မောင်သည် ကော်ဖီဆိုင်မှာ မေ့ကိုစောင့်ရင်း စိတ်မရှည်နိုင်အောင် ဖြစ်လာသည်.. ခုနကပဲ မက်ဆေ့ခ်ျပို့တော့ အောက်ရောက်နေပြီ တက်လာတော့မယ် ပြောတာ.. ဒဂုံစင်တာက ဘယ်လောက်များကျယ်တာမို့လို့ ခုထိမရောက်လာသေးတာလဲ.. ဧကန္တ ဈေးများအရင်ပတ်နေသလားမသိ.. တွေးရင်းစိတ်က ပိုပြီးတိုလာသည်.. အိမ်ကအထွက် ဖားသားကြီးနဲ့ ရန်ဖြစ်လာလို့ စိတ်တိုနေရတဲ့အထဲ.. တွေးနေရင်းမှာပဲ လျှပ်ပြာလျှပ်ပြာနဲ့ လာနေတဲ့ မေ့ကို မြင်လိုက်သည်.. တမင်ပင် မျက်နှာကို ရှစ်ခေါက်ချိုးလျက် ဟိုဘက်လှည့်နေလိုက်၏.. မေတော့ သိမယ်..
“မောင် စောင့်ရတာ ကြာသွားလား.. ဆောရီး.. မေတကယ်ကို ခုနက အောက်ထပ်မှာရောက်နေတာ.. တက်လာရင်း လမ်းမှာ မာမီ့အသိအန်တီကြီးနဲ့ တိုးလို့ သူမမြင်အောင် လှည့်ပတ်လျှောက်သွားပြီးမှ ဒီကို ဝင်ရဲတယ်.. မောင်စောင့်နေမှန်းသိပါတယ်ကွာ.. မောင်”
မေက သူ့မျက်နှာကို လက်ဖြင့် အုပ်ကိုင်လိုက်ကာ ဆွဲလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်ကြည့်၏.. ပြီးတော့ ချိုချိုကြည်ကြည်လေး ရယ်ပြနေတော့ သူ့ဒေါသတွေ ဘယ်ရောက်လို့ ရောက်ကုန်မှန်းမသိ..
“ဖယ်ပါကွာ.. ခုမှ လာချော့မနေပါနဲ့.. မာမီ့အသိအန်တီကြီးမြင်လည်း ဘာဖြစ်လဲ.. သူက ဘာပြောနိုင်မှာမို့လဲကွ”
“အော် မောင်ကလည်း.. တိုဖယ်လ်သင်တန်းလစ်ပြီး ဒီမှာ မောင်နဲ့လာတွေ့တာ သိရင် မာမီက သတ်မှာပေါ့.. တော်ကြာ ဟိုကို မြန်မြန်ပြန်ပို့လိုက်ရင် မောင်ပဲ ဒုက္ခ”
“မောင်လည်း ဖားသားကြီးနဲ့ ဒီမနက် အဲ့ကိစ္စ စကားများလာသေးတယ်.. UK သွားချင်ရအောင် မင်းက ဘာကောင်လဲ ဘာလဲ လုပ်နေလို့.. သားလည်း ကျောင်းတက်မှာပေါ့ ဘာညာနဲ့ ပြန်အော်ပေးလိုက်တယ်”
“စိတ်လျှော့ပါမောင်ရာ.. ချောင်းသာသွားမယ့်ကိစ္စလည်းရှိနေသေးတာ အိမ်နဲ့ ကတောက်ကဆဖြစ်ရင် မန်းနီးမရဘဲနေမယ်နော”
“အဲ့ဒါတွေကြောင့် သည်းခံနေတာ ချောင်းသာသွားဖို့ကို ၁ သိန်းလောက်နဲ့ ဘယ်လိုလုပ် ဖြစ်မလဲ.. ထပ်ပေးပါဆိုလည်း ခုထိ ပွကျိပွကျိ”
ပြောရင်း ကော်ဖီဖိုးရှင်းကာ မေ့လက်ကိုတွဲလျက် ထွက်လာခဲ့သည်.. မေက ဒီလိုလူရှုပ်သော ကော်ဖီဆိုင်မျိုးဆို မကြိုက်.. ဆိုင်ကောင်းကောင်းမှဖြစ်မည်.. ဒဂုံစင်တာအောက်ထပ်ရောက်သည်ထိ မေက အရင်လို ဘာဝယ်မည် ညာဝယ်မည် မပြော.. ကားနားရောက်တော့မှ..
