NangNyi

selfish, cold-blooded female

Mar 122013
 

အသက်အရွယ်ကြီးရင့်လာမှုနဲ့ ဘဝနေထိုင်မှု ပုံစံပေါ်မူတည်ပြီး ကြိုက်နှစ်သက်တဲ့ သီချင်းတွေက ပြောင်းလဲတယ်..

 

ခပ်ငယ်ငယ် ကလေးအရွယ်တွေမှာ.. ဆိုရလွယ်တဲ့ သံစဉ်ချိုတဲ့ ခပ်မြူးမြူး သီချင်းတွေကိုပဲ ကြိုက်တယ်.. ဒီအချိန်မှာ လာပြီး (လူရွယ်ခေါ်နိုင်တဲ့အခါ နာကျင်တတ်ပြီ စိတ်မှာ ~~ ပြန်လည်လျှော်ဖွပ်မရတော့ဘူး ဘဝက ညစ်ပတ်တယ်~~ အမှန်ကို မမြင်နိုင်သေးတော့ ဒီအညစ်ကြေးတွေ ဆော့ဆဲ ~~ ဖြူစင်လှသော အင်္ကျီလေး မင်းအတွက် အားနာတယ်) တွေဘာတွေ လာမလုပ်နဲ့.. ဘာတွေဆိုနေမှန်းမသိဘူးလို့ မျက်မှောင်ကုပ်မိခဲ့တာပဲ..

 

နန်းညီ ဟိုး ငယ်ငယ်တုန်းက ဖေကြီး ဖွင့်ဖွင့်နေတဲ့ မာမာအေးတို့ ခင်ညွန့်ရီတို့ စန္နယားလှထွဋ်တို့တွေ နားထောင်တယ်.. ဘာမှန်းညာမှန်းမသိ.. ကြိုက်တယ် မကြိုက်တယ်လည်း မဟုတ်ပေမယ့် ပါးစပ်ထဲမှာ အော်အော်နေဖြစ်တာတော့ အမှန်ပဲ.. နောက်တခါ နီနီဝင်းရွှေရဲ့ ပန်းရည်ဘဏ်တိုက်တို့.. (ညနေ ~~ ညနေ ~~ ညနေခင်း သင်းတယ်လေ .. ခြေခင်းဆန့်ရင်း လေညင်းခံရင်း အပန်းပြေလမ်းလျှောက်ခဲ့တယ်) တို့ကို ခုထိ မှတ်မိနေသေးတယ်..

Continue reading »

Mar 052013
 

အစကတော့ ကျိုက်ထီးရိုးကို သောကြာည သွားမလို့.. ဒါပေမယ့် စနေနေ့ မနက်ပိုင်းမှာ အလုပ်ကိစ္စ တစ်ခုရှိတာနဲ့ပဲ စနေညမှ ထွက်ဖြစ်တယ်.. “ဝင်း”ဆိုတဲ့ကား ကားမှာ လက်မှတ်ဖြတ်မိတယ်.. မှားတယ်.. အကြီးကြီးမှားတယ်.. ကားက အစုတ်.. အဲကွန်းလည်းမအေးဘူး.. ခုံတွေကလည်း စုတ်.. ဆက်ဆံရေးလည်းကျဲတယ်.. သွားတာက လူ ၄ ယောက်.. ကိုရဲအောင်သူ.. ဂျွန်မေဂျာ နဲ့ ကိုစိုးဆက်လွင် ပါတယ်..

စနေည ၈ နာရီမှာ ရန်ကုန်ကနေ စထွက်ပြီး ည ၁၂ ခွဲမှာ ကျိုက်ထီးရိုးရောက်တယ်.. တောင်ပေါ်ကို မီးဒုတ်ကိုင်ပြီး လမ်းလျှောက်ပဲ တက်မလိုလို ဘာလိုလိုတွေ လုပ်ကြပြီး နောက်ဆုံးတော့ တောင်ခြေမှာပဲ ခနနားရင်း ကားအထွက်ကို စောင့်ကြပါတယ်.. အင်တာနက်သုံး ဂိမ်းဆော့ ရယ်စရာတွေလျှောက်ပြောရင်းနဲ့ မနက် ၄ နာရီခွဲမှာ ကားတွေပေါ် စတက်လို့ ရပြီမို့လို့ တက်ထိုင်ကြပါတယ်..

