Jun 242012
 

မန္တလေးမှာတုန်းက ရေဒီယိုက ကြေငြာတာလားမသိဘူးကြားလိုက်မိတယ်.. မြန်မာ့သဘင်လောကဥသျှောင် ဂရိတ်ဦးဖိုးစိန် ကွယ်လွန်ပြီး အနှစ် ၁၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ လက်ရှိ ဇာတ်သဘင်လောကရဲ့ နာမည်ကြီးမင်းသားတွေက ဦးဆောင်ပြီး သဘင်ပွဲကြီးလုပ်မယ်တဲ့.. အဲ့ဒါကြားကတည်းက လုပ်မယ်ဆိုတဲ့နေ့ကို ဖုန်းမှာ note မှတ်ပြီး alarm ပေးထားလိုက်တာ..

 

၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့.. တစ်ပတ်လောက်အလိုမှာ ရန်ကုန်မြို့နေရာတော်တော်များများမှာ ကြော်ငြာဆိုင်းဘုတ်တွေမြင်ရပြီ.. မင်းသားတွေက ချမ်းသာ.. မိုးမင်း.. မိုးဝင်း.. ဦးဖိုးစိန် မြေး ညီဝင်းစိန်.. ညီဝင်းစိန် သား ဘယ်သူဆိုလား.. နောက် ဦးဖိုးစိန်မြစ်.. နောက်ပီး ကျော်ကျော်ဗို.. တင်မောင်ဆန်းမင်းဝင်း.. စွမ်းဇာနည်.. ဟန်ဇာမိုးဝင်း.. မင်းသမီးတွေလည်းများကြီးပဲ.. မို့မို့မြင့်အောင်တို့ လင်းဇာနည်ဇော် ခိုင်သင်းကြည် မေကဗျာ.. ဒါပေမယ့် လက်မှတ်တွေက တော်တော်ဈေးကြီးတယ်.. ၂ သောင်း၊ ၁ သောင်းခွဲ၊ ၁ သောင်း.. အေးပေါ့လေ ဒီလိုပွဲကြီး ဒီလောက်ဈေးတော့ရှိမှာပေါ့.. ခက်တာက ကိုယ်က မတတ်နိုင်တာလေ.. ဒါပေမယ့် ဒီလို မြန်မာအကတွေကို သဘင်ပညာကို ကိုယ်က သိပ်ချစ်သိပ်စိတ်ဝင်စားတယ်.. မရ ရအောင် ကြည့်မယ်ဆိုပြီး ကြံဖန်ရတော့တာ..၂၂ ရက်နေ့မှာ Press Show ရှိတယ်ဆိုလို့ အပြေးအလွှားသွားဖြစ်တယ်.. ထုံးစံအတိုင်း ကိုရဲအောင်သူနဲ့ပါပဲ.. အထဲမှာ သူက ဓာတ်ပုံတွေရိုက်.. ကိုယ်က တစ်နေရာထိုင်ပြီး အေးအေးဆေးဆေးပွဲကြည့်တာပေါ့လေ.. ပွဲအစ ဖိုးသင်္ကြန် တီးဝိုင်းရဲ့ဧည့်ခံတီးလုံးကနေ စပြီး နောက်ဆုံး နှစ်ပါးခွင်အထိ ကိုယ်တော့ တမေ့တမောပဲ.. သူ့စင် သူ့ပရိတ်သတ်နဲ့ အောင်မြင်နေတဲ့ နာမည်ရမင်းသားများဟာ ဒီပွဲကြီးမှာ ကျရာနေရာကနေ မခိုမကပ် ပျော်ပျော်ရွှင်ရွှင် ကပြသွားကြတာ အားရစရာကြီးပါ..

