Mar 152009
 

၈ . . ကြယ်စင်များ အရောင်များ မိုးပျံပူပေါင်းများနှင့် နန်းညီ
by အိပ်မက်ရှင်

ကြယ်စင်များ
….

ကျွန်တော်တို့ကို သူမ မော့ကြည့်တိုင်း ကျွန်တော်တို့ကဲ့သို့ သူ့မ မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေတတ်ခဲ့သည်။ ညအချိန် ကျွန်တော်တို့ လမ်းလျှောက်ထွက်လာချိန်တွင် သူမနှင့် အမြဲဆုံတတ်ခဲ့သည်ပဲ။ ပထမတော့ ကျွန်တော်တို့ သတိမထားမိခဲ့၊ နောက် သူ့အကြည့်တို့တွင် အားကျသော အဓိပ္ပါယ်တို့က ပျော်ဝင်နေသည်ကို တဖြည်းဖြည်း သတိထားလာမိခဲ့သည်။ တစ်ညပြီး တစ်ည … သူမကို သတိထားစောင့်ကြည့်ရန် ကျွန်တော်တို့ အချင်းချင်းလက်တို့ကာ ဆုံးဖြတ်ခဲ့သည်။

သူမမျက်ဝန်းများနှင့် ဆုံလေတိုင်း ကျွန်တော်တို့ ရင်ထဲတွင် တစ်စုံတစ်ခုသော ခံစားမှုကို ခံစားရသည်။ ကျွန်တော်တို့ အချင်းချင်း သူမအကြောင်းကို စကားစပ်မိ၍ ပြောဖြစ်သော ညများတွင် အားလုံး တစ်မှေးမှ မမှေးမိပဲ စကားလက်ဆုံကျတတ်ခဲ့သည်။ ကျွန်တော်တို့ ထိုသို့စကားလက်ဆုံကျတိုင်း အိပ်ရေးပျက်ပေါင်းမနည်းသော လမင်းကြီးက ပူညံပူညံ ထလုပ်လေ့ရှိသည်။ တကယ်တော့ သူမ၏ အရေးတယူရှိမှုကို လိုချင်နေရှာသော လမင်းကြီးက ယခုကဲ့သို့ သူ့၏ ဆန္ဒကို မသိမသာ ပြသလေ့ရှိတတ်သည်ပဲ။ ကျွန်တော်တို့ အားလုံးက အားနာ နားလည်စွာဖြင့် လမင်းကြီးအပေါ် ပြုံးမိတတ်ကြသည်။

သို့နှင့် ကျွန်တော်တို့ သူမ မျက်နှာကို ဖတ်ရှုခဲ့ကြသည်မှာ ကာလတစ်ခုတိုင်အောင် ရှိလာသောအခါ သူမ၏ နှလုံးသားနှင့် အတွေးများကို နားလည်သထက် နားလည်လာသည်။ သူမက ကျွန်တော်တို့ကို ချစ်သည်တဲ့ …။ ကျွန်တော်တို့ အတွင်းစိတ်တွင်းက အားငယ်သိမ်ငယ်နေမှုများ ကိုယ်စီကိုယ်ငှ ပျောက်လွှင့်သွားကြသည်။ လူတစ်ယောက်၏ ချစ်ခင်စွဲလန်းခြင်းကို ခံရသည့် စိတ်ခံစားမှုက ဘာနှင့်မှ နှိုင်းယှဉ်ပြစရာ မရှိလောက်အောင် … ပင် …။ သူမက မေးသည် “ကြယ်တွေရဲ့ တောက်ပမှုနဲ့ တစ်ထပ်တည်းကျမယ့် ပျော်ရွှင်မှုမှာ လှုပ်လီလှုပ်လဲ့နဲ့ ယိုင်နဲ့ မတည်ငြိမ်မှုတွေ ပါနေမှာလား ” တဲ့ ။ အခွင့်အရေးတစ်ခု အနေဖြင့် ကံကြမ္မာက ကျွန်တော်တို့ဘက်ကို မျက်နှာသာပေးလာလိမ့်မည်ဟု ကျွန်တော်တို့ အသီးသီးယုံကြည်ထားကြသည်။ ထိုကြောင့် ကျွန်တော်တို့ အားလုံး ညနေရီနေ၀င်တရော ကာလများတွင် ပုဇွန်ဆီရောင်နေမင်း ကန့်လန်ကာ နောက်ကွယ်တွင် ပုန်းလျိုးကွယ်လျိုးနှင့် သူမ ရုံးမှ အပြန်ကို စောင့်ကြည့်တတ်လာကြသည်လေ … ။

တကယ်တမ်း … တော့ … ။

အရောင်များ ….

စုတ်ကို ကိုင်ထားသော သူမ၏ လက်တွေက ကင်းဗတ်စပေါ်တွင် တဖျတ်ဖျတ်နှင့် သွက်လက်စွာ လှုပ်ရှားနေကြသည်။ တစ်အောင်အကြာတွင် ရေးလက်စကို ခဏ ရပ်ထားပြီး ခပ်လှမ်းလှမ်းက သွားကြည့်လိုက် အနီးကပ်လာပြီးပြီး ကြည့်လိုက်နှင့် သူမ အလုပ်ရှုပ်လျှက်ရှိသည်။ သူမှ မျက်လုံးအစုံကို မှေးလိုက်၊ ပြူးကျယ်လိုက်နှင့် သူမ အာရုံနှင့် သူမ တစ်ထပ်တည်းကျနေသည်ကို ကျွန်တော်တို့ အတိုင်းသား ထိုင်ကြည့်နေမိသည်။ သူ့မ ဟန်ပန်နှင့် စည်းချက်ကျကျ လှုပ်ရှားမှုများက အသံတိတ် ကဗျာတစ်ပုဒ်လို လှပလို့နေသည်။ အဖြူ အပြာ အ၀ါ အစိမ်း ခရမ်းနှင့် အနီ အစရှိသည့် အရောင်များဖြစ်သော ကျွန်တော်တို့ကို သူမက သူ့လက်ထဲမှ စုတ်တံနှင့် သဲ့သဲ့ယူကာ အထားအသို ကျနစွာနှင့် တဖြည်းဖြည်း ပီပြင်လာအောင် စုတ်ချက်တို့ဖြင့် နေရာချလို့နေသည်။ ကျွန်တော်တို့ တာဝန်က သူမ၏ စိတ်ခံစားမှုများကို ထပ်တူထပ်မျှ ခံစား၍ အခြားတစ်ပါးသော သူကို တင်ပြဖို့ သူမက စနစ်တကျနှင့် တာဝန်ပေးနေလေတော့သည်။

ပြင်းပြင်းထန်ထန် အသက်ရှုသံကို ကျွန်တော်တို့ ကြားနေရသည်။ သူမ၏ စိတ်ခံစားမှုများ အထွဋ်အထိပ်သို့ တဖြည်းဖြည်းရောက်လာလေ၊ သူမ၏ အသက်ရှုသံက သူမ၏ လှုပ်ရှားမှုကြောင့် ပေါ်ထွက်လာသော အသံဗလံများကို ကျော်လွန်ဖုံးလွှမ်းသွား တတ်သည်။ ယခုလို အချိန်တွင် ကျွန်တော်တို့ အသက်တောင် ရဲရဲမရှုရဲ၊ ကျွန်တော်တို့ အားလုံး လက်မောင်းမှ အကျီ င်္စကို ပင့်လိပ်တင်ထားပြီး သူမ၏ စုတ်တံဖျားတွင် ယီးလေးခိုကာ ကိုယ့်တာဝန်ကို ကိုယ်ကျေအောင်လုံးပန်းကြရသည်။ သူမ နှလုံးသားမှ စကားများ၊ အတွေးများနှင့် စိတ်ကူးပုံရိပ်များကို ဘာသာပြန် ကိုယ်စားပြု ဖော်ပြပေးခွင့်ရသည့်အတွက် ကျွန်တော်တို့အားလုံး ဂုဏ်ယူကျေနပ်နေတတ်သည်မှာ အသားတကျရှိနေပြီ။

