အမေရိကန်မှာ big year ဆိုတဲ့ ပြိုင်ပွဲတစ်ခုရှိတယ်.. တစ်နှစ်ပတ်လုံးမှာ ငှက်အမျိုးအစားပေါင်း ဘယ်နှမျိုးမြင်တွေ့ မှတ်တမ်းတင်နိုင်သလဲဆိုတဲ့ စံချိန်ကို ပြိုင်ကြတာပါပဲ.. ဆုကြေးလည်း မရဘူး.. ငှက် မဂ္ဂဇင်းမှာ ဆုစာရင်းကြေငြာရုံလောက်ပါပဲ.. Birding ကို စိတ်ဝင်စားတဲ့လူတွေပဲ ရူးရူးသွပ်သွပ် ခုံခုံမင်မင် ရှိတဲ့ကိစ္စဆိုပါစို့.. မြန်မာနိုင်ငံ ငှက်ကြည့်အသင်းက အကိုတော်တွေကိုတောင် ပြေးသတိရမိသေးတယ်.. ဖြစ်ပုံကဒီလို..
ကန်နီ ဘော့စတစ်ဆိုတာက အရင်နှစ်က ငှက်မျိုးစိတ်ပေါင်း 732 ကောင်မှတ်တမ်းတင်ထားနိုင်ပြီး ဗိုလ်စွဲထားတဲ့လူပေါ့.. ကမ္ဘာ့အတော်ဆုံး ငှက်ကြည့်သမားလို့တောင် ပြောစမှတ်ရှိကြတဲ့လူ.. ဒါပေမယ့် မိန်းမ (ဂျက်စ်) နဲ့ကျတော့ မပြေမလည်တွေဖြစ်နေတာ.. ဘာလို့ဆို တစ်နှစ်ပတ်လုံး အိမ်မှာ မနေဘဲ လျှောက်သွားနေတာကိုး.. ပြီးတော့ စတူး ပရီစလာ ဆိုတာကတော့ အသက် ၆၀ ကျော်အဖိုးကြီး.. ကုမ္ပဏီကြီးတစ်ခုရဲ့ CEO ရာထူးကနေ စွန့်လွှတ်ပြီး ဝါသနာပါရာလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ big year ကို ဝင်နွှဲမယ့်လူ.. နောက်တစ်ယောက်ကတော့ မိန်းမနဲ့ကွဲထားတဲ့ အသက် ၃၆ နှစ်အရွယ် ပရိုဂရမ်မာ ဘရက်ဒ် ဟားရစ်..
သူတို့ ၃ ယောက်စလုံး big year မှာ စံချိန်ချိုးဗိုလ်စွဲနိုင်ဖို့ အသီးသီးကြိုးစားတဲ့အကြောင်းကို အခြေခံပြီး ဇာတ်လမ်းကို ရိုက်ထားတာပါ.. ၃ ယောက်လုံးရဲ့ မတူညီတဲ့ character တွေ မတူညီတဲ့ ဘဝတွေကို ရောပြီးထည့်သွားတာလေးက သိပ်သိမ်မွေ့တယ်.. ဥပမာ – အဖိုးကြီး စတူး ရဲ့ ဝါသနာကို သူ့မိန်းမ သူ့သားနဲ့ ချွေးမက အပြည့်အဝ ထောက်ခံပေးတယ်.. အားပေးတယ်.. (ပိုက်ဆံလည်းချမ်းသာတော့ စိတ်သွားတိုင်းကိုယ်ပါတယ်ပေါ့လေ).. သူ့သားက သူ့ကို ချစ်ခင် အားကိုးတယ် .. သားအဖ ဆက်ဆံရေး ပြေလည်တယ်.. သူ့မိသားစုကို သူတွယ်တာတယ်ဆိုတာတွေကို သူ့သား ကလေးမွေးတော့ ကလေးနာမည်ကို သူ့နာမည်ဖြစ်တဲ့ စတူးဝပ်လို့ပဲ ပြန်ပေးထားတယ်ဆိုတာလေးနဲ့ ပြတယ်.. နေရာအနှံ့ခရီးတွေသွားပြီး ငှက်ကြည့်တော့ ဒေသတစ်ခုရောက်တိုင်း သူ့မိန်းမဆီ ဖုန်းဆက်တယ်.. အလွမ်းသယ်တယ်.. သူ့မိန်းမကလည်း အမြဲ ” I love you” လို့ ပြောတယ်.. “ကျမ အတွက် ရှားပါးငှက်မျိုးစိတ်တစ်ခုခု ရအောင်ကြည့်လာနော်”ဆိုတဲ့ စကားလေးနဲ့ အမြဲအားပေးတယ်..
