျမတို့ကို ကြိုးစားပမ်းစား စကားပြောတယ်.. ဘာသာတွေလည်း ပြန်ပေးတယ်.. စခန်းမှာ နေတဲ့ ၃ ရက်စလုံးလည်း ကျမတို့ လိုတာမှန်သမျှ ကူညီပေးခဲ့ပါတယ်.. ကျမတို့နဲ့ ရန်ကုန်က အတူလာတဲ့ ကိုဒေးဗစ်ကတော့ စခန်းကကချင်ဆရာလေး ကိုဇော်အောင်နဲ့ နေရပါတယ်.. (ဗမာလို နာမည်လုပ်လိုက်တော့ ဇော်အောင်ဖြစ်သွားပေမယ့် သူတို့ ကချင်အသံထွက်နဲ့တော့ “ဇောင်း(င့်)”လို့ ကြားမိတာပဲ)..

 (ကျမတို့နဲ့ WPN မှ အမျိုးသမီးတချို့ .. ညာအစွန်ဆုံးက အားပန်)

ရောက်ရောက်ချင်း ကျမတို့ အနားတဝိုက်မှာ ရှိတဲ့ ကွဲနေတဲ့ တဲစုလေးတွေဆီကို ခြေဆန့်ကြပါတယ်.. ကျမတို့ ရောက်ပြီး နေနေတဲ့ စခန်းက ပင်မစခန်းကြီးလို သဘောပေါ့နော်.. ၂၀၁၁ ခုနှစ် ဇွန်လမှာ စစ်စဖြစ်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးလာကြတဲ့ မိသားစုတွေက တောတွေထဲမှာ အကွဲကွဲအပြားပြား ခိုနေခဲ့ကြပါတယ်.. နောက်တော့ WPN ကနေ ဦးစီးပြီးတော့ နိုဝင်ဘာလောက်မှာ ဒီစခန်းကြီးကို တရုတ်ရွာသားတွေဆီက ခွင့်တောင်းပြီး ဆောက်ခဲ့တော့မှ ကွဲပြားနေတဲ့ လူတွေ အကုန်ပေါင်းမိပြီး တစုထဲ နေဖြစ်ကြတာလို့ ဆိုပါတယ်.. ဒါပေမယ့် ခုချိန်ထိ ဒီစခန်းကိုလာမပေါင်းဖြစ်သေးဘဲ ကြုံရာ ဆန်စက်ဟောင်းတွေ.. ကျောက်မီးသွေးကျိတ်စက်တွေမှာ ခိုကပ်နေကြသေးတဲ့ စစ်ပြေးအစုလေးတွေ ရှိသေးတော့ သူတို့ဆီလည်း ရောက်အောင် သွားကြရတာပေါ့.. အဓိကတော့ စခန်းတွေမှာ ဘာလိုအပ်သလဲဆိုတာလေးတွေ သိရအောင် မေးမြန်းဖို့ရယ်.. အဲ့ဒီက စခန်းတာဝန်ခံတွေက သွားစေချင်လို့လည်းပါတယ်..

 

(လယ်ကွက်အစပ်မှာ တဲထိုးနေပေမယ့် သူတို့ပိုင်တဲ့ နေရာမဟုတ်လို့ လယ်လုပ်လို့မရကြပါဘူး)

သူတို့တွေထဲက တချို့စခန်းတွေက တိုက်ပွဲဖြစ်နေတဲ့ နယ်စပ်တောင်ကြောနဲ့ သိပ်ကပ်ပါတယ်.. ပြောင်းခင်းတစ်ခင်းနဲ့ ဝါးရုံတစ်တောပြီးရင် အရင်သူတို့နေတဲ့ ရွာဟောင်းရောက်ပြီဆိုတဲ့ နေရာတွေလည်းတွေ့ခဲ့တယ်.. အဲလို စခန်းတွေကျတော့ သောက်ရေကို ရွာထဲကို သွားပြန်ခပ်ယူကြတယ်လို့ ဆိုတယ်.. စစ်ပွဲအခြေအနေကြည့်ရင်း ရှောင်ရင်း သွားရတာပေါ့လေ.. ကျမတို့ ပြန်လာမယ့် မနက်ခင်းကတောင်မှ ကြံခင်းတဲ့ ကြံပင်ခုတ်ရင်း မိုင်းထိမိတဲ့ လူတစ်ယောက် ဆုံးသွားပါသေးတယ်.. စခန်းတွေ တော်တော်များများမှာလည်း ဝမ်းပျက်ဝမ်းလျှောကြောင့် သေကြတာတွေ မနည်းတော့ပါဘူး..