 

(နတ်ချော့နေတဲ့ ပွဲဦးအပျိုတော်.. သူတို့ဟာ တကယ်လည်း မကခင်ညကတည်းက ဘုရားကန်တော့ နတ်ကန်တော့ ကိုယ်စိတ်နှလုံး စောင့်ထိန်းရတယ် လို့ ကြားဖူးပါတယ်)

မင်းကြီးမင်းလေး ညီနောင် နတ်ချင်းကို တင်မောင်ဆန်းမင်းဝင်းနဲ့ ဦးဖိုးစိန်မြစ်ဖြစ်သူ စံဟိန်းက တူတူတွဲကသွားကြတယ်.. တင်မောင်ဆန်းမင်းဝင်းဟာ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ မျိုးဆက်ပါ.. စံဟိန်းက ဦးဖိုးစိန် မျိုးဆက်.. ဒါပေမယ့် သူတို့ လက်တွဲညီညီ အပေးယူမျှမျှ ကသွားကြတယ်.. ပရိတ်သတ်ထဲကနေ ထွက်လာလိုက် လျှောက်သွားလိုက် စင်ပေါ်တက်လိုက် လုပ်သွားတဲ့ ပုံစံက ရသအသစ်ကိုပေးတယ်.. “မရှက်ဘူးလား မကြောက်ဘူးလား သောက်ခေါင်ကျူးတဲ့ မင်းညီနောင်” .. နတ်ဒိုးသံနဲ့အတူ ကိုယ့်သွေးတွေဟာ ဆူပွက်.. ဇာတ်မင်းသားတွေကို မဂ္ဂဇင်းတွေဘာတွေထဲမှာ မြင်ရရင် မကြိုက်မိပေမယ့် ဇာတ်ဝတ်ဇာတ်စားနဲ့ မိတ်ကပ်နဲ့ မီးအလင်းထဲမှာ သဘင်ရဲ့ ဝိဥာဉ်က စီးဝင်နေတော့ သူတို့ဟာ သိပ်ချစ်စရာ ကောင်းလာပါတယ်..
(စံဟိန်းနဲ့ ဆန်းမင်းဝင်း)

ရှေးက မြေဝိုင်းသဘင်အကဟာ ကျေးလက်မှာ ရွာလည်မှာ ဆီမီးတိုင်ကြီးတွေနဲ့ ပရိတ်သတ်က ဘေးကဝိုင်းကြည့်ရတဲ့ ဟန်မျိုးပါ.. အရင်ခေတ်က မင်းသား မင်းသမီးတွေဟာ ပဝါတကမ်း လက်တကမ်းပဲ ကကြတယ်.. အသားမထိကြဘူး.. အဲဒါကို မင်းသား မိုးမင်း နဲ့ မို့မို့မြင့်အောင်က တွဲကပြသွားတယ်.. နောက်တော့ စင်ပေါ်ကို ရောက်သွားတဲ့ခေတ်ကို ပြတယ်.. မြေကြီးမှာ ဝိုင်းထိုင်ကြည့်ခဲ့တဲ့ ပရိတ်သတ်က ခုတော့ စင်အောက်ကနေ ကြည့်တဲ့ပုံစံမျိုး သရုပ်ဖော်ပေးတယ်.. စင်ပေါ်တက်တဲ့ခေတ်မှာတော့ ဦးဖိုးစိန်တို့ ယောက်ျားမင်းသမီး အောင်ဗလတို့ခေတ်ဖြစ်သွားပြီ.. အဲ့ဒီမှာ မင်းသား မင်းသမီးက တို့ကာ ဆိတ်ကာ နဲ့ မောင်တို့မယ်တို့ က တယ်.. အောက်က ပရိတ်သတ်က ဒါမျိုး အဆန်းဖြစ်နေတော့ တအား အားပေးကြတာပေါ့.. အဲ့ဒီသဘောသဘာဝလေးကိုပါ ထည့်ပြသွားတာ သိပ်သဘောကျဖို့ကောင်းပါတယ်.. အဲ့ဒီမှာတော့ ဟန်ဇာမိုးဝင်းက မင်းသား.. စွမ်းဇာနည်က ယောက်ျားမင်းသမီး အနေနဲ့ မိန်းကလေး နေရာကနေ ကပြသွားပါတယ်..

