Jul 302012
 

တကယ်ဆို အဲ့သည့်နေ့က နေတွေပူနေသည့်နေ့ ဖြစ်သင့်သည်..

မေလ အလည်၏ နေ့လည် ၁၁ နာရီ ကွင်းပြင်ကြီးမှာ အလင်းရောင်က စူးစူးရှရှ.. လူတွေက ချွေးတလုံးလုံးနှင့် အားလုံးနွမ်းနယ်ဖျော့တော့၍ ပင်ပန်းနေသည် ဆိုတာမျိုး ဖြစ်နေသင့်သည်ရယ်လို့ တွေးနေပေမယ့် တကယ်တမ်းကျတော့ နွေလည်မိုးက တဖြောက်ဖြောက်နဲ့ အပူဒဏ်သက်သာအောင် ဖန်တီးနေသလို.. တမျိုးတဖုံတော့လည်း ဝမ်းနည်းဖို့ ကောင်းသားပဲရယ်လို့ ဖြေသိမ့်တွေးနှင့် ကျေနပ်ရပြန်သည်..

ကိုယ့်ဘဝမှာ ဖြေသိမ့်တွေးတွေနဲ့ နေသားကျခဲ့တာ ၂၅ နှစ်.. ခုလို ဘဝကိုကျောခိုင်းချိန်မှာလည်း ဖြေသိမ့်နေရပြန်တာပဲလား.. ကိုယ်မကြိုက်သော မိန်းမဆန်သည့် အင်္ကျီဝတ်ထားရသည်ကိုလည်း ဖြေသိမ့်ကျေနပ်ရတော့မည်လား.. ဘယ်ပန်းကိုမှ ဘယ်တုန်းကမှ မကြိုက်နှစ်သက်ခဲ့ပါဘဲနှင့် ခုတော့ ပန်းများထုံလွှမ်းသည့် နေရာတစ်ခုမှာ လှဲလျောင်းနေရသည်ကို ဖြေသိမ့်ကျေနပ်ရတော့မည်လား.. ကိုယ်မနေချင်ဘူး မနေချင်ဘူး.. မနေချင်ဘူး.. မနေချင်ဘူး..

မေမေသည် မျက်လုံးများနီရဲမို့အစ်လျက် ကိုယ့် လက်ချောင်းလေးများကို ဆုပ်ကိုင်ကာ ကိုယ့်မျက်နှာကို စိုက်ကြည့်နေလျက်ရှိသည်.. မေမေ ဝမ်းနည်းသလား.. ကိုယ့်ထက်ငယ်ရွယ်သော ပျိုမြစ်နုနယ်သော တက်ကြွပြီး ပျော်ရွှင်တတ်သော သမီးကလေး ကိုယ့်ထက်အလျင် ထွက်ခွာသွားသည်မှာ ထင်မှတ်မထားသော အရာမို့ မေမေ အံ့သြထိတ်လန့်ရှိလိမ့်မည်.. ယူကျုံးမရ ဝမ်းနည်းပြီး အားငယ်နေရှာမလား.. ခပ်လှမ်းလှမ်းမှာ ငူငူငေါင်ငေါင်ထိုင်နေသည့် ဖေဖေကရော အသည်းနှလုံးတို့ ကွဲကြေထိခိုက်နေရှာမလား.. ကိုယ်သည် ဘဝမှာ ပျော်ရွှင်မှုလည်းရခဲ့ရပြီး စိတ်ကျေနပ်ဖွယ် အလုပ်အကိုင်နှင့် ကိုယ့်အတိုင်းအတာနှင့်ကိုယ်တော့ အောင်မြင်လက်ခံနိုင်သည့် ဘဝကို ပိုင်ဆိုင်ခဲ့ပြီမို့ ခုအချိန်မှာ အသက်သေရသည်ကို ဝမ်းမနည်းပေမယ့် မိဘတို့ မျက်ရည်များ ကျဆင်းနေသည်ကို မြင်နေရခြင်းကတော့ စိတ်ထိခိုက်ဖွယ်ပင်..