သွားနေတဲ့ ၃ ရက်အတွင်း စခန်းတွေအကုန်လုံးနီးပါးကို ရောက်ဖြစ်ခဲ့ပါတယ်.. ခြေလျင်သွားတာလည်းသွား၊ ဝေးတာတွေကျတော့ ဆိုင်ကယ်နဲ့သွားတာလည်းသွားရတာပေါ့..

 (ဆန်စက်အဟောင်းကြီးထဲမှာ နေတဲ့စခန်းတစ်ခုက ရိုက်လာတဲ့ပုံ.. ဟိုးခပ်လှမ်းလှမ်းမှာက တရုတ်ပြည် ကျောင်းဖုန်းမြို့ပါ)

ကျမတို့လို ဘာနောက်ခံမှ မရှိတဲ့ လူငယ်သူငယ်ချင်းတွေ စုလာတဲ့ အဖွဲ့လေးကို သူတို့ သိပ်အံ့သြနေကြတယ်.. အဒေါ်ကြီးတစ်ယောက်ကဆို ပြောတယ်.. (နိုင်ငံရေးသမားတွေ ကူတာတို့ UN က ကူတာတို့ကတော့ ကြုံဖူးတာပဲလေ နော့.. ဒါမယ့် ဆရာမတို့လို ကိုယ့်အလုပ်နဲ့ကိုယ် မအားတဲ့ထဲက ဒီလိုတကူးတကလာခဲ့တာ ကျမတို့တော့ သိပ်ပျော်တယ်) တဲ့.. ဟုတ်တယ်.. ရောက်ခါစက စိမ်းနေတဲ့လူတွေဟာ တဖြည်းဖြည်းနဲ့ ကျမတို့နဲ့အတူ စကားလာထိုင်ပြောရင်း ရေနွေးကြမ်းအတူသောက်ရင်း အဖြစ်အပျက်တွေကို သူတို့စိတ်ထဲရှိသလို ပြောပြတဲ့အခါ ကျမတို့လည်း မျက်ရည်လည်တဲ့အထိ ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါတယ်.. ကျမတို့အပေါ်မှာ သူတို့ သိပ်ကောင်းကြပါတယ်.. ရေသယ်ရခပ်ရ သိပ်ခက်နေလျက်နဲ့ ကျမတို့ နေတဲ့တဲ ဖုန်ထမှာစိုးလို့ဆိုပြီး မြေကြီးပေါ် ရေတွေ ဖြန်းပေးကြတာ ကျမတို့က အတင်းတားယူရတယ်..

အင်္ဂါနေ့ မနက်ပိုင်းမှာ အစည်းအဝေးလေးတစ်ခု သူတို့ခေါ်ပေးပါတယ်.. တကွဲစီဖြစ်နေတဲ့ စခန်းတွေရဲ့ တာဝန်ခံခေါင်းဆောင်တွေက တက်ရောက်ပေးကြတယ်.. သူတို့လိုအပ်ချက်တွေ ကျမတို့က လုပ်ပေးနိုင်တာတွေ ဆွေးနွေးကြတဲ့ပွဲပါ.. သူတို့မှာ အဓိကလိုအပ်တာတော့ သုံးရေ သောက်ရေနဲ့ အိမ်သာပါပဲ.. ပြီးတော့ ဆေးဝါး.. အဲဒါတွေပြီးမှ ရိက္ခာလို့ ပြောတယ်.. အဝတ်အစားနဲ့ မီးဖိုချောင်ပစ္စည်းတွေတို့.. စောင် ခေါင်းအုံးတွေတို့က တရုတ်ရွာတွေကလည်း လှူထားတော့ လုံလောက်ပါတယ်တဲ့.. ဒါပေမယ့် တရုတ်တွေက ပေးတော့ အနွေးထည်တွေ ဘောင်းဘီတွေဆိုတော့ ကချင်အမျိုးသမီးကြီးများက ထမီတွေလိုအပ်သေးတယ်လို့ပြောလို့ မှတ်ခဲ့သေးတယ်.. ကျမတို့လည်း ချက်ချင်းပဲ ပစ္စည်းဝယ်ရင်းပိုတဲ့ငွေတွေကို ရေတွင်းတူးဖို့တွေ ထပ်လှူခဲ့လိုက်ပါတယ်..