“အလာတုန်းက အင်္ကျီလေးတစ်ထည်တွေ့တာ.. မဆိုးဘူး.. ဒါပေမယ့် ပိုက်ဆံမရှိသေးဘူး မောင်ရာ.. မဝယ်သေးပါဘူး”
“ဘယ်လောက်မို့လို့တုန်း”
“၄ သောင်းကျော်လေးပါ.. ဒါမယ့် မေ ခုတလော ပိုက်ဆံပြတ်နေတယ် မောင်ရ.. ခုလည်း အိတ်ထဲမှာ ၂ သောင်းလောက်ပဲပါတာ.. မဖြစ်ပါဘူး”
မောင် တချက်ရယ်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်တော့ မေက လှလှပပလေးတက်သွား၏.. ကားကို မဟာမြိုင်ဘက်ကနေ မောင်းလာခဲ့ရင်း မှတ်တိုင်နားအရောက် နောက်က ဘတ်စ်ကားကြီးက လမ်းတောင်းနေသဖြင့် ဘေးနားခဏကပ်ပေးလိုက်တော့ လမ်းဘေးချိုင့်ထဲ ဘီးက ထိုးကျသွား၏.. ပြတင်းပေါက်အသာဖွင့်ကာ လမ်းနှင့် ဘီးကိုတချက်ကြည့်လိုက်ပြီးမှ..
“တောက်.. မိုးတွင်းဆို အဲ့ဒါပဲ.. လမ်းက ချိုင့်တွေကလည်း ရေတွေနဲ့ဆိုတော့ မမြင်ရဘူး.. တာယာတွေနာတယ်ကွာ..”
“မောင်က တာယာပဲတွေးနေ.. ဟိုမှာ ဘေးနားက လူတွေ ရေစင်ကုန်ပြီ.. အားနာစရာကြီးမောင်ရာ”
မေပြောသော သူတွေကို မောင် တချက်လှမ်းကြည့်လိုက်ပေမယ့် စိတ်မဝင်စားအား.. ကားကို ဆောင့်ကြီးအောင့်ကြီး မောင်းထွက်လိုက်တော့ မေ တစ်ချက်ယိုင်သွားပြီး မျက်စောင်းလဲ့လဲ့ ထိုးလေသည်.. ဒါလည်း လှတာပါပဲလေလို့ တွေးရင်း မုန့်ဖိုး ၁ သိန်းမရလို့ စိတ်တိုနေတာတွေ ပျောက်သွားလေ၏..
မောင်နှင့်မေ ၂။
“ခုနက ကြားလိုက်လား မောင်”
လက်တွဲလျှောက်ရင်း ဒဂုံစင်တာ လှေခါးပေါ်အတက် မေက ခပ်တိုးတိုးမေး၏.. ဘာကိုဆိုလိုသလဲ သိပေမယ့် မောင် အူကြောင်ကြောင်နှင့်သာ ပြန်မေးလိုက်သည်..
“ဘာကိုလဲ မေ”
“ခုနက ပရာဒိုပေါ်တက်သွားတဲ့ အတွဲလေ.. ငယ်ငယ်လေးတွေနော်.. မေတို့ထက်တောင် ငယ်ဦးမလားမသိဘူး.. အဲ့ဒါ ကောင်မလေးက ပိုက်ဆံမရှိလို့ အင်္ကျီမဝယ်လာတဲ့အကြောင်း ပြောနေတာလေ.. သူ မရှိတာကလည်းမောင်ရယ်.. ၂ သောင်းတဲ့.. မေတို့များ ရုံးကနေ အဲ့ ၂ သောင်းလေး ဆုကြေးရလို့ ဒီနေ့ ဈေးဝယ်ထွက်ရတာမဟုတ်လားလို့”
ဘာကို မကျေနပ်ရမှန်းမသိသောမေက စူစူပုတ်ပုတ်ကလေးပြောတော့ မောင်ရယ်သာရယ်ချင်မိသည်.. မေက ကလေးလိုပါပဲ..