 

(ဒါက မြေဝိုင်းခေတ်အကစတိုင်.. မိုးမင်းနဲ့ မို့မို့မြင့်အောင်)
(ဒါက စင်ပေါ်ရောက်နေပြီ မင်းသားမင်းသမီး ထိပွေ့နေပြီ.. ဟန်ဇာမိုးဝင်းနဲ့ စွမ်းဇာနည်ပါ)

နောက်ထပ် မှတ်မှတ်ထင်ထင်ကတော့ ဥမ္မာဒန္တီဇာတ်ပဲ.. ဇာတ်တွေက အစအဆုံးမဟုတ်ဘဲကောက်နှုတ်လောက်ပဲ အတိုလေးတွေ ဖြတ်ကကြတာပါ.. သိဝိ မင်းနေရာမှာ မင်းသားကြီး ချမ်းသာ.. ချမ်းသာကို ရွဲကုန်သည်ဇာတ်မှာတစ်ခါကြည့်ဖူးပြီး တော်တော်ကြိုက်ခဲ့ဖူးတယ်.. သူ့ အသံ သူ့ဟန် နဲ့ သရုပ်ဆောင်ပုံက သဘာရင့်နေတာကို တော်တော်လေးသိသာစေပါတယ်.. ခုလည်း ဥမ္မာဒန္တီလုပ်တဲ့ မင်းသမီးခိုင်သင်းကြည် .. ညီတော် အိမ်ရှေ့မင်း (ဥမ္မာ့ယောက်ျား)နေရာက မင်းသားနဲ့ တွဲပြီး အကောင်းဆုံး သရုပ်ဆောင်သွားတာ တော်တော်လေး သဘောကျဖို့ ကောင်းပါတယ်.. မိန်းမတစ်ယောက်ရဲ့ အလှမှာ ယစ်မူး.. ပိုဆိုးတာက အဲ့ဒိမိန်းမဟာ ကိုယ်မလိုချင်ဘူးလို့ ငြင်းခဲ့မိတဲ့ အလှပဂေး ဖြစ်နေတော့ စိတ်တွေဂယောက်ဂယက်ဖြစ်သွားရတာကို ကောင်းကောင်းသရုပ်ဖော်သွားနိုင်တယ်..

 