တောင်ပေါ်အတက်ကားတွေကတော့ ထုံးစံအတိုင်း ဘေးကို တံတောင်နဲ့တွတ်မိလိုက် ရှေ့ကိုဒူးနဲ့ထိုးမိလိုက် ဘေးကတံတောင်နဲ့တွတ်လိုက် နောက်က ဒူးနဲ့ထိုးလိုက်.. ဒူးနဲ့တံတောင်နဲ့ ဒူးနဲ့တံတောင်နဲ့ ပါပဲ.. Continue reading »

Feb 062013
 

Movie Rating System ရုပ်ရှင်အဆင့်သတ်မှတ်ချက်များ

 

ရုပ်ရှင်ဆင်ဆာအဖွဲ့ကြီး မရှိတော့တာဟာ တချို့ရုပ်ရှင်ကားတွေမှာ ပေါက်ကရတွေ မှတ်ချက်ပေးပြီး မဟုတ်တာတွေ ဖယ်ခိုင်းတတ်တာမျိုးမရှိတော့လို့ ကောင်းပါတယ်.. ဒါပေမယ့် လူတွေဟာ ဆင်ဆာအဖွဲ့ကြီး မရှိလောက်အောင်ထိ ပညာမပြည့်ဝသေးဘူးလို့ ထင်တယ်..

 

မနေ့ညက နေပြည်တော်ရုံမှာတင်တဲ့ Hansel & Gretel , the witch hunter  သွားကြည့်ဖြစ်တယ်.. တကယ်ဆို ဒီကားဟာ အသက် ၁၃ နှစ်အောက်မကြည့်သင့်တဲ့ သွေးသံရဲရဲ၊ ရက်ရက်စက်စက်သတ်ဖြတ်တာတွေ ပါတဲ့ ကားမျိုးပဲ.. ဒီလိုကားမျိုးကို အများပြည်သူကြည့်တဲ့ ဒီ ရုပ်ရှင်ရုံမှာ ဘာကြေငြာချက်မှမရှိ ဘာသတိပေးစာမှ မရှိဘဲ ဒီလိုပြဖို့ သင့်ရဲ့လား.. တကယ်ဆို ရုပ်ရှင်ရုံပိုစတာကြီးထောင်တဲ့အခါ မြန်မာလိုရောအင်္ဂလိပ်လိုပါ ထင်ရှားအောင် ပြောပြထားသင့်တယ်.. မနေ့ကကြည့်တုန်းကဆိုရင် ကလေး ငယ်ငယ်လေးတွေ 3D မျက်မှန်လေးတွေတပ်ပြီးတော့ ရုံထဲမှာ အများကြီးတွေ့တယ်..

Continue reading »

Dec 312012
 

2012

ဇန်နဝါရီလ..
အလုပ်အကိုင်အပြောင်းအရွှေ့လုပ်မလိုလို ဘာလိုလိုနဲ့ မလုပ်ဖြစ်..
ဖေဖော်ဝါရီလ..
ရန်ကုန်ဘားကန့်ကိစ္စတွေလုပ်.. မန်းလေးဘားကန့်သွား.. ခင်စရာကောင်းသော သူငယ်ချင်း သစ်များစွာ ရရှိလာ.. မူဆယ်-ရွှေလီဘက်က ကချင်စစ်ပြေးဒုက္ခသည် စခန်းတွေဆီသွား.. ကလေးတွေ သနားပါတယ်..
မတ်လ..
မန်းလေး security camp  ထပ်သွား.. ၁၆ ရက်နေ့မှာ အသက်တစ်နှစ်ထပ်ကြီးပြန်..
အေပြီ..
အပြင်ရာသီဥတုနဲ့အတူ ကိုယ့်စိတ်နဲ့ကိုယ်တွေ ပူလောင်လွန်းရသော လ..
မေ..
မန်းလေးကို အလုပ်ကိစ္စနဲ့ တစ်လ သွားနေရတယ်.. ပူတယ်.. ဒါပေမယ့် ပျော်ဖို့ကောင်းတယ်.. လွမ်းတယ်.. ဒါပေမယ့် နေလို့ကောင်းတယ်.. အဖွားဆုံးသွားတယ်..
ဂျွန်..
ဦးဖိုးစိန်တစ်နှစ်ပြည့်အငြိမ့် ကြည့်ဖြစ် ကျေနပ်.. စိတ်အေးချမ်းသာ ငြိမ်းချမ်းမှုကို စတင်ခံစားရလာ..