“မေကလည်းကွာ.. သူတို့ကုသိုလ်နဲ့ သူတို့ မရှိ ၂ သောင်းဖြစ်နေတာ.. မောင်တို့နဲ့ ဘာဆိုင်လဲကွ.. ခု မောင်တို့ ၂ ယောက် ပိုက်ဆံရှိတယ်.. ဈေးဝယ်ထွက်တယ်.. မေလိုချင်တာကြည့်.. လိုချင်တာဝယ်.. ပြီးရင် စားချင်တာစား.. ကဲ.. ပြီးတာပဲ မဟုတ်လား”
“အို မေလိုချင်တာတွေကတော့ အများကြီးပေါ့.. ရတဲ့ ၂ သောင်းကို ခုနက Taxi ငှားစီးလိုက်တာကပဲ ဘယ်လောက်ကုန်ပြီလဲ.. ကျန်တာလေးနဲ့ အင်္ကျီလေး တစ်ထည် နှစ်ထည် ဖျစ်ညှစ်ဝယ်ရမှာ.. ခုန တစ်ယောက်ပြောသလို ၄ သောင်းတန် အင်္ကျီဆိုရင် အနားတောင် ကပ်နိုင်မှာလား.. ဒါများ စားချင်တာစားဆိုတာက ပါသေးတယ်.. မောင်ဟာလေ”
မောင် တကယ်ကြီးကို ရယ်ချလိုက်မိတော့သည်.. မောင်ကတော့ ၂ သောင်းပဲရှိရှိ ၂ ထောင်ပဲရှိရှိ.. ရှိတာလေးကို သုံးနိုင်တာကိုပဲ ပျော်နေတတ်သူ.. ၄ သောင်းတန် အင်္ကျီမရလည်း ဝမ်းမနည်းတတ်သူ.. တစ်ခါတလေ ပိတ်ရက်လေးတွေမှာ မေနှင့် လျှောက်လည်ရတာကိုပဲ ပိုပြီးတန်ဖိုးထားတတ်သူ..
“မေကလည်း အလကား အပျော်ပျက်အောင် လုပ်နေပြန်ပြီ.. ၄ သောင်းတန် အင်္ကျီလိုချင်ရင် ဆုကြေး ၂ ခါရတာတွေကို စုထားလည်းဖြစ်တာပဲ.. ကဲ နောက်တစ်လ လခထုတ်ရင် ပိုက်ဆံပိုစုထား..ဆုကြေးရတိုင်း ဈေးဝယ်မထွက်ပစ်နဲ့.. ခရီးလေးဘာလေး သွားချင်တယ်ဆို.. အဲ့ဒါတွေစုပေါ့.. ပြောမယ့်သာ ပြောတာ.. ၄ သောင်းတန် အင်္ကျီဘာလုပ်မှာလဲမေရာ.. အဲ့ဒါနဲ့ ခရီးသွားမယ်ဆို ချောင်းသာလေးဘာလေး သွားချင်တောင် ဖြစ်တယ်”
“ချောင်းသာသွားဖို့လည်း စီစဉ်နေတာ ဘယ်နှလရှိနေပြီလဲ.. ပိုက်ဆံ စုမယ် စုမယ်နဲ့နော်.. တကယ်ပါပဲ.. ဘဝများ ကံဆိုးလိုက်တာ.. ငွေလေးကြေးလေးကလည်း မတောက်ပြောင်”
“ခုနက မှတ်တိုင်မှာတွေ့လာတဲ့ အတွဲထက်တော့ သာပါသေးတယ်မေရ.. ”
တက်စီပေါ်ကအဆင်း မှတ်တိုင်မှာ မြင်လာသော အတွဲကို သတိရသွားတော့မှ မေ နည်းနည်းပြုံးလာသည်.. သူတို့ကတော့ မေတို့ထက်ပိုပြီး ဆိုးမှာ သေချာပါသည်.. ကိုယ့်ထက်ဆိုးတဲ့လူနဲ့ ယှဉ်တွေးမှပဲ မေ့မျက်နှာ နည်းနည်းပြန်ကြည်လာ၏.. မောင့်လက်ကို ပိုတိုးဆုပ်ကိုင်လိုက်ရင်း ပြုံးပြ၏.. မေဟာ သိပ်လှတာပဲဟု မောင်လည်း စိတ်ကြည်နူးစွာတွေးလေသည်..