 (ကြီးလာရင် စစ်သားကြီးလုပ်မှာတဲ့)

သူတို့တွေ အဲဒီတရုတ်ပြည်ထဲမှာ ခိုကပ်နေရတာ မလွယ်ပါဘူး.. တရုတ်ရဲတွေက လာမောင်းထုတ်တာမျိုးတွေရှိတတ်ပါတယ်.. ဒါပေမယ့် သူတို့ကလည်း စစ်ဖြစ်နေတဲ့နေရာတော့ ပြန်ပြီး အသေမခံဘူး.. မနေစေချင်ရင် နင်တို့ပဲ ဘေးလွတ်ရာ ပို့ပေးကြလို့ ပြန်တောင်းဆိုတဲ့အခါမှာတော့ တရုတ်ရဲတွေလည်း အတင်းမမောင်းထုတ်ကြဘူးလို့ ပြောပါတယ်.. ကလေးတွေကတော့ လွယ်ဂျယ်ဘက်ကို ကူးပြီး ကျောင်းသွားသွားတက်ကြသူတွေရှိတယ်.. လွယ်ဂျယ်နဲ့က နည်းနည်းတော့ ဝေးပါတယ်.. နေတော့ တရုတ်ပြည်.. ကျောင်းကို ဗမာပြည်မှာ သွားတက်တယ်ဆိုလို့ သိပ်ခက်ခဲတယ်တော့လည်းမဟုတ်ပါဘူး.. လွယ်ဂျယ်ဘက် နယ်ခြားစည်းက ကြယ်ခေါင်-မူဆယ်လို အခိုင်အမာ တံတိုင်းကြီးကာထားတာမျိုးမရှိဘဲ ဝါးကပ်ကလေးတွေပဲ ဖြစ်သလိုကာထားတာဆိုတော့ မနက်ခင်းဆိုရင်လည်း ဟိုဘက်ဈေးဆိုင် ဒီဘက်ဈေးဆိုင် ကူးသန်းဝယ်ရောင်းလုပ်နေကြတာပါပဲ.. မထူးဆန်းတော့သလိုဖြစ်နေတယ်..

 (ဟိုဘက်က မြန်မာပြည် လွယ်ဂျယ်မြို့.. ဒီဘက်က တရုတ်ပြည် လိုင်းရင်း.. ကဲ- ကျမ နယ်စပ်စည်းတည့်တည့်မှာ ရပ်နေပါပြီ)

ကျမတို့ဆို မနက်ခင်း ခေါက်ဆွဲစားဖို့ ဗမာပြည်ဘက်ကူးပြီး လွယ်ဂျယ်ဈေးထဲ သွားခဲ့သေးတယ်.. ဒါကြောင့် တွေးမိတယ်.. မမြင်ရတဲ့ နယ်ခြားစည်းဆိုတာတွေက အလကားပါပဲ.. တကယ်အရေးကြီးတာက လူအချင်းချင်း နားလည်မှု စာနာမှုတွေပဲ ဖြစ်လိမ့်မယ်လို့.. ဘာဖြစ်လို့လဲဆိုတော့ ကချင်လူမျိုးတွေက မြန်မာပြည်ရဲ့တစိတ်တပိုင်းဖြစ်နေပေမယ့် ခုမြင်ရသလောက်ကတော့ သူတို့က တရုတ်လူမျိုးတွေနဲ့ ပိုပြီးချစ်ခင်စည်းလုံးနေကြတာကိုး.. ကျမတို့ ရန်ကုန်လိုမြို့ကြီးဘက်ကလူတွေနဲ့ ကချင်ရွာသားတွေနဲ့ဆိုရင် ဘယ်လိုမှ စကားပြောဆိုလို့ကလည်း အဆင်မပြေ.. ယဉ်ကျေးမှုတွေ အနေအထိုင်ချင်းတွေလည်းမတူကြဘူးမဟုတ်လား.. တကယ့် ရွာသူရွာသား ကချင်တိုင်းရင်းသားတွေရဲ့ စိတ်သဘောထားအမှန်ကို ကျမတို့ သိခွင့်ရဖို့လည်းမလွယ်ဘူး.. ခုလို သွားဖြစ်လိုက်တော့ သိလာရတဲ့အတွက် တကယ်အကျိုးရှိတယ် ထင်မိတယ်..

