Aug 042012
 

မိုးစက်တွေ လဲ့လဲ့မှုန်မှုန် ဒါပေမယ့် အဆက်မပြတ်လည်းကျနေတဲ့ ဟောသည်လို ညမျိုးမှာ တစ်ယောက်တည်းပဲ အခန်းကျဉ်းကျဉ်းလေးရဲ့ ဝရံတာမှာထိုင်.. မိုးစက်တွေ စင်နေတာကို ခံယူရင်း ခပ်အေးအေး ခပ်တိုးတိုး ငြိမ့်ညောင်းတဲ့ သီချင်းသံနဲ့ ထိုင်နေရတာဟာ အထီးကျန်တယ်လို့ ခေါ်နိုင်မလား.. ဒါမှမဟုတ် အေးငြိမ်ချမ်းမြေ့တယ်ခေါ်မလား.. ဒါကတော့ ခံယူသူရဲ့ စိတ်နှလုံးနဲ့သာ သက်ဆိုင်လိမ့်မည် ထင်သည်..

ကိုယ်ကတော့ ဦးလှထွဋ်ရဲ့ မိုးညအိပ်မက်မြူမှာ သက်ဝင်မျောပါရင်း အတွေးတွေဝေလျက် ရှိနေခဲ့၏.. အသံအေးအေးငြိမ်ငြိမ် စာသားများက လွမ်းစရာကောင်းလှသည်မို့ ထပ်ခါထပ်ခါ နားထောင်ရင်း မညီးငွေ့နိုင်..

မိုးသက်လေနှင့်အတူ တိမ်မည်းများတရွေ့ရွေ့ယူ

လမင်းကဖြင့် မလင်းတလင်းမှုန် ညကမဟုရာပုံတူ

မိုးညအိပ်မက်မြူ ဝိုးတဝါးတိမ်နဲ့အတူ အော် ကိုယ့်ဘဝက လမ်းပျောက်တဲ့သူ

အတွေးရှိရာ ယူ ယူ ယူ.. .. ..

မိုးစက်မှုန်မှုန်လဲ့လဲ့လေးတွေဟာ တချက်တချက်ထိုးလိုက်တဲ့ ကားမီးရောင်ကြောင့်သာ ကျဆင်းနေမှန်းသိရပေမယ့် အလင်းမရှိချိန်မှာ အသံလည်းမကြားရနိုင်တော့ ရွာနေတာဟုတ်ရဲ့လားရယ်လို့တောင်ထင်ရ.. တိမ်တွေထူလိုက်တာ.. လပြည့်ညက မနေ့က ဆိုပေမယ့် မနေ့ကရော ခုညပါ လရောင်ကို မမြင်တွေ့ရနိုင်.. ကိုယ့်ဘဝမှာ ဒီလို မိုးမှောင်ကျတဲ့ ညတွေပေါင်း ဘယ်လောက်ကြုံခဲ့ရပြီးပြီလဲ.. ခက်ခဲမှုတွေကို အောင်မြင်စွာကျော်ဖြတ်ပြီးသူတိုင်းဟာ ကျော်ဖြတ်ခဲ့မှုတွေကို ပြတ်ပြတ်ထင်ထင်ရှိတတ်သတဲ့.. ဒါပေမယ့် ကိုယ့်အတွေးတွေကတော့ ဝေဝေဝါးဝါး.. ဘဝကို ဘယ်လောက်တောင်များ ကိုယ် ရေသာခို မျှောပါနေခဲ့ပါသလဲ..

တစ်လောကလုံးမှာလည်း အဖြူအမည်း ဘာမှ မသည်းကွဲဘူး

အားငယ်ရတာလည်း တစ်ယောက်ထဲ ရင်ခွင်ကိုတမ်းတမိသူ

မိုးစက်ကလေးတွေရဲ့ နရီစည်းဝါးသံကို ခေါ်ခေါ်ယူ

အထီးကျန်လှစွာပဲ အို အဘိဓမ္မာတစ်ရပ်ကို ရှာဖွေနေသူ.. .

တစ်ယောက်ထဲ ရဲရင့်ခဲ့ဖူးတဲ့ ကိုယ်ပါ.. သို့သော် ခုတော့ ပင်ပန်းအားငယ်ချိန်တိုင်း ခိုဝင်စရာ ရင်ခွင်တစ်ခုကပဲ ကိုယ့်ကိုပျော့ညံ့စေသလား.. သို့မဟုတ် ရဲရင့်တတ်တဲ့ ကိုယ့်ခွန်အားတွေဟာ အသွင်တစ်မျိုးပြောင်းသွားတာလား.. တိတိကျကျမသိပေမယ့် ကိုယ့်စိတ်တို့ နူးညံ့ပျော့ပျောင်းလာတာအမှန်.. ပိုမိုလှပစွာ တွေးတောတတ် ပိုမိုခံစားတတ်လာ.. သို့သော် အတွေးထဲမှာပဲ ကျင်လည်မှုက ခပ်များများ.. မိုးစက်များကို လက်နဲ့ ခံယူရင်း စိုထိုင်းအေးစက်လာတဲ့ လက်ဖဝါးတွေကို နှုတ်ခမ်းမှာ ကပ်ယူလိုက်ပြန်ရင်း ပြုံးမိပြန်သည်..

မိုးသောက်ရောင်နဲ့အတူ မှောင်မည်းသောညတွေလွင့်ကုန်

ပျောက်ဆုံးခဲ့တဲ့ အလှအပအစုံ သက်တန့်ရောင်စုံ အို ပန်းပါမွှေးထုံ.. ..

ဆွေးသူကို ကယ်ယူပါလှည့် .. ဆိုသော စာသားတစ်ပိုင်းတစကို ခုတလော ခဏခဏ ကိုယ်သတိရနေမိသည်.. ပူဆွေးတမ်းတတတ်သူကို ကယ်ယူလှည့်ပါကွယ်.. မိုးညများကုန်လွန်ပြီး နေရောင်ခြည်ဖြာသော နောက်ထပ်နေ့သစ်များကို ရောက်ရှိတတ်သလိုပဲ.. တောက်ပသည့် အပြုံးများဖြင့် တွေဝေမိန်းမူးနေသော စိတ်ကူးများကြားမှ ကိုယ့်ကို ကယ်ထုတ်ပါ.. သီချင်းစာသားများထဲကလိုပဲ သက်တန့်ရောင်စုံများအပြင် ပန်းရောင်စုံတို့ပါ ရနံ့မွှေးထုံလာလိမ့်မည်..

စိတ်ကူးများဖြင့် ပျော်ရင်း သီချင်းကို ခပ်တိုးတိုး ကိုယ်လိုက်ညည်းဆိုမိပြန်၏..

 

မိုးည အိပ်မက်မြူ .. . .. ..  မိုးည အိပ်မက်မြူ

အို အထီးကျန်ခဲ့သူ .. . . ..

  One Response to “မိုးညအိပ်မက်မြူ”

  1. ဝတ္ထုလည်း ဖတ်ဖူးတယ်

 Leave a Reply

(required)

(required)

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>