ကိုယ့်ချစ်သူသည် လူစုလူဝေးများနှင့် ခပ်လှမ်းလှမ်းမှာ မတ်မတ်ရပ်လျက် ဘာကိုမှ မမြင်သလို အပြင်ဘက်သို့ ငေးမောနေသည်.. သူ့စိတ်ထဲ နောင်တတချို့တလေရှိနေမလားလို့ ကိုယ်သိချင်လှပါ၏.. မပြောဖြစ်ခဲ့သော စကားတချို့ မဖော်ပြဖြစ်ခဲ့သော အပြုအမူတချို့တို့ သူ့မှာ ရှိနေလေမလား.. မျက်ရည်ဝဲသောမျက်လုံးတို့သည် နာကျင်ခံစားမှုကိုဖော်ပြနေကြသော်လည်း သူငိုကြွေးသလား ကိုယ်သိချင်ပါသည်.. သူ ငိုသလား.. ကိုယ့်အပေါ် သိပ်ချစ် မြတ်နိုးခဲ့ဖူးသော ယောက်ျားတစ်ယောက်သည် ကိုယ့်ကိုအပြီးပိုင်ဆုံးရှုံးလိုက်ရပြီဟု သိလိုက်ချိန်မှာ သူထာဝစဉ်တင်းမာ စောင့်ထိန်းခဲ့သော မာနတရားတို့ကို ခဏဖယ်ခွာလျက် ကိုယ့်အတွက်ငိုကြွေးခဲ့လေသလား..

ကိုယ့်အနားမှာ စုရုံးရောက်ရှိနေသော သူငယ်ချင်းများ မိတ်ဆွေများ ဆွေမျိုးတို့သည်လည်း ငိုကြွေးကြလေသလား.. သေချာပြန်စဉ်းစားကြည့်ပြန်တော့ သူတို့ ငိုကြွေးသည်ကိုလည်း ကိုယ်မမြင်လိုပါ.. လောကမှာ လူတို့သည် မျက်ရည်ဖြင့် စိတ်ခံစားမှုတို့ကို ဖော်ထုတ်ဖြေလျော့ကာ သက်သာစေသည်ဆိုလျှင် ကိုယ့်သေဆုံးခြင်းမှာ သူတို့ငိုကြွေးခြင်းဖြင့် ကိုယ့်ကို မေ့လျော့ဖို့ အားထုတ်ကြခြင်းသာဖြစ်လိမ့်မည်.. ကိုယ့်ကို မေ့လျော့သွားမည်ကိုလည်း ကိုယ်ကြောက်လှပါသည်.. ကိုယ်ကသာ လူပေါင်းများစွာကို မေ့လျော့လျစ်လျူရှုခဲ့ဖူးသော်လည်း ကိုယ့်ကို မေ့လျော့ပစ်ကြမည်ကိုတော့ မလိုလားနိုင်.. ကိုယ်ကသာ အလျင်စွန့်ခွာထွက်သွားသော်လည်း ကိုယ့်ကို ချစ်ခင်သူများက စွန့်ခွာထွက်သွားမည်ကိုတွေးကြောက်ခဲ့တာလည်း အမှန်ဘဲမို့ ကိုယ် တော်တော်တကိုယ်ကောင်းဆန်သည်ဟု ပြောမည်ဆိုလျှင်လည်း လက်ခံလိုက်ဖို့ရာပင်..

ကိုယ့်ညီမလေးသည် အတူလိုက်ပါပို့ဆောင်ကြသည့် ပရိတ်သတ်များအတွက် အပြန်ကားများကို စီစဉ်နေရင်း အလုပ်ရှုပ်လျက်ရှိသည်.. သူတို့လာကြတုန်းက ကိုယ်သတိမထားမိ.. ခုမှကြည့်မိတော့ ကိုယ့်ဆီလာသည့် ဧည့်သည်များ၏ကားများသည် အဖိုးတန်များချည်းဖြစ်နေကာ အများစီးသည့်ကားများကပင် လေအေးပေးစက်တပ်ဆင်ထားသည့် မှန်လုံကားများဖြစ်နေခြင်းပင်.. ကိုယ့်ကိုကိုယ် ပကာသန မက်သည်လို့ဘယ်တုန်းကမှ မထင်ခဲ့ဖူးသော်လည်း ယခု မြင်ရတော့ ကိုယ်တော်တော် အကောင်းကြိုက်မှန်း သိသာသွားသည်.. ကြည့်စမ်း.. သူများတကာတွေ ဘီအမ်ကား စုတ်စုတ်များနှင့် မသက်မသာလာရချိန်မှာ ကိုယ့်အတွက်လာသည့်လူများကတော့ အကောင်းစားကားတွေနှင့်.. ဂုဏ်မက်သည်ပဲ ပြောပြော ကိုယ်တော်တော်သဘောကျသွားတာတော့ ဝန်ခံရမည်.. လူတစ်ယောက်သေဆုံးချိန်မှာ သူ၏ စိတ်ဓာတ်အကောင်းအဆိုးတို့သည် မသေဆုံးသေးဘဲ ရှိနေတတ်သည်လား.. ဘေးလူများက ကိုယ့်အကြောင်း အဆိုးအကောင်း ဝေဖန်သည်ကို မကြားရခင်မှာဘဲ ကိုယ့်စိတ်၏ အဆိုးအကောင်းတို့ကို လှစ်ခနဲသိမြင်ရခြင်းကတော့ တန်သည်ဟုပဲ ဆိုရမလား..