ဘရက်ဒ်ကတော့ ငွေလည်းသိပ်မရှိ.. ဒီကြားထဲ အဖေကလည်း ဂွတီးဂွကျအဖိုးကြီးဆိုတော့ သူလုပ်သမျှ အားမပေး အကောင်းမထင်.. ဒီကြားထဲ အလုပ်ကလည်း အချိန်ပြည့်အလုပ်ဆိုတော့ အခက်အခဲတွေ အများကြီးကြားကနေ ဒါကို သူလုပ်ရတာ.. တစ်နှစ်လုံး အလုပ်လုပ်လိုက် ခရီးသွားလိုက်နဲ့ ပင်ပန်းပေမယ့် ဒီခရီးတွေကနေပဲ ဝါသနာတူတဲ့ စတူးနဲ့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်သွားခဲ့တယ်.. ပြီးတော့ သူနဲ့ ဝါသနာတူ ချစ်သူရည်းစားတစ်ယောက်ကိုလည်း ရလိုက်တယ်..
ကန်နီ တစ်ယောက်ကတော့ ဒါကိုပဲ အတင်းအသည်းအမည်းနိုင်ပြီး ယှဉ်ပြိုင်စိတ် အနိုလိုချင်စိတ်များလွန်းတော့ ပတ်ဝန်းကျင်က ဘဝတူ ငှက်ကြည့်သမားတွေကြားမှာလည်း သိပ်အဆင်မပြေ.. သူငယ်ချင်းရယ်လို့လည်း မရှိ.. ဒီကြားထဲ ဖြစ်ချင်တော့ ဂျက်စ် နဲ့ သူနဲ့ ကလေးယူဖို့အတွက် ဆေးရုံတူတူသွားရမယ့်နေ့မှာ သူ ၆ နှစ်လုံးလုံး လိုက်နေတဲ့ snowy owl ကို တွေ့တယ်ဆိုတဲ့သတင်းရလို့ ဆေးရုံမသွားဘဲ ငှက်နောက်လိုက်တာ ၁၀ လကြာသွားတယ်.. ပြန်လာတဲ့အချိန် မိန်းမက သူနဲ့ ကွဲမယ်လို့ ပြောတော့ စကားများကြတယ်.. “ကျမ ရှင့်ကို သိပ်ချစ်ပါတယ်.. ဒါပေမယ့် ဆက်ပြီးတော့ လက်တွဲဖို့တော့ မဖြစ်နိုင်တော့ဘူး” ဆိုတဲ့အချိန်မှာ သူ့မျက်လုံးအကြည့် ပြောင်းသွားတဲ့ပုံက တော်တော်ပီပြင်တယ်.. သိပ်ချစ်တယ် ပြောနေချိန်မှာ သူ့ မိန်းမကိုကြည့်တဲ့ အကြည့်က အားတက်မျှော်လင့်တဲ့အကြည့်.. ဒါပေမယ့် ဆက်ပြောတဲ့စကားကို ကြားတော့ သူ့မျက်လုံးတွေ မှုန်ဝေသွားတာ.. အား.. တော်တော်မိုက်တယ်.. ပြီးတော့ သဘောကျမိတဲ့စကားတွေရှိသေးတယ်..
“ကျမက ဂန္နီလို.. မိုးဇတ်လို တော်တတ်တဲ့လူတွေကို လိုချင်တာမဟုတ်ဘူး.. ကျမက ကျမအနားမှာ ရှိနေပေးချင်တဲ့ ကျမကို အရာအားလုံးထက် တန်ဖိုးထားတဲ့လူကို လိုချင်တာ”
“ငါမင်းကို တန်ဖိုးထားပါတယ် ဂျက်စ်”
“ဘာလဲ ခိုတွေ ဇီးကွက်တွေ စာကလေးတွေ မရှိတော့ရင်လား”
…………….
“ငါ ဒါကိုလုပ်ရမယ် .. ငါနိုင်မှ ရမယ်.. ငါပထမ ဖြစ်နေမှ လူတွေငါ့ကို သိမှာပေါ့.. ဒုတိယနေရာကလူကို ဘယ်သူမှ သတိတရမရှိကြဘူး ဂျက်စ်”
“ကျမ သိပါတယ်.. ကောင်းကောင်း သိတာပေါ့”
…………….