မောင်နှင့်မေ ၃။
ရေစိုရွှဲသွားသော မုန့်ထုပ်လေးကို ကိုင်ကာ မေ ကြောင်စီစီလေး ရပ်နေပုံက တခြားချိန်မှာဆို ရယ်စရာဖြစ်သော်လည်း အခုတော့ မောင့်ခမျာ ပြုံးတောင်မပြုံးရဲ.. ဘာပြောရမှန်း ဘာလုပ်ရမှန်းလဲ မသိ မေ့မျက်နှာကိုတလှည့် မုန့်ထုပ်ကိုတလှည့်ကြည့်နေရင်းမှာပင် မေက ငိုတော့သည်..
“ဟာ .. မေ .. မငိုနဲ့လေ.. မှတ်တိုင်မှာ လူတွေအများကြီး..”
မောင်က လူတွေမြင်မည်စိုးသဖြင့် အသာကွယ်ရပ်လိုက်ရင်း ခပ်တိုးတိုးချော့သော်လည်း မေ အငိုမရပ်.. မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာကာ လက်ထဲမှ မုန့်ထုပ်လေးကို ပိုပြီးကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏.. မောင် သက်ပြင်းချလိုက်မိသည်.. မေ သနားပါတယ်..
“မငိုပါနဲ့မေရယ်.. မေဗိုက်ဆာရင် မုန့်ထပ်ဝယ်စားမယ်လေ.. အပြန်ကားခကို မေ့အတွက်ပဲ ချန်ထားလိုက်.. မေအရင်ပြန်သွား.. မောင် ဒီနားလေးက သူငယ်ချင်းဆီ သွားပြီး ညနေမှ သူ့ကားကြုံနဲ့အတူပြန်လာရင် ဖြစ်ပါတယ်မေရ..”
မောင်ထပ်ချော့မှ မေက မျက်ရည်များ သုတ်ကာ မောင့်ကို မော့ကြည့်သည်..
“ဟင့်အင်း မုန့်ထပ်မစားတော့ပါဘူး.. မောင်နဲ့ပဲ တူတူပြန်မယ်..”
“မေ ဗိုက်ဆာနေမှာ စိုးလို့ပါကွာ.. မောင်က ဖြစ်ပါတယ်.. ထပ်ဝယ်စားကြမယ်နော်..”
“ဟင့်အင်း.. မစားဘူး.. အိမ်ရောက်မှ တခုခုစားလည်းဖြစ်တာပဲကို.. ပိုက်ဆံက ၂ ယောက်စာ အပြန်ကားခ အတိပဲ.. ဒါတောင် ခုနက ဟိုအစ်ကိုကြီးတွေ ပြောသွားတဲ့ကားကို စောင့်စီးမှရမှာ.. တခြားကားစီးရင် အဲ့ပိုက်ဆံမလောက်ဘူး မဟုတ်လား.. မစားတော့ဘူးမောင်ရာ.. အိမ်ပဲပြန်စို့ပါ”
“အိမ်ပြန်ရောက်ဖို့က လိုသေးတယ်လေ မေရ.. မနက်က အစောကြီးလာတာတောင် ရွှေတိဂုံဘုရားကို ဘယ်ချိန်မှရောက်လဲ.. မေလည်း သိသားပဲ..”