သူမနှင့် တစ်ချိန်တစ်ရံက စကားစမြည်ပြောဖြစ်သည်။ သူမက ပြောသည် “နင်တို့တွေ ရှိသည်နှင့် ငါ စကြာဝဠာကြီးတစ်ခုလုံးကို ဘောင်ခတ်ပစ်လို့ရသည်” တဲ့။ ကျွန်တော်တို့ ခေါင်းတညိတ်ညိတ်နှင့် ကိုယ့်ကိုကိုယ် ဘ၀င်လေဟပ်၍ တစ်ယောက်တစ်ပေါက် စကားဆိုနေချိန်တွင် သူမက ထပ်စကားဆိုသည်။ “ဒီအတိုင်းတော့ မရဘူး၊ ငါ့နှလုံးသားနဲ့ အနုပညာတော့ လိုသေးတာပေါ့ဟာ” တဲ့။ ကျွန်တော်တို့ အားလုံးတိတ်ဆိတ်သွားကြသည်။ ဤ အချက်ကို ကျွန်တော်တို့ မသိ၊ နားမလည်ခဲ့ အရင်ကလဲ မသိ၊ အရင့်အရင်ကလည်း နားမလည်ခဲ့ပေ။ ယခု ကျွန်တော်တို့ အားလုံး သူမ၏ ရီဝေသော မျက်ဝန်းများကိုငေးမျှော်၍ ကြည့်နေမိကြသည်။ သူမ ထပ်စကားမဆိုတော့။ သူမမျက်လုံးများက အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်နေသည်။ အမြဲတမ်း သူမ၏စိတ်ကို သိသည်ဟု ဂုဏ်ယူတတ်နေသော ကျွန်တော့တို့စိတ်များ ခွမ်းကနဲ ကျကွဲကုန်သည်။ အခွင့်အရေးတစ်ခု အနေဖြင့် ကံကြမ္မာက ကျွန်တော်တို့ဘက်ကို မျက်နှာသာပေးလာလိမ့်မည်ဟု ကျွန်တော်တို့ အသီးသီးယုံကြည်ထားကြသည်။ ထို့ကြောင့် ကျွန်တော်တို့ အားလုံး သူမ ပန်းချီဆွဲသော အချိန်များတွင် ကင်းဗတ်စပေါ် ကိုယ်စီကိုယ်ငှ နေရာယူကြ၍ ပုန်းလျိုးကွယ်လျိုးစွာ သူမ နှလုံးသားကို စောင့်ဖတ်တတ်လာကြသည်ပဲ … ။ တကယ်တမ်းတော့ …။

မိုးပျံပူပေါင်းများ ….

သူမနှင့် ကျွန်တော်တို့က စုံခဲလှသည်။ သို့သော် စုံလိုက်သည်နှင့် သူမက ကျွန်တော့ကို စူးစူးစိုက်စိုက်၊ ဂရုတစိုက်နှင့် ကြည့်တတ်သည်။ ကျွန်တော်တို့ကို ကျော်လွန်သွားသည့်တိုင် သူမက သမင်လည်ပြန်နှင့်လိုက်ကြည့်တတ်

သည်။ တစ်ခါတစ်ရံ သူမ နှင့် လမ်းမှာ စုံလျှင် သူမ ဟန်ပန်က အလုပ်များ၍ မအားလပ်သည့် ပုံစံနှင့် ခပ်သွက်သွက်သွားလာနေတတ်သည်။ ဘယ်လိုနည်းနှင့်မဆို သူမှနှင့် စုံလိုက်သည်နှင့် မာန်တကြွကြွနှင့် မိုးယံသို့ မျှော်ထိုးနေသော ကျွန်တော်တို့၏ ဟန်ပန်ကို သူမ လှည့်မကြည်ခဲ့ ဟူသည်မရှိ။ အမှတ်မထင် လှမ်းလှမ်းကြည့်တတ်သော သူမ၏ မျက်ဝန်းများနောက်ကွယ်တွင် အမြဲတမ်း အားကျတတ်သော ငွေ့သက်မှုတို့က ရီဝေေ၀ အမြဲဆိုင်းကာ ရှိနေတတ်ခဲ့သည်။ ကြာလာတော့ ကျွန်တော်တို့လည်း ဖတ်တတ်နေခဲ့ပြီ … ။

သူမ အလုပ်ဆင်းလာသော တစ်နေ့တွင် ဖြစ်သည်။ သူမှနှင့် ဆုံမည်ဟု ကျွန်တော်တို့ မျှော်လင့်မထားခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ကို ရောင်းချသော လူကြီးက သူရောင်းချနေကျနေရာ လူစည်ကားသော နေရာတွင်မဟုတ်ပဲ၊ လမ်းတစ်လမ်း၏ ထောင့်ကွယ်ချိုးတစ်ခုတွင် ပုံမှန်မကျစွာ ရောင်းချနေခဲ့သည်မို့ပင်။ သို့သော် သူမ ထိုနေရာသို့ ရောက်လာခဲ့သည်။ အမှတ်မထင်စွာ ကျွန်တော်တို့နှင့် လာစုံသောကြောင့် သူမမျက်ဝန်းလေးများ ၀ိုင်းစက်သွားကာ မျက်နှာပေါ်တွင် ပျော်ရွှင်ကျေနပ်သည့် အမူအယာလေးများ ယှက်သမ်းသွားသည်။ ကျွန်တော်တို့ သူမကို မြင်သည်နှင့် အချင်းချင်း လက်တို့ကာ ပွက်လောရိုက်သွားခဲ့ကြသည်။ ထိုစဉ် ကလေးငယ်တစ်ယောက်က ကျွန်တော်တို့ထဲမှ တစ်ယောက်ကို ၀ယ်ယူနေသည်။ ထို အရောင်းအ၀ယ်ကို ကျွန်တော်တို့က အတိုင်းသားမြင်နေရသလို သူမကလဲ ရီဝေေ၀ မျက်လုံးအစုံဖြင့် ခပ်တွေတွေ ရပ်ကြည့်နေဆဲ… ။

ရုတ်ချည်းဆိုသလို ကလေးငယ်၏ လက်ထဲမှ အ၀ါရောင်မိုးပျံဖူးပေါင်းတစ်စင်း ကြိုးလွှတ်၍ ကောင်းကင်ပေါ်သို့ သွားသည်။ သူမ မျက်နှာကွက်ကနဲ ပျက်သွားသည်ကို မမျှော်လင့်စွာမြင်လိုက်ကြရသည်။ ထိုနေရာမှ ပြေးထွက်သွားသော သူမကို ကျွန်တော်တို့ အံသြတကြီး လှမ်းမျှော်ကြည့်နေမိကြသည်။ ကျွန်တော့်တို့ကို ချုပ်ကိုင်ထားသော မိုးပျံပူပေါင်းရောင်းသူ လူကြီးလက်မှ အတင်းရုန်းထွက်၍ ပြေးထွက်သွားသော သူမနောက်သို့ လိုက်ကြည့်ချင်စိတ်များ တဖွားဖွားနှင့် ကျွန်တော်တို့ အားလုံးအသံတိတ်ဆိတ်နေသည်။ “ဟေးးးး မင်းအပေါ်ရောက်သွားရင် သူမ နောက်ကို လိုက်ကြည့်လိုက်စမ်းပါကွာ၊ သူမ ရင်ထဲမှာ ဘာတွေ ရှိမလဲ” ဟု ကျွန်တော်တို့ ထဲမှ တစ်လုံးက မိုးပေါ်တက်သွားသော မိုးပျံပူပေါင်းထံသို့ လှမ်းအော်ပြောလိုက်သည် … ။ အခွင့်အရေးတစ်ခု အနေဖြင့် ကံကြမ္မာက ကျွန်တော်တို့ဘက်ကို မျက်နှာသာပေးလာလိမ့်မည်ဟု ကျွန်တော်တို့ အသီးသီးယုံကြည်ထားကြသည်။ ထို့ကြောင့် ကျွန်တော်တို့ကို သူမ ကိုယ်တိုင်ကိုယ်ကျ ၀ယ်ယူမည့် အချိန်မတိုင်မှီ လက်ရှိအနေအထားမှ အားလုံး ရုန်းကြွရန် တိုင်ပင်ဆုံးဖြတ်လိုက်ကြသည်။ တကယ်တမ်းတော့ … ။

နန်းညီ …

စွဲလမ်းနှစ်သက်မှုများနှင့် သူ နေထိုင်ခဲ့သည်။ သူ စွဲလန်းနှစ်သက်သော အရာများက တစ်လောကလုံးရှိအရာများအားလုံး ဖြစ်နိုင်သလို၊ တစ်ခုမှလည်း မဟုတ်ပေ။ သက်ပြင်းတစ်ခုကို အသာချ၍ ခေါင်းကို အေးအေးထားကာ စဉ်းစားကြည့်သည်။ သူ ဘာတွေကို စွဲလန်းနှစ်သက်သနည်း။ စိတ်ကူး အာရုံတွင် မြင်နေရသည်က ဗလာ။ နောက် …. ။ အမြင်အာရုံထဲတွင် တရေးရေးမြင်လာသည်က ရောင်စုံမိုးပျံပူပေါင်းများ ဖြစ်လို့နေသည်။ ငုတ်လျိုးနိမ်ကျမှုကင်းစွာဖြင့် မာန်တင်းကာ လောကကြီးကို ခေါင်းမော်ကြည့်နေကြသော မိုးပျံပူပေါင်းများ။ ထိုမိုးပျံပူပေါင်းများပေါ်တွင် သူ နှစ်သက်သော အရောင်များ … အို အရောင်တွေက စုံလိုက်တာနော် … ။ မိုးပျံပူပေါင်းများနှင့် သွားရင်လာရင်းစုံမိလိုက်သည်နှင့် သူတို့နှင့် အမှတ်မထင်စွာ စုံစည်းမိသည်နှင့် ရင်တွေက အဖိုဖို လှုပ်ရှားလှိုက်ဖိုလို့ လာတတ်သည်။ အမှတ်မထင် မှတ်စုစာအုပ်ကို ဖတ်ကနဲ လှန်ကြည့်လိုက်မိသည်။ သူတို့နှင့် ပတ်သက်၍ စိတ္တဇဆန်စွာ ရင်ခုန်သံ ဆူညံပွက်ထခဲ့ဖူးသည်ပဲ … ။