ဒါတွေက သူတို့ရန်ဖြစ်တုန်း အပြန်လှန်ပြောတဲ့စကားတွေ.. ဒုတိယနေရာကလူကို ဘယ်သူမှ သတိတရမရှိကြဘူးလို့ ပြောလိုက်ချိန်မှာ ဂျက်စ်ကတော့ ဖြတ်ရိုက်ခံလိုက်ရသလိုပဲ နာကျင်သွားရှာမယ်လို့ တွေးမိတယ်.. သူ့ ယောက်ျားကလည်း သူ့ကို ဒုတိယနေရာမှာ ထားတာကိုး.. ငှက်တွေကသာ ပထမနေရာမှာ ရှိတယ်လို့ သူတွေးထားတာကိုး.. ကျမသိပါတယ်လို့ သူ ပြန်ပြောတော့ ကန်နီကလည်း သူစကားမှားသွားမှန်း သတိထားမိပြီး စိတ်မကောင်းဖြစ်သွားတယ်.. ဒါပေမယ့် ပြန်ရှင်းပြလည်း မရတော့ဘူးဆိုတဲ့ အခြေအနေဆိုတော့ သူ သက်ပြင်းလေးသာ ချပါတယ်.. အဲ့ဒီအခန်းတွေမှာ သရုပ်ဆောင်သွားကြတာလေး သဘောကျတယ်.. အဲဒီစကားတွေကိုလည်း သဘောကျမိတယ်..
နောက်ထပ်တော်တော်လေး မှတ်မှတ်ထင်ထင် သဘောကျတာက နောက်ဆုံးသူတို့ year ပြီးတော့ နှစ်သစ်ကူးပြီး ငှက်စံချိန်တွေ ကြေငြာတဲ့အချိန်မှာပါ.. စတူးက မဂ္ဂဇင်းမှာပါတဲ့ ဆုစာရင်းကို ဘရက်ဒ်ဆီ ဖုန်းလှမ်းဆက်ပြီး ပြောတော့ .. ကန်နီက ပထမ .. ဘရက်ဒ်က ဒုတိယ.. စတူးကတော့ စတုတ္ထ.. ဒါပေမယ့် ဘရက်ဒ်က စတူးကို အားပေးစကားပြောတယ်..
“ဘာပဲ ပြောပြော ငါတို့လုပ်နိုင်ခဲ့တယ်.. ငါတို့ နိုင်ခဲ့တယ်.. ကန်နီက ငှက်တွေပိုရသွားတာ မှန်ပေမယ့် ငါတို့က သူထက်စာရင် တခြားဟာတွေ အများကြီးပိုရတာပဲလေ.. ငါဆိုလိုတာ မင်းသိလား” ..
သူက အဲ့ဒိစကားတွေပြောနေချိန်မှာ သူ့အနားမှာရှိတဲ့ သူနဲ့ စိတ်တူကိုယ်တူ ဝါသနာတူ ရည်းစားသစ်လေးကို မြတ်မြတ်နိုးနိုးကြည့်နေရင်း ပြုံးပြုံးလေးပြောတာပါ.. ဆိုလိုတာ သိလားလို့ အမေးခံရတဲ့ စတူးကလည်း မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ သူ့ကို အမြဲအားပေးထောက်ခံခဲ့တဲ့ သူ့မိန်းကို လှမ်းကြည့်ရင်း “အင်း ငါသိတယ်”လို့ ပြုံးပြုံးကြီး ပြန်ဖြေလေရဲ့..
ဟုတ်တယ်.. တခါတလေ ကျမတို့ဘဝမှာ လိုချင်တာဖြစ်ချင်တာတွေကို သိပ်ဦးစားပေးလွန်းရင် လိုအပ်တဲ့ချစ်ခင်ရတဲ့ အရာတချို့ကို ဆုံးရှုံးရတတ်ပါတယ်.. ကန်နီလိုပေါ့.. ကမ္ဘာ့အတော်ဆုံး ငှက်ကြည့်သမားဖြစ်လာဖို့ သူပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတန်ဖိုးကို သူပဲနားလည်မှာပါ.. ကလေးတွေနဲ့ မိန်းမနဲ့ ပျော်ရွှင်နေတဲ့ တခြားယောက်ျားတွေကိုမြင်တိုင်း မိသားစုတွေကို မြင်တိုင်း သူ့မျက်လုံးတွေ အရောင်မဲ့မှုန်မှိုင်းသွားရတာကို သူပဲ ခံစားတတ်လိမ့်မယ်.. ဘရက်ဒ်တို့ စတူးတို့လိုပဲ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားချစ်ခင်တတ်တဲ့စိတ် ရှိဖို့ ကျမတို့ ကြိုးစားရမှာပါ..
ကျမက အဲ့ဒိအချက်ကလေးကို သတိထားမိပြီး “Kenny may be got many birds, but we got a lots more than that” ဆိုတဲ့ စကားတွေကို သဘောကျနေချိန် ကျမ ချစ်သူက ပြောလေရဲ့..
“တော်သေးတာပေါ့ကွာ.. ကန်နီနိုင်သွားလို့.. မဟုတ်ရင် သနားစရာ” တဲ့..

ဆိုလိုတာက ကန်နီက ပထမ နန်းညီ က ဒုတိယ ဒီလိုလား မျက်လုံးက လဲ့နေရာက မှုံ တုန်လာကာ ဆက်ဝါးသွား