(ရထားပေါ်က ဘုရင်ကြီး ဥမ္မာမြင်လို့ အရူးအမူး)
ပြီးတော့ မင်းသမီး တစ်ယောက်.. နာမည်မေ့သွားရပြန်ပြီ.. ဆုတွေများကြီးရထားတဲ့ နာမည်ကြီးပါပဲ.. (ခိုင်သဇင်သင်း လို့ သူငယ်ချင်း အောင်ဖြိုးက ဖြည့်ပေးပါတယ်).. သူက ဒေါင်းမင်းဇာတ်မှာ ဒေါင်းမလေးနေရာက သရုပ်ဆောင်တယ်.. ဒေါင်းဖိုကြီးကို မုဆိုးက လိုချင်တော့ ကျော့ကွင်းထောင်ပြီး မွေးထားတဲ့ ဒေါင်းမလေးနဲ့မျှားတယ်ပေါ့.. အဲ့ဒိမှာ ဒေါင်းမလေး တေးကျူတဲ့အခန်းမှာ ကသွားတာလေ.. အား… speechless.. တကယ့်ကို ငှက်မလေးလိုပဲ ပေါ့ပေါ့ပါးပါး မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့.. လက်မှာ တပ်ထားတဲ့ ဒေါင်းတောင်တွေကလည်း တဖျပ်ဖျပ်.. သူ ကနေတုန်းမှာ တစ်ရုံလည်း ငြိမ်သက်လို့ မျောပါနေကြ.. အကလည်း ဆုံးရော လက်ခုပ်သံတွေ ဝေါကနဲ ထွက်လာတာ သူ့အစား ကိုယ့်မှာ ပီတိဖြစ်ရသေးတယ်.. ကောင်းလိုက်တာ ကောင်းလိုက်တာ.. ကြက်သီးတွေတောင် ထပါတယ်ဆို..
ရွှေအိမ်စည်နဲ့ ပရိက္ခရား ဇာတ်မှာ ရွှေအိမ်စည်အဖြစ် သရုပ်ဆောင်တဲ့ တင်ဇာမိုးဝင်းရဲ့ မျက်နှာပေးကို သဘောကျမိတယ်.. ထည်ဝါတယ် ချောမောတယ်.. တည်ကြည်တယ်.. အချစ်နဲ့တွေ့တဲ့အခါမှာ ရှက်သွားတာလေးတွေ မျက်လွှာချတာလေးတွေ ကောင်းတယ်.. ပရိက္ခရားလုပ်တဲ့ ကျော်ကျော်ဗိုကတော့ သာမန်ပါပဲ.. လှလှပပ တောက်တောက်ပြောင်ပြောင် ဝတ်စားပြီး ခပ်သွက်သွက်အကတွေနဲ့ ပရိတ်သတ်ကို ဖမ်းစားတယ်.. မိုးမင်းတို့ မိုးဝင်းတို့ဟာ ဒီဇာတ်ထဲမှာ ဘာမှ မပြောပလောက်တဲ့ အခန်းကနေ သရုပ်ဆောင်တယ်.. ဒါပေမယ့် မငြီးမညူ မခိုမကပ်ပါပဲ..
နောက်တော့ အားလပ်ချိန်ပေးတယ်.. မုန့်ထွက်စားရင်း သတိထားမိတာရှိတယ်.. စိတ်ပျက်စရာပါ.. ကောင်မလေး၂ ယောက်.. တက္ကသိုလ်ကျောင်းသူအရွယ်လောက်တွေ.. မြန်မာမတွေမှန်း သိသာပေမယ့် သူတို့အချင်းချင်း ဘာလို့ရယ်မသိ အင်္ဂလိပ်လိုပြောကြတယ်.. လူကြားထဲမှာ ဗလွတ်ဗလွတ်နဲ့.. ပြောနေတာတွေက ဘာမှလည်း မဟုတ်ပါဘူး.. စားမလား မစားဘူးလား.. လူများတယ်နော်.. လူတွေ ဒါကိုကြိုက်ကြတာ ငါအံ့သြမိတယ်.. ဘာညာ ပေါ့.. ဘာကြောင့် မြန်မာလို မပြောလဲ နားမလည်မိဘူး.. တိုက်တိုက် ဆိုင်ဆိုင် မနက်ခင်းကမှ အန်တီစုရဲ့ ဗမာလို ကြိုးစားပြောပါ ဆိုတဲ့ အမေးအဖြေ ဗီဒီယိုကလစ် အတိုလေးကို ကြည့်ထားမိတယ်.. ထားပါတော့လေ..
အားလပ်ချိန်ပေးပြီး ၂ပါးခွင်ကို စတယ်.. မင်းသားတွေက အများကြီးဆိုတော့ အလှည့်ကျတွေလာကြတာပေါ့.. မင်းသားတွေ ဘယ်မျိုးဆက်ကဆင်းဆင်း ဘယ်လိုကက.. ဦးဖိုးစိန် ခြေကစားတဲ့အကွက်လေးတွေ ကြုံတိုင်းထည့်သွားတာလေးလည်း သတိထားမိပြီး သဘောကျနေတာ.. အတွဲ လူရွှင်တော် ၉ ယောက်နဲ့.. ပြီးတော့ ခုမှ သူတို့ပြောလို့ကိုယ်သိရတာက ၂ ပါးခွင်ဆိုတာ တိုက်မထားရဘူးတဲ့.. တီးဝို်င်းကလည်း မင်းသား အထာကိုနပ်ပြီး မင်းသားလှုပ်ရှားတာကိုကြည့်ပြီး တီးရသတဲ့.. လူရွှင်တော်တွေကလည်း ပြက်လုံးခွင်ကို လက်တန်းတွေပျက်သတဲ့.. နုတ်စ်တွေ ကွန်ဒက်တာတွေရှိမှ တီးလို့ဖြစ်တဲ့ နိုင်ငံခြား အော်ဂတ်စတြာတီးဝိုင်းတွေကို သနားမိတယ်.. မြန်မာ့ဆိုင်းတူရိယာတွေဟာ အကြားအာရုံကို အဓိကထားပြီး တီးကြတာလို့ကိုယ်ဖတ်ဖူးတယ်.. ပြီးတော့ ရှိရှိသမျှ အသံအားလုံးကို ပြန်ထုတ်ပေးနိုင်တာလည်း မြန်မာ့ဆိုင်းပဲ.. နှဲ အစရှိတဲ့ လေမှုတ်တူရိယာတွေဟာ သိပ်အံ့သြဖို့ကောင်းတယ်..