မေက ခေါင်းသာခါလျက် ငြင်းဆန်နေတော့သည်.. အလာကတည်းက ကားမှားစီးလာသဖြင့် ကားတွေဟိုပြောင်းဒီပြောင်းနှင့် ပိုက်ဆံက ထင်ထားတာထက်ပိုကုန်သွားခဲ့သည်.. ဘုရားပေါ်ကဆင်းတော့ ကားပေါသော မြေနီကုန်းမှတ်တိုင်ထိ လမ်းလျှောက်လာပြီး ဒီနားရောက်မှ မေ ဗိုက်ဆာလွန်းလို့ မုန့်ဝယ်စားဖို့အတွက် ကျန်သော ပိုက်ဆံကို တွက်ချက်ကြ၏.. ဘာကားစီးပြီး ဘယ်လောက်ကျမယ်မှန်း မောင်ရော မေပါမသိ.. ရန်ကုန်မှာပဲနေသော်လည်း ဟိုး စက်မှုဇုန်မှာပင်နေ.. စက်မှုဇုန်မှာပင် အလုပ်လုပ်ကြရတာမို့ ရန်ကုန်မြို့လည်ကို မကျွမ်းကျင်.. ကားခတွက်ရင်း စီးရမည့်ကား စဉ်းစားရင်း မောင်ရောမေပါ အလုပ်ရှုပ်နေစဉ် တက်စီပေါ်က ဆင်းလာသည့် အမကြီးတစ်ယောက်က အနားလာရပ်သည်.. ချစ်သူဖြစ်ပုံရသည့် အစ်ကိုကြီးက ကားငှားခ ငွေပြန်အမ်းသည်ကို စောင့်နေသည့် ထိုအစ်မကြီးက မောင်တို့ ပြောနေသည်ကို ကြားသွားပုံရ၏.. ပြန်ရမည့် ကားနှင့်ကားခကိုပါ တွက်ချက်ပြောပြပေးသွားခဲ့သေးသည်..
“ကျေးဇူးဗျ အစ်ကိုနဲ့အစ်မ.. ကျနော်တို့ အဲ့ကားခ အတိအကျသိမှ ပိုတာကို မုန့်ဝယ်စားကြမလို့လေ”
မောင်က ဝမ်းပန်းတသာ အဖြစ်အပျက်ကိုပါပြောပြတော့ သဘောကောင်းပုံရသည့် ထိုစုံတွဲက ပြုံးပြသွားခဲ့သည်.. မေကတော့ နည်းနည်းရှက်သွားပုံဖြင့် “ဘာလို့ မဆိုင်တာတွေ သွားပြောတာလဲ”ဟု အပြစ်တင်သေးသော်လည်း ကားခအပြင်ပိုနေသော ပိုက်ဆံဖြင့် အနားက ကောက်လှိုင်းတီမုန့် ပြာရည်ထုပ်များ ဝယ်စားလိုက်ရတော့ တခြားကျန်တာတွေ မေ့သွားခဲ့ပုံပဲ..
သို့သော် မေကံဆိုးပါသည်.. အနက်ရောင်ကားအကောင်းစားကြီးတစီးက ရုတ်တရက်အနားကပ်ရပ်လိုက်စဉ် လမ်းဘေးရေအိုင်မှ ရေစက်များက မှတ်တိုင်နားမှာ ငုတ်တုတ်လေးထိုင်နေသော မေ့ကိုရော မေကိုင်ထားသော မုန့်ထုပ်လေးထဲကိုပါ စင်ကုန်သည်.. ကားပေါ်မှ ကောင်လေးက ပြတင်းပေါက်မှန်ကို လျှောကနဲဖွင့်ကာ သူ့ကားဘီးများသူ ငုံ့ကြည့်သော်လည်း မေ့ကိုတော့ဖြင့် ဂရုတောင် စိုက်မိဟန်မတူ.. ဘေးနားက ကောင်မလေးကသာ အားတုံ့အားနာမျက်ဝန်းများနှင့် ကြည့်နေတာ မြင်လိုက်ရသည်..
ခုတော့ လမ်းဘေးဗွက်ရေတွေဝင်နေသော မုန့်တစ်ထုပ်ဖြင့် သူတို့ ဝေခွဲရခက်နေပြီ.. ထပ်ဝယ်စားမလား.. မစားဘဲ တူတူ ပြန်ကြမလား.. မေဗိုက်ဆာနေမှာကို စိုးသလို မေတစ်ယောက်ထဲ ပြန်လွှတ်ရမှာကိုလည်း မလုပ်ချင်.. တွေးနေစဉ်မှာပင် သူတို့စီးရမည်ဆိုသည့်ကားကြီး မှတ်တိုင်မှာ ထိုးရပ်လာပြီ.. မောင် မေ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်.. မေက လက်ထဲမှ မုန့်ထုပ်ကို အနားရှိ အမှိုက်ပုံးကြီးထဲကို ပစ်ထည့်လိုက်ပြီး ဖျတ်ကနဲ ကားနားပြေးကပ်သွား၏.. ပြီးမှ ကြောင်အစွာ ကြည့်နေသော မောင့်ဘက်လှည့်ကာ ပြုံးပြရင်း “လာလေ” ဟုခေါ်၏.. မောင် အပြေးလေးလှမ်းသွားရင်း တွေးလိုက်မိသည်.. မေက သိပ်ကြံ့ခိုင်တာပဲ..