တကယ်တမ်းတော့ ကိုယ်သေလျှင် ကိုယ့်ရုပ်အလောင်းကို လှူပစ်ဖို့ စိတ်ကူးရှိခဲ့သည်.. မကြာခဏလည်း ပြောဖူးပါလျှက်နှင့် ခုတော့ ဘယ်လိုဖြစ်ရသည်မသိဘဲ ဒီနေရာမှာ လဲလျက်မြင်ရခြင်းပင်.. တရားဝင်စာရွက်စာတမ်းများနှင့် ဆေးရုံမှာသွားလှူရသည်ကို သိခဲ့သော်လည်း အလုပ်မအားလို့ ရုံးပိတ်ရက်မရှိလို့ ဟိုအကြောင်းဒီအကြောင်းများဖြင့် မသွားဖြစ်ခဲ့.. ကိုယ့်အိမ်ကလူများကလည်း ပြောတုန်းခဏသာ သဘောတူသယောင်ပြသော်လည်း တကယ်တမ်းမှာ ဘာကြောင့်မလှူဖြစ်ခဲ့သည်လည်းမသိ.. ကိုယ်ကလည်း အတင်းအကျပ် မတိုက်တွန်းမိ.. တကယ်တော့လည်း ကိုယ့်မသိစိတ်မှာ ဒီခန္ဓာကို တပ်မက်နေသေးသည်လား.. အချိန်မရွေး ကိုယ်သေသွားနိုင်သည်ဆိုတာကို လက်မခံချင်သလို လှူရမည့် စာရွက်စာတမ်းများကို သေချာမလုပ်ခဲ့မိသည်လား.. ကိုယ်သည် ခန္ဓာကိုယ်ကို မမက်မောပါဘူးဟု မကြာခဏပြောလေ့ရှိသော်လည်း ပြောသလောက်တော့ ဟုတ်ပုံမရချေ.. ကိုယ့်ဘာကိုယ် ပြန်၍လှောင်ရယ်လိုက်ရခြင်းက အတော်ပင်စိတ်သက်သာရာ ရစေကြောင်း ခုမှကောင်းကောင်းသိတော့သည်..

မေမေတို့ပင့်ဆောင်လာသည့် ဘုန်းဘုန်းများက ခပ်တိုးတိုး စတင်ရွတ်ဖတ်ခြင်းကိုပြုကြသည်..

ကိုယ်ထွက်သွားရတော့မည်လား.. ကိုယ်မကြာခဏ ရုပ်ရှင်များမှာမြင်ဖူးသလို အဖြူရောင်အလင်းတန်းများနှင့် ကောင်းကင်က လာခေါ်မည်လား သို့မဟုတ် ကြောက်စရာလူကြီးများက ငရဲသို့ လာရောက်ဆွဲခေါ်သွားမည်လား.. အို – ကိုယ် ငရဲတော့မကျတန်ကောင်းဘူးထင်သည်.. အလှူတိုင်းကို စိတ်ထားဖြူစင်စွာမဟုတ်သော်ငြားလည်း တချို့ အလှူများကိုတော့ တကယ်ပင် စေတနာ ၃ တန်ဖြင့် ကိုယ်လှူဒါန်းခဲ့ဖူးသည်.. သီလကို တတ်နိုင်သလောက် ကိုယ်စောင့်ထိန်းခဲ့ဖူးသည်.. အများအကျိုး ပတ်ဝန်းကျင်အကျိုးကို တကယ်ပင် စေတနာဖြင့် ကိုယ်လုပ်ဆောင်ခဲ့ဖူးသည်.. နတ်ပြည်မရောက်တောင် ကောင်းရာဘုံဘဝတော့ ကိုယ်ရောက်နိုင်သည်ပဲ..

ကြည့်လေ.. ကိုယ်က ကိုယ့်ကိုကိုယ်သိပ်အကောင်းကြီး ထင်တတ်လွန်းတာပဲ.. လူတိုင်းဟာ ကိုယ့်ကိုကိုယ်တော့ ဒီလိုပဲဖော့တွေးကြလိမ့်မယ်ထင်တယ်.. ကိုယ်တစ်ယောက်ထဲတော့လည်း မဟုတ်နိုင်ပါဘူး.. မိသားစုကို ချစ်သူကို ခွဲခွာလျက် တဝေးတလံ သွားရမှာ သိပ်ဝန်လေးသော ကိုယ်က အခုတော့ ဘယ်ဆီဘယ်မှန်းမသိတဲ့ဆီ သွားရတော့မည်.. လောကမှာ ဒီလိုပဲ မဖြစ်ချင်တာတွေ ဖြစ်တတ်တာပဲလား.. ကိုယ့်ဘေးမှာ ချစ်သူမပါ.. မိသားစုမပါဘဲ ကိုယ်သွားရတော့မည်လား.. သူတို့သွားသည်ဖြစ်စေ ကိုယ်ကသွားရသည်ဖြစ်စေ လက်ပြနှုတ်ဆက်ရချိန်တိုင်း မျက်ရည်ဝဲတတ်တဲ့ ကိုယ်ကလေ..