ဒီပွဲကြီးအတွက် သုံးထားတဲ့ အဝတ်အစားတွေ ဇာတ်ခုံအပြင်အဆင်တွေ လူအင်အားတွေကိုကြည့်ပြီး လက်မှတ် ၂ သောင်း ဟာ သိပ်တန်တယ်လို့ကိုယ်မြင်လာတယ်.. မြန်မာ့သဘင်ပညာ မြန်မာ့ရိုးရာ အကအလှတွေဟာ သိပ်နက်နဲပါတယ်.. ပြီးတော့ ခမ်းနားတယ်.. ကြိုးစား ထိန်းသိမ်းနေကြတဲ့ ပညာသည်တွေကို လေးစားမိပါတယ်.. သဘောလည်း သိပ်ကျတယ်.. ဒီလိုပွဲကြီးမျိုးတွေဟာ မကြာခဏ ရှိသင့်တယ်လို့ထင်မိတယ်.. ခေတ်သစ်လူငယ်တွေဟာလည်း ဒီလိုရိုးရာအမွေအနှစ်ကို တန်ဖိုးထားတတ် ထိန်းသိမ်းတတ်မှသာ ဒါတွေဟာ အဓွန့်ရှည်တည်တံ့မယ် မဟုတ်လား.. ပွဲစီစဉ်သားများကို ကျေးဇူးတင်မိပါတယ်.. ဒါတွေ ကမ္ဘာကို ချပြနိုင်လို့ ဂုဏ်ယူပါတယ်..ပျော်ရွှင် စိတ်ကျေနပ်ခဲ့ရတာလည်း အမှန်ပါပဲ.. 

 

  14 Responses to “ဇာတ်သမားလာရင် မှတ်သားစရာပါတယ်”

  1. ကျေးဇူးအထူးတင်ပါတယ်နန်းညီရေ…။ သည်လိုပွဲမျိုး မကြည့်ရတာ အတော်ကြာခဲ့ပြီ။ သွားကြည့်ဖြစ်လိုက်တဲ့ နန်းညီကိုယ်စား မုဒိတာပွားရပါတယ်.။

  2. ကြိုက်စ်
    like!

  3. သိပ်ကောင်းလို့ သိပ်ကောင်းတယ်လို့ပဲ မန့်မသွားပါတယ် ညီမရေ ..။

  4. ပဋိက္ခရား မဟုတ်လားအေ့..
    ပရိက္ခရားတော့ မကြားဖူးလို့…။
    ကျေးဇူးတင်ပါတယ်…။
    အခွေထွက်ရင် လိုချင်ပါတယ်…။

  5. ရေးပေးတင်ပေးလို့  ကျေးဇူး နည

  6. We old age like very much our traditional Zat Thabin. Your share is very good performance for all. I agree this is very much valuable compare to one thousand kyats. Moe Min said it should be 5 thousand like. Until I agree him but our family see in TV, first day we sleep at 1.00 pm and very much tire. We can not see more for Nhet Par Thwar. We consider to see when VCD come out.