“ရောင်စုံမိုးပျံပူပေါင်းတွေ ကျွန်မတို့ဘေးပတ်လည်ကနေ ပျံတက်သွားကြသည်.. ချည်ထားသောကြိုးလေးတွေပြတ်ကာ ကောင်းကင်ပေါ်သို့ ဖရိုဖရဲပျံတက်သွားသော ပူပေါင်းလေးများကို ကျွန်မမော့ကြည့်လိုက်မိ၏.. သူတို့မှာ သွားရမည့် ဦးတည်ရာနေရာမရှိ.. ကောင်းကင်အမြင့်မှာ သူတို့ကို ဆီးကြိုဖမ်းယူမည့်သူမရှိ.. အထဲမှလေများကုန်သွားချိန်မှာ လျော့ရဲစွာ မလှပစွာမြေပြင်ပေါ်သို့ ပြန်ကျလာရမည့်အဖြစ်တွေပဲ.. မြေပြင်နှင့်ချည်ထားသောကြိုးပြတ်သွားသဖြင့် ကစဥ့်ကလျားလွင့်ပျံသွားရသည့် ပူပေါင်းလေးတွေအစား ကျွန်မရင်နာမိပါသည်..” (ကောင်းကင်ကြိုးမှ၊ နန်းညီ)

ကြည့်နေရင်းမှာပင် ကလေးငယ်၏ လက်ထဲမှ မိုးပျံပူပေါင်း အ၀ါရောင်တစ်လုံး စွေ့ကနဲ လေထက် ၀ဲတက်သွားသည်။ အမှတ်မထင် မြန်လာသော ရင်ခုန်သံများနှင့် ထိတ်ကနဲ ဖြစ်သွားသော စိတ်တို့က သူ့ကို လှုပ်နှိုးလိုက်သလို သိမ့်ကနဲ ဖြစ်သွားစေသည်။ တဖြည်းဖြည်း လေအလျဉ်တွင် ဝေ့ကာဝဲကာ ဖြင့် အထက်ကောင်းကင်သို့ တက်သွားသည့် မိုးပျံပူပေါင်း အ၀ါလေးကို ကြည့်ရင် သူ စိတ်အစုံတို့ ကြိုးစတွင် လိုက်ပါသွားကြသည်။ တဖြည်းဖြည်းလွင့်ဝဲတက်နေရင်း စိတ်အလျဉ်တို့က မြင့်သထက် မြင့်သထက် လွင့်လွင့်ရင်း။ ရုတ်ချည်း ဆိုသလို ပြေးထွက်လာမိသည်။ သူ မရပ်မနားပြေးထွက်လာခဲ့မိသည်။ ထို မိုးပျံပူပေါင်းလေး အစား သူ ရင်နာနေမိသည်လား … ထပ်မတွေးဝံတော့။ ပြေးလွှားနေသည်ကို ရပ်တန့်၍ မိုးကောင်းကင်ပြင်ကို မော့ကြည့်လိုက်သည်။ အို … ကြယ်စင်များက ဂရုတစိုက်ရှိလှစွာဖြင့် ကြည့်နေကြသည်ကို သူ အံအားသင့်စွာ မြင်လိုက်ရသည်။ သူတို့၏ အကြည့်တို့က မဟေဠိဆန်လွန်းနေသည်။ သူ ကြည့်နေဆဲမှာပင် ညနေ မှောင်စပျိုး ကောင်းကင်ယံသို့ ဖြူ၊ နီ၊ ပြာ၊ စိမ်း မိုးပျံပူပေါင်းများ အစုလိုက်အပြုံလိုက် လွင့်တက်လာကြသည်။ ထိုမိုးပျံပူပေါင်းများ၏ ထိပ်ဆုံးမတော့ အ၀ါရောင်မိုးပျံပူပေါင်း တစ်လုံးက ဦးဆောင်လျှက် ဝေဟင်ထက်သို့ ဖြည်းညင်းစွာ မြင့်တက်နေခဲ့သည်။

မြင်ကွင်းတစ်ခုထဲတွင် သူ စွဲလန်းသည့် ကြယ်စင်များ၊ သူချစ်သည့် အရောင်၊ သူစိတ်ကို စိတ္တဇဆန်စွာ ဖမ်းစားနေခဲ့သည် မိုးပျံပူပေါင်းများ …. ။

အို ….

ဤ အရာများက … သူ့၏ အိပ်မက်များ၊ အမည်မသိသော ခံစားမှုတစ်ခုက ဘွားကနဲ နှလုံးသားအကြားမှ ပေါ်ထွက်လာသည်။ သူကိုယ်တိုင်လဲ မသိ အံသြခြင်းကြီးစွာဖြင့် … လှိုက်လှိုက်လှဲလှဲ ခံစားနေရသည်။ ဒုတိယမ်ပိ မိုးကောင်းကင်ထက်ကိုမော့ကြည့်မိသည်။ ကြယ်စင်များ၊ အရောင်စုံများနှင့် မိုးပျံပူပေါင်းများက တစ်စုံတစ်ခုကို ထိရှိသိမြင်သွားကြသလို ၀မ်းသာအဲလဲ လက်ပြနှုတ်ဆက်နေကြသည်။ သူ လည်း အမှတ်မထင် လက်ပြနှုတ်ဆက်မိသည်။ သူတို့တွေက ဟိုးအဝေးမှာ၊ ဟိုးအဝေးကို ထွက်သွားနေကြသည်ပေမယ့်။ နှလုံးသား အတွင်းပိုင်းကို တိုးဝင်သထက် တိုးဝင်လာသလို သူ ခံစားနေရသည်။ မျက်ဝန်းထောင့်မှ ဖြတ်စီးသွားသော မျက်ရည်တစ်စအတွက် မည်သို့ အဓိပ္ပါယ်ဖွင့်ရမည်ဆိုသည်ကိုပင် သူ မသိနိုင်တော့။
ဒါပေမယ့် သေချာနေသည်တစ်ခုကို သူသိနေသည်။ ထိုခဏတွင်ဖြစ်သည် …. ။

ထိုခဏတွင် ကြယ်စင်များ၊ အရောင်များ၊ မိုးပျံပူပေါင်းများနှင့် နန်းညီသည် တစ်သားတည်းပူးပေါင်းသွားလေသည်။

ထိုခဏသည် ….သူ၏ အနုပညာ ဖြစ်၏ ။

(ခင်မင်လေးစားရသော ညီမငယ် နန်းညီရဲ့ ပိုစ့် ၁၀၀ ပြည့်မြောက် အထိမ်းအမှတ်အဖြစ် အမှတ်တရ မှတ်တမ်းပြု ရေးသားခံစားမိပါသည်၊ ညီမငယ် နန်းညီ ပိုစ့် ရာပြည့် အထိမ်းအမှတ်မှ ထောင်ပြည့်၊ သောင်းပြည့်၊ သိန်းပြည့်၊ သန်းပြည့်၊ အသက်ရှင် ရပ်တည်နေသရွေ့ ချစ်သော အနုပညာ ခံစားမှု ဖြင့် ရေးသားရပ်တည်နိုင်ပါစေကြောင်း ဆန္ဒမွန်ပြုလိုက်ရပါသည် )

………………………………………………………………………………………..