ဂျူလိုင်..
လ အစ မှာ ဘယ်တော့မှ မမေ့နိုင်မယ့် ဒါပေမယ့် မေ့သင့်တဲ့ ကိစ္စတစ်ခုနဲ့ကြုံ.. ဘလော့မှာ စာတွေ ပြန်ပြီး ရေးဖြစ်နေပြန်.. ခပ်ကျဲကျဲ.. ဒါပေမယ့် ပြန်စရေးဖြစ်နေတာ ကောင်းတာပဲ မဟုတ်လား..

သြဂုတ်..
ပြည်ဘားကန့်သို့သွား.. ရန်ကုန်မှာလည်း barcampX လုပ်ဖြစ်..
စက်တင်ဘာ.. .
ရဲအောင်သူနှင့် ရည်းစားသက် ၂ နှစ်ပြည့်.. သို့သော် ၇ နှစ် ၈ နှစ်မက ကြာပြီလို ရင်းနှီးခံစားနေရ..
အောက်တိုဘာ..
အိုပါဘားမားစတိုင် ဆိုတဲ့ cover တခုရိုက်ဖြစ်.. ရယ်ရပျော်ရ.. သင်တန်းတစ်ခုတက်ဖြစ်..
နိုဝင်ဘာ..
ငွေဆောင်သွားဖြစ်.. တောင်ကြီးတန်ဆောင်တိုင် သွားဖြစ်.. စိတ်ကြည်လင်သာယာနေသော လ..
ဒီဇင်ဘာ..
အေးအေးဆေးဆေး ပုံမှန်လေးပဲ သွားနေသောလ..

၂၀၁၂ တစ်နှစ်လုံးကို ပြန်ခြုံကြည့်လိုက်တော့.. စိတ်အေးသက်သာရသော နှစ်.. ကံမဆိုးသောနှစ်.. နားလည်ရင့်ကျက်ခြင်းရဲ့ လက္ခဏာများ ကိုယ့်ဆီမှာ ကိုယ်ပြန်မြင်ရသောနှစ်.. ၂၀၁၃ အတွက် အသားတကျ ပြင်ဆင်မှုတွေ စနေတဲ့နှစ်.. အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျရသောနှစ်.. ကလေးဆန်နေတုန်းကိုယ်နဲ့ လူကြီးဆန်ချင်တဲ့ကိုယ်.. ငါနဲ့ငါကြား ဗျာများနေရသောနှစ်..