ထို့နောက် သူတို့ပျော်ရွှင်စွာပင် လက်ချင်းတွဲလျက် ကားကြီးပေါ်ကို တိုးဝှေ့တက်သွားကြလေသည်..

Idea ရော ရေးပုံရော ကြိုက်တယ်။ အခြေအနေ မတူတဲ့ အတွဲသုံးတွဲကို တနေရာထဲမှာ ဆုံပြီး ဇာတ်လမ်းဆင်သွားတဲ့ပုံကောင်းတယ်။ တတွဲချင်းစီရဲ့ သရုပ်ကိုဖော်တဲ့နေရာမှာလည်း ပီပြင်တယ်။ ရသပေါ်လွင်တဲ့စာတပုဒ်ပဲ။
thz.. jit.. =)
အနော်ဖတ်နေရင်း ရေးဖို့ တွေးထားတဲ့ကွန်မန့် ကို မအေးမွန်ဆွေ ဦးသွားပြီဆိုတော့။ နှစ်ခြိုက်မိသော အရေးသား ရသဖြစ်၏။
20 Responses to “(မောင်နှင့်မေ)များ”
1.
ညီညီ, on September 11th, 2009 at 10:23 am Said:
စိတ်ကူးယဉ်တာများသွားသူ….
Edit Comment
2.
အိဖူး, on September 11th, 2009 at 10:25 am Said:
ဟုတ် .. အစကတည်းက ဘဝဆိုတာ မျက်နှာလိုက်တတ်တဲ့ ဒိုင်လူကြီးလိုပဲ .. အနိမ့်အမြင့်မတူတာလည်း သဘာဝပဲ .. ကိုယ်ကံဆိုးတယ်တွေးနေရင် ကိုယ့်ထက်ကံဆိုးတဲ့လူတွေ အများကြီးဆိုတာ ဒုတိယ“မောင်”လို သတိရနေပေါ့ …
ပထမ“မောင်နဲ့မေ” လိုဖြစ်အောင်ကြိုးစား ဒုတိယ“မောင်”လို တွေးနိုင်ပြီး တတိယ“မေ” လိုကြံ့ခိုင်နိုင်ပါစေ … (ဒါမှငါလည်းအေးဆေးမှာ အဟက်)
Edit Comment
3.
khinoomay, on September 11th, 2009 at 10:51 am Said:
နောက်ဆုံးကောင်မလေးလို သတ္တိတွေ ရှိချင်ပါဘိ။
Edit Comment
4.
mirror, on September 11th, 2009 at 11:38 am Said:
ကြိုက်တယ်။
နောက်ပြီး ခံစားတတ်တဲ့နှလုံးသားတစ်စုံကိုလဲ အားကျမိတယ်
Edit Comment
5.
sdl, on September 11th, 2009 at 12:03 pm Said:
ဂွတ်ထ.. ဂွတ်ထ…
Edit Comment
6.
သံလွင်ဟီးရိုး, on September 11th, 2009 at 12:19 pm Said:
တစ်ပုဒ်လုံးကိုခြုံကြည့်ရင် ဇာတ်ကလေးကောင်းတယ်…
အရေးသားလေးလဲ မိုက်သဗျာ…အကြံကောင်းတယ်
အထဲကကာရိုက်တာတွေကတော့ အချစ်ကိုယ်စီရှိတာပါပဲ…
ဘယ်လောက်ပဲ ဒုက္ခဖြစ်နေပစေ အချစ်ရဲ့စွမ်းအား
တွေနဲ့ကျော်လွှားနိုင်မှာပါ။
Edit Comment
7.
purplemay, on September 11th, 2009 at 12:41 pm Said:
FB မှာတင်ထားတာတွေ့လို့ ချက်ချင်းလာပြီး ဖတ်သွားပါတယ်..။
အရေးကော ဇာတ်ဆင်ထားတာလေးကော အရမ်းကြိုက်ပါသည်..။
Edit Comment
8.
littlebrook, on September 11th, 2009 at 1:30 pm Said:
ကျွန်တော်ကတော့ နောက်ဆုံးကောင်မလေးကို တော်တော်ချစ်ပါသည်။
တစ်ခုနှင့် တစ်ခုချိတ်ဆက်၍ တင်ပြထားပုံလေး လှပသည်။
ညီညီတော်ပါသည်။ မိညီမကတော့ အပျင်းထူပါသည်။
Edit Comment
9.