၉.. မိညီမနှင့်ကျွန်တော်
by Little Brook

ပို့စ်တစ်ရာမြောက်ကို အထိမ်းအမှတ်အဖြစ်ရေးပေးဖို့ ညီညီကပြောလာတော့ ကျွန်တော်ဘာရေးရမလဲ အရင်ဆုံးတွေးမိတယ် ။ ရေးစရာအမှတ်တရတွေကတော့ အများကြီးပေါ့ဗျာ..။ကျွန်တော့်အတွက် သူဘယ်အထိအရေးပါလဲ..သူကဘယ်လိုလူမျိုးလဲ…သူ့ကိုဘယ်လောက်သိနားလည်လဲ
ကိုယ့်ကိုယ်ကိုအရင်ဆုံးမေးကြည့်မိတဲ့ မေးခွန်းတွေပါ ။

ကျွန်တော့်ဘ၀မှာ အိပ်နေရာကနေ လန့်နိုးလာလောက်တဲ့အထိ ကြောက်လန့်မိတဲ့ အရာနှစ်ခုရှိပါတယ်။
အဲဒါ မေမေနဲ့ ညီညီ ကျွန့်တော့်ဘ၀ထဲက ထွက်သွားရင်ဆိုတဲ့ အတွေးပါ ။
အဲဒါအဖြေပါပဲ……….။

ညီညီဟာ ဘယ်လိုလူစားမျိုးလဲ….။ သူဟာ သာမန်လူမလေးတစ်ယောက်သာသာပါ။
သူဆိုးတာ၊ သူကောင်းတာ၊ သူမြင့်မြတ်တာ၊ သူကလိမ်ကျတာ…အားလုံးဟာ သာမန်ထက်ဘာမှပိုမထူးခြားပါဘူး။
သူက ကျွန်တော့်ညီမလေးဖြစ်နေတဲ့ အတွက်သာ ကျွန်တော့်အတွက် အားလုံးထက် ပိုထူးခြားနေခဲ့တာတော့ ရှိတာပေါ့ ။

သူ့ကိုဘယ်လောက်ထိနားလည်လဲဆိုရင် ဘယ်လောက်မှနားမလည်ပါဘူး။ သူလုပ်သမျှကို နားလည်ပေးရတာသာရှိတာပါ၊ အင်း…ရေးစရာက ဒီလောက်နဲ့တင်ကုန်နေပြီလေ.. ဒီအတိုင်းလေးပေးလိုက်လို့ကတော့ ကျွန်တော်အကိုက်ခံရဖို့က သိပ်သေချာတာပေါ့။

ကျွန်တော့်ဘ၀မှာ သူနဲ့ပတ်သက်လို့ သတိရစရာ အကောင်းဆုံးက သူ့ကို ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တွေ၊ ကြည့်ဖူးတဲ့ ဇာတ်လမ်းတွေအကြောင်း ပြန်ပြောရတာ…ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့ ကလေးဘ၀အကြောင်း သူ့ကိုပြောပြရတာပါ ။ ကျွန်တော်ရယ် ၊ သူရယ် ၊ အိဖူးရယ် … အိမ်ရှေ့ကွပ်ပြစ်ပေါ်အိပ် ကောင်းကင်က ကြယ်တွေမော့ကြည့် တခါတလေပုံပြောခိုင်း တခါတလေ စာအုပ်တွေ အကြောင်းပြော…
တော်တော်ကောင်းတဲ့ ဘ၀ပါ ။ စာအုပ်တွေထဲက ဇာတ်ကောင်နာမည်တွေနဲ့ သူ့ကိုခေါ်ပါတယ် ။
အဲဇာတ်လမ်းတွေထဲက စကားတွေကို ကျွန်တော်တို့ ပြောကြပါတယ် ။ ကစားနည်းလေးတစ်ခုပေါ့ဗျာ။ ဘယ်သူမှလည်း နားမလည်နိုင်တဲ့ ဘာသာစကားအသစ်ပေါ့။

ကျွန်တော့်ဘ၀မှာ သူနဲ့ပတ်သက်လို့ နောင်တရမိတာကတော့ သူ့ပန်းချီကားတွေကို အပြုသဘောနဲ့ မဝေဖန်ခဲ့မိတာပါ။ သူအဲ့ကတည်းက သူ့ပန်းချီကားတွေနဲ့ ပတ်သက်ပြီး မတိုင်ပင်တော့တာပါပဲ။ ကျွန်တော်ကလည်း စိတ်မကောင်းပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း ခေါင်းကြောမာတော့ ဒီအတိုင်းပဲ ထားမိတယ်။ တစ်နေ့တော့ အဲ့ဒီချိုင့်ခွက်လေးကို ပြန်ဖြည့်ပါဦးမယ်။

သူစာတွေ ရေးနေတာဖတ၊် သူပန်းချီကားတွေ ဆွဲနေတာကြည၊့် သူဆိုနေတဲ့သီချင်းကို တခါတလေလိုက်ဖျက်ဆို၊ ဟဲဟဲ..တခါတလေ ကသေးတယ်ဗျ။ အင်း…သူ့ထမင်းချိုင့် ဆေးခိုင်းတာကတော့ မကောင်းဘူးပေါ့ဗျာ… သူဖျော်ပေးတဲ့ကော်ဖီ သောက်ရတာကတော့ ကောင်းပါတယ်.. ကဲ သူနဲ့ပတ်သက်တဲ့ အမှတ်တရ… ဒါတွေမဟုတ်ဘူးလားဗျာ။ အဲ… ဘလော့ဂ်တို့ အင်တာနက်တို့နဲ့ ကျွန်တော်နဲ့က ဝေးလွန်းတယ်
ကျွန်တော်က အဲဒါတွေကို သူ့ကြောင့်ရင်းနှီးလာခဲ့ရတာပါ။ သူချက်တင်ထိုင်တာကို ကျွန်တော်အသေမုန်းတယ်။
နောက်ဆုံးသူ့အလုပ်ရဲ့ ပျင်းရိငြီးငွေ့ဖွယ်အနေအထားကြောင့် သူ့ကိုအတိုက်အခံမလုပ်တော့တာ။ အခုတော့ ကျွန်တော်ပါအဲဒါတွေနဲ့…။

ကျွန်တော်သူ့ကို သတိပေးထားတာလေး တစ်ခုကတော့ စိတ်ပြေရာပြေကြောင်းဖန်တီးထားတဲ့ ကမ္ဘာအတုလေးထဲ ၀င်နေရင်းနေရင်း အနီးက တကယ့်အဖြစ်အပျက်တွေ လူတွေကိုမေ့သွားမှာကိုပါ။ သူမေ့သွားတိုင်း ကျွန်တော်က သတိပေးတယ်၊ ဆူတယ်။ မျက်နှာသေလေးနဲ့ နားထောင်..
ပြီးရင်လည်း ထပ်မှား… အဲလိုအမှားတွေကတော့ ဘယ်တော့မှလည်း ဆုံးမယ့်ပုံ မပေါ်ပါဘူးဗျာ။ ပြီးတော့လည်း ရီနေလိုက်ရတာပါပဲ။

အင်း နောက်ဆုံးအနေနဲ့သေချာတာက သူဟာမှားတတ်တဲ့၊ လူပီသတဲ့ လူမလေးတစ်ယောက်… ဒါပဲပေါ့ဗျာ
တခါနဲ့တခါ ဖွင့်ဖတ်လိုက်တိုင်း ဘယ်တော့မှမတူတဲ့ ဇာတ်လမ်းတွေ တွေ့နိုင်တဲ့ စာအုပ်လို ကောင်မလေး။

Mar 142009
 

၎.. ငါးဆယ် ငါးဆယ်
by တူးတူးသာ

ညီမလေး ညီရေ
ဘဝဟာ ငါးဆယ် .. ငါးဆယ် တဲ့
အလောင်းအစားဆန်လှတယ်။
တို့တတွေ ဆုံတွေ့ကြဖို့ ဆိုတာလည်း
ငါးဆယ် .. ငါးဆယ်ပေါ့ကွယ်
ကံကြမ္မာဆီမှာ အဲသလိုပဲ ထပ်ထားလိုက်မယ်။

တကယ်တော့
တခါမှ မဆုံဖူးကြပါဘဲ
သံယောဇဉ်တွေ နှောင်တည်းနေမိကြတာ
ငါးဆယ် .. ငါးဆယ် ပါ ..။

ဖိုးအောင်ကိုပြောလိုက်ပါ
ဗာဒံရွက်တွေ တခါနီတိုင်း သတိရဖို့
တပေါင်းနွေ နေပူပူအောက်မှာ
ကြံရည်အေးအေး သောက်ရင် သတိရဖို့
ကောင်မလေးနဲ့ စိတ်ကောက်တဲ့အခါ သတိရဖို့
ညီမလေးညီနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တဲ့အခါ သတိရဖို့
ညီမလေးညီဆီက စာအုပ်တွေငှားပြီး ပြန်မပေးတဲ့အခါတိုင်း … သတိရဖို့
တခါမှ မဆုံဖူးကြပေမယ့် ..
ဆုံဖူးခဲ့ကြသလို စိတ်ကူးတွေနဲ့ သတိရဖို့ပေါ့ .. ။

ညီမလေး ညီရေ
ငါးဆယ် .. ငါးဆယ်တွေထဲ ကျင်လည်နေရတာဆိုတော့
များများချစ်ကြမှဖြစ်မယ်
နည်းနည်းပဲ မုန်းကြစို့။
နေကောင်းပါစေ
စိတ်ချမ်းမြေ့ပါစေ
အတွေးတွေ အမြဲသစ်ပါစေ
ငါးဆယ် .. ငါးဆယ် တဲ့
ဘာမှ မရေရာတဲ့ အလောင်းအစားဆန်ဆန် ဘဝထဲမှာ
တို့ .. ချစ်ခြင်းမေတ္တာတွေကိုတော့
တစ်ရာ အပြည့်ဖြစ်ပစေပေါ့ကွာ .. ။ ။

…………………………………………………………………..