ညဘက်ဆို ကျမတို့အိပ်တဲ့ တဲအပြင်ဘက်ကနေ ကလေးတွေ တပုံတမကြီး လာလာချောင်းကြည့်ကြတယ်.. ရောက်ခါစက အနားမကပ်တဲ့ ကလေးတွေဟာ ခုကျတော့ “ဆရာမတို့ကို ချစ်တယ်.. ဆရာမတို့ကို စိတ်ဝင်စားတယ်”ဆိုတာကို ထပ်တလဲလဲ အပြင်ကနေ အော်ပါတယ်.. ကျမတို့ကို စာလေးတွေ ရေးပေးလိုက်တယ်.. မြန်မာစာ တလွဲတချော်လေးတွေနဲ့ပါ.. ကျမတို့ကလည်း စာတွေပြန်ရေးပေးထားခဲ့ပါသေးတယ်.. သူတို့နဲ့ ဟိုပြောဒီပြော စကားတွေပြောပြီးရင် အိပ်တော့မယ်နော်.. သွားအိပ်ကြတော့လို့ နှုတ်ဆက်ရတာကတင် နာရီဝက်လောက် ကြာတတ်သေးတယ်.. တာ့တာလို့ ပြောပြီး မပြန်ကြသေးဘဲ ကျမတို့ကို ငြိမ်ပြီးစိုက်ကြည့်နေတတ်ကြပါတယ်.. ကျမတို့ကို မပြန်စေချင်ကြဘူး..

တကယ်က WPN ရဲ့ တကယ့်ရုံးချုပ်နေရာက ခု ကျမတို့ နေတဲ့နေရာနဲ့ ၁၅ မိနစ်လောက် ဆိုင်ကယ်စီးပြီးသွားရတဲ့နေရာမှာ ရှိပါတယ်.. အင်္ဂါနေ့ ညဘက်ကျတော့ အဲ့ဒိ ပင်ပရုံးချုပ်က volunteer လူငယ်တချို့ ကျမတို့ဆီလာလည်ပြီး စကားတွေ ပြောဖြစ်ကြတယ်.. အဲ့မှာ သူတို့ ပြောပြတဲ့ အဖြစ်ပျက်တစ်ခုက ကျမတို့ မျက်ရည်ကျတဲ့အထိ စိတ်ထိခိုက်ခဲ့ရပါတယ်..

———————————————–

အပိုင်း ၃ ဆက်ပါဦးမယ်..

  12 Responses to “အိမ်ပြန်ချင်တယ် (အပိုင်း ၂)”

  1. အခုလိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဒီလိုမွန်မြတ်တဲ့လုပ်ရပ်တွေဟာ တခြားလူငယ်တွေကိုလည်း inspiration တခုဖြစ်စေမယ်လို့ ထင်ပါတယ်။ အားပေးနေပါတယ်။

  2. မြန်မာပြည်ထဲမှာသာ ဆိုရင်တော့နန်းညီလေးတို့နဲ့လိုက်ဖြစ်မှာပဲ ။ အမက ကချင်-မြန်မာစပ်ဆိုတော့ ကချင်စကားလဲကောင်းကောင်းပြောတတ်တယ် ၊ အထောက်အကူတခုတော့ ဖြစ်မှာပဲ ။ ကိုယ့်အမျိုးတွေ ဒုက္ခရောက်နေကြတာကို အပြင်ကနေ ကြည့်နေရတာ ငါးရိုးမျက်လက်တို ဘဝပါပဲ ညီမရယ် ။ ကျေးဇူးတင်ပါတယ် ။ God bless you all!

  3. [...] ဒါ အပိုင်း ၃ ပါ.. အပိုင်း ၁ နဲ့ အပိုင်း ၂ ကိုရေးပြီး တင်ပြီး ဒီအပိုင်း ၃ [...]

  4. chye ju kaba dik sai…ngai mung Ruili kaw nga ai re … garum mai baw nga yang chye ju hte tsun dan rit … envy uuu!!!!!!!

  5. မျက်ရည်ကျမယ့် အဖြစ်အပျက်ကို မဖတ်ရသေးခင် ဒါကို ဖတ်ရင်းမျက်ရည်လည်နေပြီ..

  6. ညီရေ.. စိတ်ဝင်စားဖို့ ကောင်းလိုက်တာ..

  7. Ma nan nyi nae sat thwe lo ya Mae ph phyit phyit address phyit phyit ti lo ya ka Lar

  8. [...] part two of her blog entry, she wrote about visiting old mills, or coal factories to find out about their needs. She wrote [...]

  9. အသေးစိပ်လေးရှင်းပြထားလို့ကျေးဇူးတင်ပါတယ် ဒီဆိုဒ်လေးကိုမ၀င်မိရင်ဒါတွေကို
    ကျွန်မသိရမှာမဟုတ်ပါဘူး

  10. welcome sweet home.

  11. ကိုယ်တိုင်မကြုံတွေ့ရပေမဲ့ အရမ်းကိုဝမ်နည်းမိတယ်။ မြန်မြန်ငြိမ်းချမ်းပါစေလိ့ဆုတောင်းနေမိတယ် အခုလိုသိခွင့်ရအောင်ဆောင်ရွက်ပေးတဲ့မနန်းကို အရမ်းကျေုဇူးတင်မိတယ်

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>