၂၀၁၂ မှာ နောက်ဆုံး

… ကြည့်ဖြစ်တဲ့ ရုပ်ရှင် – Life of PI
… ရခဲ့တဲ့ဒဏ်ရာ – ညာလက်သူကြွယ် လက်ညပ်လို့ လက်သည်းအောက်မှာ သွေးခြေဥနေတာ (တော်တော်နာတယ်)
… သွားခဲ့တဲ့ခရီး – တောင်ကြီး (နိုဝင်ဘာလ တန်ဆောင်တိုင်ပွဲ)
… ဖတ်ဖြစ်တဲ့စာအုပ် – မနိုင်းနိုင်းစနေရဲ့ “မေမေ့ကို စောင့်ရှောက်ပါ” ဆိုတဲ့ ကိုရီးယားဘာသာပြန်စာအုပ်
… ဝယ်ဖြစ်တဲ့ပစ္စည်း – လွှာဖိနပ်ပါးလေး
… သွားဖြစ်တဲ့ပွဲ – မဇာခြည်လွင်ရဲ့ မင်္ဂလာဧည့်ခံပွဲ
… ကြည့်ဖြစ်တဲ့ စတိတ်ရှိုး – NLD ၂ နှစ်ပြည့် ပညာဒါန ရန်ပုံငွေဂီတပွဲ
… ဆော့ဖြစ်တဲ့ ဂိမ်း – cairot ဆိုတဲ့ tower defense ဂိမ်းလေး..
… လုပ်တဲ့အလုပ် – ဘားကန့်ဒီဇိုင်းတွေ
… စိတ်အပျက်ဆုံးကိစ္စ – အွန်လိုင်းကနေ လက်စွပ်ဝယ်တာ တလွဲပေးတဲ့ကိစ္စ
… ရတဲ့လက်ဆောင် – မမဆင်ပုပ်ဆီက လက်စွပ်
… ရိုက်ဖြစ်တဲ့ဓာတ်ပုံ – ဆူရှီပုံ
… တွေ့တဲ့လူ – (မသိသေးဘူး ည ၁၂ နာရီမထိုးခင်ထိ ဘယ်သူနဲ့တွေ့မယ် မသိလို့)
… စားမယ့်အစာ – (အာလူးထောင်းဖြစ်မယ်.. ညကျ အိမ်မှာ အာလူးထောင်းလုပ်မယ်တဲ့)

Dec 172012
 

ဂျေဆင် မြ ကိုသိကြလား.. ကမ္ဘာကျော် အဆိုတော် တေးရေးဆရာ Jason Mraz ကိုပြောတာ.. လူကုန်ကူးမှု ပပျောက်ရေး ပညာပေးစီမံကိန်းတွေအရ.. MTV EXIT ကနေပြီးတော့ ဂီတဖျော်ဖြေပွှဲအကြီးကြီးတွေ နေရာတကာမှာလုပ်နေတော့ မြန်မာနိုင်ငံကိုလည်း ရောက်လာတာပေါ့.. MTV ကိုတော့သိကြတယ်မဟုတ်လား.. EXIT ဆိုတာက.. (End Exploitation and Trafficking) ရဲ့ အတိုကောက်စာလုံးတွေပါ.. အသေးစိတ်သိချင်ရင် mtvexit.org မှာသွားကြည့်ကြ..

 

ဒီဇင်ဘာ ၁၆ ၊၂၀၁၂ မှာ မြ က မြန်မာပြည်လာပြီး MTV Exit နဲ့အတူ လာဖျော်ဖြေမယ်ဆိုတော့ သွားကြည့်ချင်တာပေါ့.. လက်မှတ်တွေကလည်း ဖရီးဝေတာတဲ့တော့.. ဆိုတော့.. ဝဘ်ဆိုက်သွား register လုပ်.. သူတို့ ထုတ်ပေးတဲ့နေ့ သွားယူရတာပေါ့.. တကယ်တော့ ကိုယ်တိုင်သွားယူတာတော့ မဟုတ်ဘူး.. မထိုက် ယူလာပေးတာ.. ၂ စောင်ရတယ်.. အန်ကယ်ရဲအောင်သူက ဘယ်က ရလာတယ်မသိဘူး ၁ စောင်ပေးတော့ .. ပေါင်း ၃ စောင်..

Continue reading »

Dec 112012
 

“Please don’t ask about my leaves.” လို့ တင်မိုသီက ပြောလိုက်တယ်.. ဂျင်မ်နဲ့ စင်ဒီကလည်း မမေးပါဘူးလို့ သဘောတူကြောင်း အမူအရာ ပြရတော့တာပေါ့..