၇.. ကိုကို့ရဲ့ညီ
by ဂျဲဂျယ်

ရူးပေါပေါဂိုဏ်းကိစ္စက ကျယ်ပြန့်သွားတော့ နန်းညီဆိုတဲ့ ကောင်မလေးက ဘာမပြောညာမပြောပဲ ရူးပေါသဘာပတိဆိုပြီး လူအထင်ကြီးစရာ ရာထူးကြီးတစ်ခုကိုပေးလိုက်တော့ စိတ်ညစ်နေတဲ့ သူဆိုတော့ ရူးလိုက်ပေါလိုက်တာ ဟိုဖက်ကမ်းတောင် ကျော်သွားတယ်။ အဲ့ကနေ နန်းညီဆိုတဲ့ ညီမလေးတစ်ယောက် ကောက်ရလိုက်ပါတယ်။ အခုဆို ခင်တာ ၄ လ ကျော်ကျော်ဆိုပေမဲ့ တကယ့် မောင်နှမအရင်းတွေလို စနောက်၊ ကျွန်တော်က တခုပြီးတစ်ခု ဂျီကျ၊ (ကျွန်တော်က ဂျီကျတာနော်)း) ၊ အခုမှ ညီက ၁ဝဝ ပိုစ့်အတွက် ဂျီပြန်တိုက်လို့ ခန်းခြောက်နေတဲ့ ခေါင်းကို ရေ အတင်းလောင်းပြီး ရေးနေတာ.. ဒါတင်မဟုတ် key board က ခလုတ်တွေက နှိပ်မရ။ ကြံကြံဖန်ဖန် လုပ်ပြီး ရေးရတယ်။ ရေးရတာ ဒီပိုစ့် အကြာဆုံးပဲ ..ဖူး .. ပြောရင်း စိတ်တောင် ပင်ပန်းလာပြီ :)
ဒါကတော့ ညီနဲ့ ကျွန်တော်ရဲ့ ပေါပေါတောတော မောင်နှမဖြစ်ဖို့ စချက်တဲ့ ၂၉-၁ဝ-ဝ၈ က ချက်တင်လေးပါ။ NP to jeljel.lay@googlemail.com

date Wed, Oct 29, 2008 at 6:31 PM

subject Chat with NP mailed-by googlemail.com

me: ဟလို

NP: လိုဟဲ

me: ကျတော် က သဘာပတိဂျဲဂျယ်ပါ

NP: ဟုတ်ကဲ့ရှင့် သိပါတယ်း)

me: မယ်နန်းညီထင်ပါ့

NP: မှန်ပါ့ဘုရား ဟုတ်ပေါင် မှန်ပါ့ ကမ္ဘာငတိကြီး

me: အော် အေးအေး ကျန်းမာပါစ အမှုရှောင်ကြီး

NP: ဟီး ကျန်းမာပါ့ရှင် သဘာငတိကြီးရော ဘာတွေလုပ်

အဲ့ကနေ အဲလိုစခဲ့ပါကြောင်း .. …………

Mar 132009
 

၆.. ရာပြည့်ရန်ဒမ်
by ဗီလိန်

နန်းညီ နန်းညီ အို နန်းညီ
ပန်းချီဆွဲတဲ့ မယ်နန်းညီ။
နန်းညီလေးက ဘလော့ရေး
Random ရေးတဲ့ ဘလော့ဂါလေး။
ရေးလိုက်တာ ၁၀၀ ပြည့်
ပို့စ်တွေကလည်း ကောင်းပါပေ့။
Photoshop တွေ ကလိနေ
နန်းညီလေးက တော်ပါပေ။
လုပ်ပေးပါဦး Banner တစ်ခု
လုပ်ရပြန်ပြီ တစ်ခုပြီးတစ်ခု။
မငြီးမငြူ လုပ်ပေးသူ
ကိုဗီကလည်း ချေးများသူ။
စိတ်တိုင်းကျအောင် လုပ်ပေးရ
စေတနာက ဗလပွ။
ငပေါများရဲ့ အမှုဆောင်
စည်းရုံးရေးမှာ သူခေါင်းဆောင်။
လက်ဖျားခါအောင် ပေါတာများ
မစ္စတာဘင်းန်တောင် စိတ်ညစ်သွား။
Gtalk ထဲမှာ သီချင်းဆို
စလင်းဒီယွန်နဲ့ အင်မလီလို။
ရုံးမှာနေ ထိုင်ကာ Chat
အလုပ်ပြုတ်မယ် သတိချပ်။
:)
စလင်း ဒီယွန် = Celin Deon အင်မလီ = Amy Lee from Evanescence

…………………………………………………………………………………………………….