2mar, on September 11th, 2009 at 2:08 pm Said:
မှတ်ချက်ပေးတဲ့ အိဖူး အတော်ဆုံးကွ
Edit Comment
10.
ကိုကိုဒီဘီ, on September 11th, 2009 at 3:05 pm Said:
ကြိုက်တယ်။
Edit Comment
11.
ညီမင်း, on September 11th, 2009 at 7:10 pm Said:
ရေးသားပုံကို ကြိုက်မိပါတယ်။ ဆက်ရေးပါအုံးဗျ ။
Edit Comment
12.
ShwunMi, on September 11th, 2009 at 10:12 pm Said:
မနန်းညီ သိပ်ရေးတတ်တာပဲ.. အကြိုက်ဆုံး ၀တ္ထုတိုလေးဖြစ်သွားပြီ
Edit Comment
13.
Rita, on September 11th, 2009 at 10:44 pm Said:
ကောင်းလိုက်တာ
အပိုအလိုမရှိ ကွက်တိ
Edit Comment
14.
NweYoe, on September 11th, 2009 at 11:54 pm Said:
ထုတ်ဝေသူရှာထားတော့း)
Edit Comment
15.
ဟိဏ်းဇော်, on September 12th, 2009 at 12:49 am Said:
ဒုတိယ မောင် လို အတွေးမျိုးတွေးတတ်ချင်ပြီး..
တတိယ မေ လို ကောင်မလေးမျိုးနဲ့ ဆုံချင်ပါဘိ…:P
Edit Comment
16.
Nai, on September 12th, 2009 at 8:13 am Said:
စာရေးကောင်းပါတယ်
သမီးရည်းစားဘ၀ငယ်တုန်းတော့ဟုတ်ချင်ဟုတ်မယ်
လင်မယားဘ၀မှာတော့ (၃)တွဲလုံးထသတ်နေကြမှာမြင်ယောင်သေး…..
Edit Comment
17.
Andrew, on September 12th, 2009 at 9:28 am Said:
ဇတ်လမ်းဆင်ပုံ ကောင်းပါ၏
တူညီသော အချစ်နှင့် မတူညီသော ဘဝတွေကို ချိတ်ဆက်ပေးသွားတာ အရမ်းလှပါတယ်ခင်ဗျာ
Edit Comment
18.
အောင်ဒီကန်, on September 12th, 2009 at 3:03 pm Said:
ကောင်းဗျို့။
Edit Comment
19.
honeypot, on September 30th, 2009 at 12:12 pm Said:
ရေးထားတာကောင်းလိုက်တာ
Edit Comment
20.
လင်းဒီပ, on September 30th, 2009 at 6:41 pm Said:
ညီညီက မြင်တတ် ချိတ်ဆက်တတ်လိုက်တာကွာ..ဂွတ်တယ်..ဖတ်လို့ လွတ်ကောင်း၏..:P
#
ယမမင်းလေး, on March 22nd, 2010 at 5:14 pm Said:
တော်တော်ဖတ်လို့ ကောင်းတာပဲ…. အချိတ်အဆက်အရမ်းမိတယ်… အသက်ဝင်တယ်… အခုမှဖတ်မိလို့ အခုမှမန့်လိုက်တာ… ယမမင်းလေး တော်တော် ဒိတ်အောက်နေပြီပဲ… ဟဲဟဲ…
Edit Comment
#
မီးချစ်, on April 29th, 2010 at 1:41 pm Said:
မစန္ဒာ ရဲ့ ဆဋ္ဌဂံ နဲ့ ဆင်တယ်..
ဒါကတော့ တြိဂံ ပေါ့နော်..
နုနုရည်အင်းဝရေးပုံမျိုးလေးပဲ ကြိုက်တယ် ကြိုက်တဲ့အတွက် :td: ဆုချပါတယ်။