    Then the next day we sit again see again but performance is same as yesterday till Phowa youte celebration. So that we are very dull of and child, father, mother went to bed. I am no complaining, condemning but I am considering those go and see with charges and wanted to see more variety will disappointed.

    I realized that Myanmar traditional is not mush easy and very much tired and professional . But this century is more tactical and verity so we wanted to more variety for our performance. Please make more left when Zat Tha Mar go back.

    Forgive me in writing in english because Myanmar typing takes more time for me. Have a pleasure for my suggest and up grade our tradition over the World, we will remain for all arts men.

  7. ! sorry for revised that compare to 10 thousand kyats and Mo Min said 50 thousand kyats .

  8. မကြိုက်တာတစ်ခုက ဆန်းမင်းနဲ့ စံဟိန်း မင်းကြီးမင်းလေး ကတဲ့ ခွင်မှာ ..
    ပရိသတ်ထဲ ဝင်ပြီး နတ်ဆက်သလို ဆက်ကြတဲ့ ငွေတွေ ယူသွားကြတာပဲ ။
    အမြင်မတင့်တယ်လှဘူးဗျာ ။ ကိုယ် တစ်ယောက်တည်းရဲ့ အမြင်ပါ ။း)

    • အင်း.. ဒီလိုပွဲကြီးမှာလို့ မြင်ရင်တော့ တမျိုးဖြစ်တယ်.. ဒါပေမယ့် ပုံမှန်ဇာတ်ပွဲတစ်ခုအနေနဲ့လို့ မြင်ရင်ဖြစ်ဖြစ် နတ်ရဲ့သဘောလို့ မြင်ရင်ဖြစ်ဖြစ် သဘာဝကျပါတယ်လေလို့ လက်ခံနိုင်စရာဖြစ်သွားပါလိမ့်မယ်.. =)

  9. share သွားပီ မနန်းညီရေ့…

  10. ဥမ္မာဒန္တီ၏ စာဖွဲ့ရန် ခဲယဉ်းသော ရုပ်အလှ ကြောင့် ယစ်မူးတွေ ဝေကာ နေမထိ၊ ထိုင်မထိ ဖြစ်သွားသော သိဝိမင်းကြီးသည် ဥမ္မာကြောင့် ရူးလေရာ ၀န်ကြီး တွေ ပါ ခပ်ပေါပေါ အရူးတွေ ဖြစ်ကုန်ကြလေသည်။ကိုရီယား ကားများတွင် ဘုရင် များလည်း တဏှာ ပိုးမျိုးရွပိုး ထိုးသော်လည်း လူမျိုးရဲ့ ဂုဏ်သိက္ခာ မဲ့လောက်အောင် ရူးမပြချေ။ယခုမူ ရူးရုံ မက ပေါပြလေသည်။ဇာတ်ပြန်လျှင် မှတ်ရန်ကျန်ရသည် ဆို သော်လည်း အဓိက ဇာတ်အိမ် အနှစ် ဖြစ်သည့် ဘယ်ဒေါက်တာ၊ ဘယ်စိတ္တဇ ဆေးရုံကမှ လက်ခံ၍ မပေးနိုင်လောက်အောင် အရူး မပျောက်ဖြစ်နေသည်ကို အရူးပျောက်သွားတော့သည်မှာဘယ်ဆရာဝန်က ကု၍မဟုတ်၊ သူ့ကို သူ့ပညာဖြင့် ဆင်ခြင်သည် ..သိဝိမင်းကြီး သူ့ကို သူပြန်၍ ကုခြင်းဖြင့် အရူး ပျောက်သွားခဲ့လေသည်။ထို အနှစ် တွင် ပေါ်လွင် အောင် မက ပြနိုင်ပေ…