၅.. Untitled
by Mirror
ဒီစာကို ကျမရဲ့ချစ်လှစွာသော….သူ့ကိုယ်သူဆိုးတယ်လို့ အတိအလင်းဝန်ခံထားတဲ့…ညီမလေးညီညီရဲ့ ပိုစ့်တစ်ရာမြောက်အဖြစ်..ရေးပေးဖြစ်ပါတယ်။တစ်သက်လုံး ကိုယ့်ထက်ကြီးတဲ့အစ်ကို၊အစ်မ ဘလောဂ့်ဂါတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့သမျှ….ခုတော့ ကျမလဲ ပြန်လုပ်နေပေးရတာတူပါရဲ့….။ရေးပေးမယ်လို့ ပြောပြီး အပျင်းထူးတာ၊အလုပ်မအားတာ၊စိတ်ကြည်လင်မှုမရှိတာ…အဲ့ဒါတွေနဲ့ပဲ မရေး၊မရေးနဲ့ ကြာနေခဲ့တာ…ကဲ..ညီမလေးညီညီရေ…ကောင်း၏၊မကောင်း၏ သဘောမထားပဲ….ရှိသမျှအားအင်နဲ့ ဖြစ်ညှစ်ထုတ်လို့ ငါတို့ ၂ ယောက်ရဲ့ဖြစ်တည်မှုအတိတ်အကြောင်းလေးကို သတိရသလောက်၊ခံစားမိသလောက် ရေးပေးလိုက်ပါပြီ….ရေးခိုင်းတဲ့အတွက်လဲ ကျေးဇူးတင်ပါ၏။
***************************
အစ…. အဲ့ဒိအင်တာနက်ကဖေးလေးထဲကို ခြေလှမ်းချချခြင်းမှာပဲ ကျမမျက်လုံးက နံရံထက်က ပန်းချီကားတွေဆီရောက်သွားခဲ့တယ်..။အိုး..သိပ်လှတဲ့ ပန်းချီတွေနဲ့ သိပ်ခမ်းနားတဲ့အင်တာနက်ဆိုင်လေးပါလား…လို့လဲ စိတ်ထဲကနေ မှတ်ချက်ပေးမိတယ်..။ဒေးဗစ်ဘက်ခမ်းပုံ၊မိုက်ကယ်အိုဝင်ပုံ၊ရှာရာဗိုပါပုံ နဲ့ Akon ပုံ စတာတွေနဲ့ယဉ်ပါးနေတဲ့မျက်လုံးက ဒီလိုအင်တာနက်ဆိုင်လေးကိုတွေ့လိုက်ရတော့ ထူးဆန်းလို့နေတယ်…။(မှတ်ချက် မြန်မာပြည်မှာက ပန်းချီကားတွေကိုအများအားဖြင့် ကော်ဖီဆိုင်ကြီးတွေမှာလောက်ပဲ တွေ့ရတတ်တာ)…..ခုတော့ဒီလိုမဟုတ်…။ပြောရရင် ပန်းချီကားတွေနဲ့တန်ဆာဆင်ထားတဲ့ အခန်းငယ်လေးတစ်ခုထဲကနေ ကျမအင်တာနက်သုံးဖြစ်ခဲ့တယ်မြင်မြင်ချင်းမှာပဲ ဘယ်က၀ယ်တာလဲဆိုတော့ ၀ယ်တာမဟုတ်၊အစ်မတို့ညီမလေးတစ်ယောက်ဆွဲပေးထားတာလို့ ဆိုင်ကအစ်မတစ်ယောက်က ပြောတယ်.။လိမော်နဲ့ အ၀ါကိုတောင် ကွဲပြားအောင်မကြည့်တတ်တဲ့ကျမက ပန်းချီပညာကိုဘာမှ နားမလည်ပေမယ့်ပန်းချီရဲ့အလှကိုတော့ခံစားတတ်ပါတယ်။ပြီးတော့ ဒီပန်းချီကားတွေကို ဖန်တီးသူက ညီညီဆိုတဲ့ ယောက်ျားလေးနာမည်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတာတွေက ကျမရဲ့ စိတ်ဝင်စားမှုကို ပိုစေခဲ့တယ်…။
တစ်နေ့…အင်တာနက်သုံးပြီးလို့ပြန်ခါနီးမှာ ကျမကအဲ့ဒိပန်းချီကားတွေကို သွားငေးနေတုန်းမှာ အစ်ကိုတစ်ယောက်က” အဲ့ဒါလေ…ညီညီဆိုတဲ့ အစ်ကို့ ညီမလေးဆွဲတာ…ငပေါမလေးပါကွာ “တဲ့… ပေါတယ်လို့သာ သူကပြောလိုက်တာ..သူ့မျက်လုံးထဲက သူ့ညီမလေးအပေါ်လေးနက်မှုတွေကိုလဲ ဖျတ်ခနဲကျမ တွေ့လိုက်မိရဲ့……။ပေါတာ..မပေါတာနဲ့ အနုပညာနဲ့ ဘာမှတော့မဆိုင်ပါဘူး…နော်..ဟုတ်တယ်မလား…။ကျမက သူ့အနုပညာကိုပဲ ခံစားတာ…လေ။အဲ့ဒိလို ပန်းချီကားနဲ့၊အဲ့ဒိပန်းချီကားကို ဖန်တီးသူရဲ့ အမည်နဲ့ကို မိတ်ဆက်ပေးခဲ့တာက ခု littlebrook ဆိုပြီး ဘလောဂ့်ပေါ်တက်ပြီး ပန်းချီတွေ၊ကာတွန်းတွေကို ဆွဲတစ်လှည့်၊မဆွဲတစ်လှည့်လုပ်နေတဲ့ နန်းညီရဲ့ အစ်ကိုကြီးပါ…။ဒီလိုနဲ့ပဲ ပန်းချီကားပိုင်ရှင်ရဲ့ နာမည်နဲ့တော့ ရင်းနှီးခဲ့ရပြီး လူချင်းရင်းနှီးဖို့တော့ ကျမဘက်ကလဲမကြိုးစားမိသလို …………အဲ့ဒိပန်းချီဆရာမလေးနဲ့ ကျမနဲ့ တွေ့ဖို့ဆုံဖို့ ဖြစ်လာမယ့်လို့ မထင်မှတ်ခဲ့မိပါဘူး……။
မနှစ်က တောင်ကြီးတန်ဆောင်တိုင်ပွဲကိုသွားလည်ဖို့ တောင်ကြီးကိုတက်မယ့်ည….။ မသွားခင်လေးအင်တာနက်ဆိုင်ပြေးတယ်။ပြန်ခါနီးတော့ ကျမတို့ခရီးထွက်ကြမလို့..တော်တော်နဲ့လာဖြစ်ဦးမှာ မဟုတ်ဘူးလို့ ပြောတော့ လစ်တဲလ်ဘရွတ်ကြီးက ” အဲ..ဟုတ်လား..ဒီမယ် ဟော့ဒိ ကောင်မလေးလဲ သွားချင်နေတာ ကားလက်မှတ်မရလို့ မတက်ရဘူးဖြစ်နေတာ..”တဲ့………။ကျမ တစ်ချက်တော့ လှည့်ကြည့်ဖြစ်တယ်..ဒါပေမယ့် သိပ်ပြီးတုံးအတဲ့၊ပတ်ဝန်းကျင်လေ့လာအကဲခတ်မှု အားနည်းတဲ့ကျမက အဲ့ဒိမိန်းကလေးဟာ ကျမစိတ်ဝင်စားတဲ့၊တွေ့ဖူး၊မြင်ဖူးချင်နေတဲ့ နံရံပေါ်က ပန်းချီကားတွေရဲ့ဖန်တီးသူမှန်း ကျမ ဆက်စပ်ပြီး မတွေးကြည့်ခဲ့မိဘူး။မေးလဲ မကြည့်ဖြစ်ဘူး။ နောက်ပြီး ကျမနဲ့ တစ်ခါမှမမြင်ဖူး၊မတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ ခရီးထွက်ဖို့ကိုလဲ အဆိုးမြင်တတ်တဲ့ကျမက မ၀ံ့စားလို့…ဒါထက်….အဲ့ဒိ လစ်တဲလ်ဘရွတ်ကရော..စကားအဖြစ်ပဲ ပြောတာလား၊တကယ်ရော ဒီကောင်မလေးက လိုက်ချင်တာသေချာရဲ့လား..စသဖြင့် အတွေးပေါင်းများစွာကြောင့် လိုက်ခဲ့ပါလားလို့ မခေါ်ဖြစ်ခဲ့ဘူး။တကယ်တော့ အဲ့ဒိတုန်းက သွားမယ်လူက သုံးယောက်ရယ်၊ခုံက လေးခုံဝယ်ထားပြီးကျမ တစ်ယောက်ထဲ၂ ခုံထိုင်ဖို့ စီစဉ်ထားခဲ့တာပါ…(ဖွင့်မပြောဖြစ်ပေမယ့် ဒီပိုစ့်ကနေပဲ တောင်းပန်ပါတယ်..ညီမလေးရေ…ကိုယ့်ကြီးကျယ်မှုကြောင့်လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုကိုဖြည့်ဆီးမပေးနိုင်ခဲ့သလိုဖြစ်ခဲ့တဲ့ အတွက်.ပါ..)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အလယ်…. ဒီလိုနဲ့ …နောက်ပိုင်းမှာ အဲ့ဒိအင်တာနက်ဆိုင်က အစ်ကို၊အစ်မတွေရဲ့ ကောင်းမှုနဲ့ပဲ သူနဲ့ကျမ …အပြင်မှာပါ ရင်းနှီးခင်မင်လာခဲ့တယ်…။ကျမရေးတဲ့ မိန်းကလေးတစ်ယောက်လုပ်ချင်ရက်နဲ့ မလုပ်နိုင်တဲ့ “ကျမဆန္ဒများ”ဆိုတဲ့ ပိုစ့်မှာ….သူလာမန့်သွားတာက မဖြစ်နိုင်တာ ဘာမှမရှိဘူး၊လုပ်ပေါ့.တဲ့…။ကျမတို့တွေ အဲ့လောက်ကို ကွာခြားခဲ့ကြပါတယ်…။ဒါပေမယ့် ကျမတို့တွေ ရင်းနှီးခင်မင်ခဲ့ကြတယ်။လေးပင်တဲ့ စကားဝိုင်းတွေ၊ပေါ့ပါးလွတ်လပ်ပြီး ပျော်စရာကောင်းတဲ့ စကားဝိုင်းတွေ…..အဲ့လို စကားဝိုင်းတွေများစွာနဲ့ အချိန်တွေကို စီးဆင်းပစ်လိုက်ခဲ့တယ်………။ ”
ဒီညနေ..လာခဲ့ဟာ..ငါပျင်းလို့ ..” လို့ ကျမခေါ်တဲ့အခါ..”မလာနိုင်၊မဖြစ်…နောက်ကျမှာစိုး ..”စသဖြင့်အဲ့လို အတိုအပြတ်စကားလုံးတွေနဲ့သူမလာချင်တဲ့အခါ ငြင်းဆန်တတ်ပြီး ညနေ ၅နာရီရုံးဆင်းတော့မယ်…လေးနာရီခွဲကျော်ကာမှ ” အစ်မ…ညီညီလာခဲ့မယ်…။ဘယ်နားမှာ စောင့်..”စသဖြင့်ပြောတတ်သေးတယ်……။ ကျမတို့ ဖြတ်သန်းခဲ့ရတဲ့ မိသားစုအခြေအနေ….ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်၊လူနေမှုပုံစံ…အဲ့ဒါတွေအားလုံးမှာ လုံးဝနီးပါးခြားနားပေမယ့်….ကျမတို့ရဲ့ ယုံကြည်ရာတွေတူတယ်။နာကျည်းချက်တစ်ချို့တူညီတယ်….။ မျှော်လင့်ချက်တွေ ကိုယ်စီပေမယ့်….နောက်ဆုံးပန်းတိုင်တွေ တူတယ်……….။ခေတ်မှီမှုကို တမ်းတပုံချင်း တူညီကြတယ်။ ကျမတို့တွေ ခုချိန်ထိတစ်ယောက် ၀ါသနာ၊တစ်ယောက်မမေးမြန်းဖြစ်သေးပါ…။ တစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကိုလဲ နောက်တစ်ယောက်ကစိတ်ဝင်တစား မစပ်စုခဲ့ဖူးသေးပါ…။ ဒါပေမယ့်ကျမတို့မှာဘယ်အချိန်က ဖြစ်တည်ခဲ့မှန်းမသိတဲ့ ခင်မင်ရင်းနှီးမှုတွေ ရှိနေခဲ့တယ်။ လူချင်းမတွေ့ခင်၊စကားမပြောဖူးခင်ထဲကတစ်ယောက်ရေးထားတဲ့စာထဲက ခံယူချက်တွေကို နောက်တစ်ယောက်က ထိတွေ့ရင်းနှီးပြီးသားဖြစ်နေလို့လဲ ဖြစ်နိုင်ပါတယ်.။ ဆုံးဖြတ်ချက်တစ်ခုချဖို့ ကျမက နှောင့်နှေးကြန့်ကြတတ်သလောက်….သူက လွယ်ကူမြန်ဆန်တတ်တယ်………..။ အမြဲပြုံးရယ်နေတတ်တဲ့သူနဲ့တွေမှ….တင်းမာခက်ထန်နေတဲ့ မျက်နှာကြောတွေ သူ့အလိုလိုပြေလျော့လာခဲ့တယ်……..။ပြန်ပြီး ပြုံးတတ်၊ရယ်တတ်ဖြစ်လာတယ်…။ဒီအတွက် ကျေးဇူးပါ ညီမလေးရေ…..အစ..အလယ်နဲ့ရေးထားခဲ့ပေမယ့် အဆုံးလို့တော့ ရေးစရာခုလောလောဆယ်မရှိသေးပါဘူး…။ရေးဖြစ်စရာအကြောင်းလဲ မရှိသေးဘူး ထင်ပါရဲ့..လေ။….။
*********************************
မှတ်ချက်များ ကြုံရာကျပန်းလို့ နာမည်တပ်ထားတဲ့ ဒီဘလောဂ့်ကို အလည်ရောက်ဖို့နဲ့ ဘန်နာကိစ္စဆက်သွယ်ပေးခဲ့တဲ့ ပန်းချီကားတွေနဲ့အင်တာနက်ဆိုင်မှ အစ်ကို၊အစ်မများ… လစ်တဲလ်ဘရွတ်ကြီးနဲ့………..ဘလောဂ့်ရပ်ဝန်းကို ကျေးဇူးမှတ်တမ်းတင်ပါသည်…။(သူ့ပိုစ့်တစ်ရာမှာ ကိုယ်ကပါ ၀င်ပြီးကျေးဇူးတင်ပေးလိုက်တာ..:)…) နောက်ဆုံးမှတ်ချက်တစ်ခုကတော့…..ဒီနေ့တစ်နေ့လုံး ပူလောင်အိုက်စပ်နေတဲ့ အင်တာနက်ဆိုင်ထဲမှာ ဒီအကြောင်းအရာကို ထိုင်ရေးနေခဲ့တာပါ။ဒါပေမယ့် ပေါ့ဆတဲ့လူအတွက်ဒဏ်ခတ်ခံရတာက ဖြုန်းဆိုမီးကပြတ်သွားတာ..။ကွန်ပြူတာကြီးက ပိတ်ကျသွားတော့ရေးထားသမျှ အကုန်ပျောက်သွားတော့ပြန်ရှာလဲမရတော့ပါဘူး။ဆိုတော့ကာ ဒီစာသည် ရေးရတဲ့ရည်ရွယ်ချက်က တစ်ခုထဲပေမယ့် ၂ ခါပြန်ပေါင်းပေါ့..ပေါင်းအိုးထဲဝင်နေရသလိုအခန်းထဲမှာ ၂ ခါပြန်ရေးထားရတာမို့ပါ…:)
Mar 122009
 