ဟိုတွေး သည်တွေးဖြင့် ဘာတွေရွတ်ဖတ်နေကြမှန်း ကိုယ်မသိလိုက်ဘဲ အမျှဝေသံသာ ကြားရသည်.. ပြုသမျှကုသိုလ်တို့ကို ကိုယ့်ကိုရည်စူး၍ အမျှပေးနေသူ ဤလူတစ်စုများထဲမှာ မစင်ကြယ်သော ကုသိုလ်တို့ ပေးနေသူ ဘယ်နှဦးမျှရှိနေမလဲ.. ဒီလို သံသယ ကိုယ် ထားကောင်းရဲ့လားလည်းမသိ.. သို့သော် ခွဲခြမ်းလို့ရနိုင်သောအရာလည်းမဟုတ်တော့ သာဓုကိုသာ စိတ်ထဲကနေ ညွတ်ညွတ်နူးနူးခေါ်လိုက်သည်.. နောက်တော့..

ကိုယ်သွားရတော့မည်လေ.. ရင်ကွဲမတတ်ငိုနေသော မေမေ နှင့် ညီမလေး က ယခုတော့ တည်ငြိမ်စွာပင် ကိုယ့်ကို နောက်ဆုံးနှုတ်ဆက်နေပြီ.. ဝဲကျနေပြန်သော ကိုယ့်ဆံပင်များကို ဖေဖေက သပ်တင်ပေးရင်း ကိုယ့်ချစ်သူက ကိုယ့်လက်ကို ဆုပ်ကိုင်ထားရင်း မျက်ရည်ပေါက်တချို့ လက်ခုံပေါ်သို့ကျလာတော့ ကိုယ့်လက်များပေါ်မှာ တကယ်ပင် အေးစက်စိုစွတ်သွားသလို..

မျှော်မှန်းထားသလို အလင်းတန်းတွေ ကြောက်စရာလူတွေကို မမြင်တွေ့ရ.. သို့သော် ကိုယ့်ရှေ့မှာ ပြတ်သားကြည်လင်လျက်ရှိသော မြင်ကွင်းများက ဝေဝါးလျက် တဖြည်းဖြည်းဝေးကွာနေသလို ကိုယ်ခံစားရနေခြင်းမှာ ကိုယ့်ထွက်ခွာခန်းပဲလား..

မမြင်နိုင်မှန်းသိပေမယ့် ကိုယ် လက်မြှောက်နှုတ်ဆက်လိုက်မိသည်..
နောက်တော့ ကိုယ် ပြုံးပါသည်..

[နန်းညီ.. ၃၀.၇.၂၀၁၂ ၊ ၀၀း၄၀ နာရီ]

  4 Responses to “သောကြာနေ့၏ အသုဘ”

  1. လုံးဝမိုက်တယ် …. ဟိုးအရင် ပြောပြောနေကျ အစမ်းသေကြည့်လိုက်ရသလိုပဲ …။ တခုပဲ … သိပ်တည်တည်ငြိမ်ငြိမ် လက်ခံလွန်းနေသလို ဖြစ်မနေဘူးလား

  2. နန်းညီရေ..အရမ်းကိုသဘောကျမိတဲ့ post လေး တစ်ခုပါပဲ။ အရမ်းကို မတည်မငြိမ်ဖြစ်နေတဲ့ ကိုယ့်စိတ်တွေ ဒီစာလေးဖတ်ပြီး ငြိမ်ကျသွားတာ အရမ်းသိသာတယ်။

  3. ညက ဘာလို့လာပြုံးပြပါလိမ့်မှတ်တယ်။ ဒါကြောင့်ကိုးး။

    ” ကိုယ့်ကို မေ့လျော့သွားမည်ကိုလည်း …. ပြောမည်ဆိုလျှင်လည်း လက်ခံလိုက်ဖို့ရာပင်.. ” ဒီနားမှာတော့ ငါပြုံးမိတယ်။

  4. မွေးဖွားလာတော့လည်း တစ်ယောက်တည်း ဆိုပေမယ့် … လောကထဲက ထွက်ခွာသွားရချိန်မှာ တစ်ယောက်တည်းလို့ တွေးဖြစ်တာက သံယောဇဉ်တွေအကြောင့် ပိုပြီး နာကြင်ရသလိုပါပဲ …

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>