“ဒါပေမယ့် ကြည့်ချင်ရင်တော့ ကြည့်ကြပါ” လို့လည်း ခွင့်ပေးရော ၂ ယောက်သား ခေါင်းချင်းဆိုင်ပြီး အသေအချာကြည့်လိုက်ကြတာ..

 

တင်မိုသီ ကတော့ ခပ်ပြုံးပြုံးပဲ..

 

နန်းညီ မနေ့ညက ကြည့်ဖြစ်တဲ့ The Odd Life of Timothy Green ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုပါ..

 

 

ဂျင်မ်နဲ့ စင်ဒီက သိပ်ချစ်ကြပြီး အိမ်ထောင်ရေးသာယာအဆင်ပြေတဲ့ စုံတွဲ.. ဒါပေမယ့် သူတို့မှာ ဝမ်းနည်းစရာဖြစ်နေတာက ကလေးမရနိုင်တာပဲ.. ၂ ယောက်စလုံးကလည်း ကလေးကို အရူးအမူးချစ်ပြီး လိုချင်နေကြတော့ ဆရာဝန်ဆီက အပြန်လမ်းမှာ ၂ ယောက်စလုံး ဝမ်းနည်းပက်လက်ပေါ့.. ညကျတော့ ၂ ယောက်သား သူတို့မှာသာ ကလေးရှိရင် ဘာတွေဖြစ်ရမလဲ ဘယ်လိုပုံစံလဲ ဆိုတာတွေ စိတ်ကူးယဉ်လိုက်ကြတာ.. ကလေးလေးဟာ စိတ်ထားကောင်းရမယ် နှလုံးသားရှိရမယ် လို့ တခွန်းပြောလိုက် စာရွက်ကလေးပေါ်မှာ အသည်းပုံလေး ဆွဲလိုက်.. ကလေးဟာ အားကစားလည်း တော်ရမယ်လို့ပြောလိုက် စာရွက်ပေါ်မှာ ဘေ့စ်ဘောလ်ပုံလေးဆွဲလိုက်.. ကလေးဟာ ဟာသဥာဏ်ရည်လည်းရှိရမယ်လို့ ပြောလိုက် စာရွက်ပေါ်မှာ ပုံဆွဲလိုက်နဲ့ စိတ်ကူးတွေယဉ်ပြီး နောက်တော့ အဲ့ဒီစာရွက်တွေအကုန်လုံးစု သေတ္တာလေးထဲထည့်.. သူတို့ ခြံနောက်ဘက်က စိုက်ခင်းမြေအလွတ်မှာ မြှုပ်ထားလိုက်တော့တယ်..

 

ထူးထူးဆန်းဆန်းပဲ Continue reading »

Nov 212012
 

ညတုန်းက ကောင်းကင်ကိုမော့ကြည့်တော့
မီးမီးမြင်တယ်..
မှိတ်တုတ်မှိတ်တုတ်နဲ့
ခူးပေးပါ မေမေ..

၃ ခု တန်းတန်းလေးဖြစ်နေတာလိုချင်တယ်
မီးမီး ခေါင်းမှာ ကလစ်ကလေးလို ပန်ဖို့..

ကောက်ကောက်ကွေးကွေး
၇ ကလေးလိုဖြစ်နေတာလိုချင်တယ်
မီးမီး ကျောပိုးအိတ်မှာ ချိတ်ထားဖို့..

ဟိုးမြောက်ဘက်ထောင့်က
အလင်းဆုံး အကြီးဆုံးကြီးလည်း လိုချင်တယ်
မီးမီး အိတ်ကပ်ထဲ ထည့်သိမ်းထားဖို့..

မီးမီးဆီကို ပြေးပြေးဆင်းလာ
ခုန်ချတတ်တဲ့ ဟာလေးတွေလည်း
ပြန်ကောက်ပေးပါဦး ..
မှုန်မှုန်မွှားမွှား သေးသေးလေးတွေလည်း
မချန်ပါနဲ့ မေမေ..

ကိုကို နဲ့ ညီမလေးက တောင်းရင် နည်းနည်းခွဲပေးဖို့..

Nang Nyi
21st Nov, 2012