၁..ပန်းပွင့်မယ့်နေ့
by အိဖူး
၁၀၀ ပြည့်ပြီလား
ဟုတ်ပါပြီ
၁၉၉၁ ကစလို့ အခုထိများစွာသော အမှတ်တရတွေရှိပါတယ် ..
အော်ကြီးဟစ်ကျယ်ရန်ဖြစ်ခဲ့တာတွေလည်း ရှိပါတယ် ..
နှစ်ယောက်လုံးပေကျစ်ကျစ်နဲ့ စိတ်ဆိုးခဲ့တာတွေ
ပေါက်ကရတွေ
ဟိုဟိုဒီဒီလျှောက်ဒိုးတာတွေ
ငါပြောချင်တာက မွေးနေ့ကျရင် လက်ဆောင်ပေးပါ
လခထုတ်ရင် မုန့်ဖိုးပေးပါ
မှားရင်လည်းမှားမယ်
တောင်းပန်တယ်
တောင်းပန်တိုင်းလည်း မင်းမှန်တာမဟုတ်ဘူး
အဲ့တော့ ကိုယ့်ကိုကိုယ်သိပ်မချစ်နဲ့
ရူးသွားမယ်
ရင်ထဲမှာပန်းတွေပွင့်တဲ့တစ်နေ့
မင်းအတွက်အရင်ဆုံးခူးပေးမယ် ….
………………………………………………………………….
၃.. Untitled
by ညီမင်းစံ
ကျွန်တော်ဘလော့ရေးပါတယ်…။ ဘလော့ရေးရင်း သူငယ်ချင်းတွေလည်း ရလာတယ်..။ ကျွန်တော့်ဘလော့လေး စလုပ်တော့ ဘာရယ်ညာရယ်တော့မဟုတ်ဘူး ကျွန်တော် သိထား လုပ်ထား ဖန်တီးထားတာလေးတွေ သူငယ်ချင်းတွေကို မျှဝေပေးချင်တာ..။ နောက်တော့ ကျွန်တော့်စာတွေဝင်ဖတ် ကျွန်တော့်ပုံတွေ ၀င်ကြည့်တဲ့သူငယ်ချင်းတချို့ရလာခဲ့တယ်..။
တစ်ရက် ကျွန်တော့်ဘလော့မှာ နာမည်သစ်တစ်ခုနဲ့ comment တက်နေတာ တွေ့တယ်..။ ကျွန်တော့်ကိုသူ ဝေဖန်ထားတော့ ကျွန်တော်သူဘာဆိုတာ သိချင်လာတယ်..။ သြော်.. ငယ်ငယ်ရွယ်ရွယ် ပန်းချီဆရာမပေါက်စလေးပဲလို့ တွေးရင်းပြုံးမိတယ်..။ အနုပညာကို ချစ်စိတ်ရှိတဲ့ကျွန်တော် သူ့ကို ခင်မင်သွားခဲ့တယ်..။ ကျွန်တော် ဘာဘာညာညာ သိပ်မပြောပေမယ့် ကျွန်တော်နဲ့သူ ရင်းနှီးသွားတယ်လို့ ထင်မိတယ်..။ နန်းညီ ဆိုတဲ့ ကျွန်တော့်ညီမလေး ဖြစ်လာတယ်..။ ညီမလေးမှာ အနုပညာအစွမ်းအစရှိတယ်..။ ပေါ့ပါးသွက်လက်ပြီး ယုံကြည်ချက်ခိုင်မာတယ်…။ လုပ်ချင်တာကို ဖြစ်အောင်လုပ်နိုင်စွမ်း သူ့မှာရှိတယ်..။ ခင်မင်တတ် ရိုးရှင်းပွင့်လင်းတဲ့ စိတ်နေစိတ်ထားရှိတယ်..။ တစ်ခါတလေ ကြောင်တောင်တောင် ထ လုပ်တတ်တာက လွဲရင် သူ့မှာ အပြစ်ဆိုစရာ သိပ်မရှိလှဘူး..။
ကျွန်တော့်ဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်..။ အနုပညာသမားတွေနဲ့ အပေါင်းအသင်းလုပ်ရတာ အတော်လေးကောင်းတယ်..။ ဒီလူတွေက ကိုယ့်ကိုဘယ်တော့မှ နောက်ကျောဓားးနဲ့ ထိုးမယ့်လူစားတွေ မဟုတ်ဘူးတဲ့..။ တကယ့်အနုပညာသမားအစစ်တွေကို ဆရာဆိုလိုချင်ဟန် တူပါရဲ့ဗျာ..။ ကျွန်တော် သူ့ကို အပြင်မှာတွေ့တော့ ရင်းနှီးမှု အတိုင်းအတာတစ်ခု ပိုရလာတယ်..။ သူဖန်တီးတဲ့ စာလေးတွေ ဖတ်ဖြစ်တော့ သူ့စိတ်ကူးလေးတွေ ကောင်းတယ်ဆိုတာ သတိထားမိတယ်..။ သူရိုက်တဲ့ ပြင်တဲ့ ဓါတ်ပုံလေးတွေကို ကြည့်ရင်း သူ့အနုပညာအစွမ်းအစကို ခန့်မှန်းကြည့်မိတယ်..။ သူဘာအမျိုးအစားတွေ ဖန်တီးနေတယ်ဆိုတာ မသိပေမယ့် သူ့ရဲ့ဖန်တီးမှုလေးတွေက သူ့နေရာနဲ့သူ ဘောင်ဝင်နေတယ်..။ တကယ်ဆို ကျွန်တော့်ထက်ကို သာတယ်ဆိုတာ ကျွန်တော်ဝန်ခံရတယ်..။ ညီမလေးအောင်မြင်ပါစေ ဆုတောင်းရင်း…
Mar 112009
 