    ထို့ထက်ဆိုးသည် မှာေ ရွှအိမ်စည်နဲ့ ပရိက္ခရား ဇာတ်ဖြစ်ပြီး ကျော်ကျော်ဗို က ကုလားက က ၍ ကျန်စစ်မင်း သမီးတော် ပါ လေထဲ မြှောက် ကပြီး ကုလား ဗမာ အချစ် ဇာတ် ခင်းပြလေသည်။လေထဲ က ပြန် အကျ မင်းသမီး ဗိုက် ထဲက ကုလား ပေါက် တစ်ဒါဇင် လောက်ထွက် မကျ သဖြင့် တော်ပေသေး၏။
    ခောတ် အခြေ အနေအရ ကစရာ ဇာတ် ဒီလောက်တောင်ရှာ လေရော့ သလား?ပရိတ်သာတ် အပေါင်းလည်း ကျော်ကျော်ဗိုလ် အား စစ်တွေ ပို့ချင် စိတ် ပေါက်မိကုန်ကြလေသည်

    • ကိုရီးယားကား ဆိုတာရုပ်ရှင်ပါ.. ရုပ်ရှင်မှာက အနီးကပ်ရိုက်ချက်တွေ အသံအထူးပြုတွေ ထည့်နိုင်တဲ့အတွက် မျက်လုံးတစ်ချက်အကြည့် ချောင်းတစ်ချက်အဟန့်ကတောင် ပရိတ်သတ်က ရိပ်မိဖမ်းစားနိုင်ပါတယ်.. ပြဇာတ်နဲ့ ဇာတ်သဘင်ကတော့ လုပ်ထုံးလုပ်နည်းအရကိုက အဆို အပြော အငို အဟန် တွေနဲ့ သရုပ်ဆောင်ရတာကိုး.. ပြီးတော့ ထင်ထင်ရှားရှားလုပ်ပြမှ စင်အောက်က အဝေးက ပရိတ်သတ်က ဟန်ကိုဖမ်းမိနိုင်မှာ.. မျက်လုံးအကြည့် ပြရုံနဲ့ အောက်ကပရိတ်သတ်က မမြင်နိုင်ဘူး.. သဘောတရားကွာပါသေးတယ်.. ပြဇာတ် သဘင် ကြိုက်တဲ့လူက အဲ့ဒါတွေနားလည်ပြီး အဲဒီ အပိုတွေလုပ်ပြတဲ့ ရသကိုလည်း နားလည်တတ်မှ အဆင်ပြေမယ်ထင်ပါတယ်.. ခုအတိုင်းဆို nyikae က ပြဇာတ်ပရိတ်သတ် မစစ်သေးဘူးလို့ ကျမတော့ စွပ်စွဲချင်တယ်.. =D

  11. နန်းညီရဲ့ ဘွမှာ ပထမဆုံးစာမူခရဖူးတဲ့စာကို print media မှာပါပီးမှပဲ ဖတ်ဖြစ်ပါတယ် :D

  12. ကိုယ့် ရိုးရာ ယဉ်ကျေးမှု ကို ကိုယ် မှ မထိန်းသိမ်းရင် ဘယ်သူတွေက ထိန်းသိမ်းမတဲ့လဲ … ။ အသက်နည်းနည်း ရလားလို့လား မသိဘူး … ။ အခုနောက်ပိုင်း မြန်မာသံတွေ နားထောင်ရတာလည်း ကျွန်တော်ကြိုက်တတ်လာတယ် ။ သူများ နိုင်ငံက အောင်မြင်တဲ့ အနုပညာရှင်တွေက သူတို့ စူးစိုက်ရာ အပေါ်မှာ အင်ပြည့်အားပြည့် အားစိုက်လုပ်ဖြစ်ခဲ့ကြလို့ သာ အဲလို အောင်မြင်မှုတွေ ရကြတယ် လို့ မြင်ပါတယ် ။ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှု ကို လုပ်နေကြတဲ့ သူတွေကိုလည်း အဲလို အင်ပြည့်အားပြည့် အားစိုက်မှုမျိုးနဲ့ ဟိုးအရင် ခေတ်ကလို ဂန္တ၀င်တွေ ဖန်တီး ပြနိုင်ဖို့ ဆုတောင်းမိပါတယ် ။

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>