ညီညီ့ရဲ့ ပို့စ် ၁၀၀ ပြည့်အမှတ်တရ အနေနဲ့ ဘလော့ဂါမောင်နှမတချို့ကို အမှတ်တရ ရေးပေးဖို့ တောင်းဆို ထားတာလေးတွေပါ.. ညီညီ့ကိုချစ်သော ညီညီကချစ်သော မောင်နှမများပါ.. အခြားချစ်သောတွေလည်း အများကြီးရှိပေမယ့် ဒုက္ခပေးရမယ့်လူတွေ သိပ်များသွားမှာစိုးလို့ရော စာတွေအရမ်းများနေလို့ရော ဒီ ၉ ယောက်နဲ့တင် ကျေနပ်လိုက်ပါတယ်.. ဒီနေ့တော့ အန်ဒီကောင်ရဲ့ “မင်းနဲ့ကိုယ့်ရဲ့အကြောင်း” .. နဲ့ ၁၀၀ မြောက်ပို့စ် Part 1 ကိုစပါမယ်.. နောက်နေ့တွေ ဆက်တိုက် Part 2 – 5 လာမယ်နော်..း) အားလုံး Peace !!

၂.. မင်းနဲ့ကိုယ့်ရဲ့အကြောင်း
by Andy

နန်းညီက သူ့ပို့စ်တစ်ရာပြည့်အမှတ်တရအဖြစ် ကျွန်တော့်ကို တစ်ခုခုရေးခိုင်းသည်။ လူကလည်း ခပ်ပျင်းပျင်းမို့ နောက်မှအေးအေးရေးမည်ပေါ့။ အဲဒါကိုမအေး၊ ဂျီတော့ထဲတွင် တဂျီဂျီဖြင့် အမြန်ပြီးအောင်ရေးခိုင်းသည်။ ရေးခိုင်းပြီဆိုတော့လဲ ရေးရတော့မှာပေါ့။ နောက်မှကောင်းတာမကောင်းတာက သူ့တာဝန်… (ဟီဟိ မဟုတ်ဘူးလား သူ့ဘလော့မှာတင်မှာပဲဥစ္စာ)။ ဒါပေမယ့် ဘာရေးရမှာပါလိမ့်။ အင်း… နန်းညီက နန်းညီဘလော့ဂ်ပို့စ်တစ်ရာမြောက်အမှတ်တရမှာ ရေးခိုင်းတော့ နန်းညီအကြောင်းပဲရေးရတော့မှာပေါ့။ ဟုတ်ပါသည်။ နန်းညီအကြောင်းပဲရေးပါမည်။ နန်းညီနဲ့ကျွန်တော့် အကြောင်းရေးပါမည်။

တစ်နှစ်ကျော်နှစ်နှစ်နီးပါးရှိပါပြီ။ ကျွန်တော်ကျောင်းပြီးကာစ၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်တို့၏ ဘလော့ဂ်များကိုဖတ်ရှုအားကျပြီး ဘလော့ဂ်စာပေနယ်သို့ဝင်ရန် နောက်ဖေးလမ်းကြား၌ ထမိန်ပဲရုတ်တော့မလိုလို၊ အလစ်ပဲသုတ်တော့မလိုလိုပုံစံမျိုးဖြင့် ချောင်းမြောင်းနေတုန်းဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် အမေရိကန်စင်တာတွင် တစ်ပတ်သုံးရက်လောက် စာဖတ်ခြင်း၊ ရောတိရောယောင်နေရာတကာဝင်ပါခြင်းအမှုတို့ပြုလေ့ရှိသည်။ ထို့မှအပြန် အကြောင်းသင့်သော နေ့လည်နေ့ခင်းများတွင် ထမင်းအငတ်ခံကာ အင်တာနက်ကြည့်ခြင်းအမှုကိုလဲ ပြုလုပ်လေ့ရှိပါသည်။ ထိုစဉ်က MIRC ခေါ် ရန်ကုန်ချက်ခေတ်စားတုန်းဖြစ်သည်။ ကျွန်တော်လဲ အင်တာနက်ဆိုင်ရောက်တိုင်း ထိုMIRC ဝင်ထားပြီးသားရှိပါက Nick ပြောင်း၍အပျင်းပြေဝင်ဆော့တတ်ပါသည်။ အကြောင်းမှာ ထိုအထဲမှ သူများသုံးလေ့ရှိသည့် Burglish ခေါ် ချက်တင်းသုံးမြန်မာစာ (ကိုဗီလိန်ကတော့ Linguistic လိုမျိုးပဲတဲ့) ကိုလုံးဝနားမလည်ပဲ… အင်္ဂလိပ်လိုဝင်ရောက်ကာလူတတ်ကြီးလုပ်လေ့ရှိသောကြောင့်တည်း။

တစ်ရက်တော့ ကျွန်တော်ထုံးစံအတိုင်း “Please speak in English, in English” ဟုတအစ်အစ်အော်နေစဉ် ညီညီဆိုသော ယောင်္ကျားလေးလိုလို မိန်းကလေးလိုလိုတစ်ယောက်ရောက်ရှိလာပါတော့သည်။ ထုံးစံအတိုင်း
ညီညီ – “Hi”
ကျွန်တော် – “Hi, but if u don’t have plan to speak in English, don’t talk to me. I don’t understand Burglish.”
ညီညီ – “ok .. i’m sick of that burglish too.. ”
ဤသို့ဖြင့် နောက်ပိုင်းဂျီတော့မှတဆင့်ပြောဖြစ်ခဲ့ကြသည်။ သို့ရာတွင် သိပ်မရင်းနှီးခဲ့။ နောက်ပိုင်းမည်သို့ဖြစ်သည်မသိ… ကျွန်တော်လဲ အင်တာနက်သိပ်မသုံးဖြစ်… သူကလည်း သိပ်အွန်လိုင်းတက်လေ့မရှိ။ ဤသို့ဖြင့် ကျွန်တော့်ထုံးစံအတိုင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ နောက်ပိုင်း နာဂစ်မုန်တိုင်းအပြီးလောက်ထင်ပါသည်။ အမေရိကန်စင်တာရှိ လေးဘေးသင့်သူများကူညီရေး လုပ်ငန်းများလုပ်နေစဉ်အတွင်း ပုံမှန်ဘလော့ဂ်များကြည့်ခြင်း၊ အခြေအနေများလေ့လာခြင်းတို့ လုပ်ဖြစ်ခဲ့ရာ သူ့ကိုပြန်တွေ့ရပါတော့သည်။ မှတ်မိသလောက်မှာ
ညီညီ – “ဘယ်လိုလဲခြေနေ၊ ငါ့ကိုမှတ်မိသေးလား” (အင်္ဂလိပ်လိုပြောကြခြင်းဖြစ်ပါသည်။ သူနှင့်ကျွန်တော်မှာ ဟို ဂါးထွန်း ဆိုသောသူငယ်ချင်းအကောင်တစ်ကောင် နှောင့်ယှက်ခြင်းမခံရမီ လွန်ခဲ့သောငါးလအထိ အင်္ဂလိပ်လိုပင်ပြောကြသေးသည်)
စင်စစ်တော့ ကျွန်တော်သူ့ကိုမေ့နေပြီ :P သို့သော် သူကမိန်းကလေးဖြစ်နေသဖြင့် ယောက်ျားကောင်းတို့ဝတ္တရားအတိုင်း
ကျွန်တော် – “မှတ်မိတာပေါ့ဟာ… ”သို့သော်ကြာကြာမလိမ်လိုက်ရပါ… စကားသုံးလေးခွန်းပြောပြီး အလိမ်ပေါ်ပါသည်။
ညီညီ – “အေပီ အေပီ (သူကကျွန်တော့်ကို အေပီဟုခေါ်ပါသည်။) နင်ငါ့ကိုတကယ်မမှတ်မိပါဘူး၊ ငါကညီညီ ငါတို့အရင် ရန်ကုန်ချက်မှာတုန်းကတွေ့ခဲ့ကြတာ”သူပြောမှခပ်ရေးရေးပြန်မှတ်မိပါသည်။ သူအလုပ်ရသွားပြီပြောပါသည်။ သူ့အလုပ်မှာ အင်တာနက်ရှိသဖြင့် နေ့တိုင်းအွန်လိုင်းမှာ ရှိသည်ဟုပြောပါသည်။

သိပ်မကြာပါ။ သူနှင့်ကျွန်တော်နှင့်က သောက်ကျင့်ခြင်း တော်တော်နီးစပ်သည် ပြောရပါမည်။ တဖြည်းဖြည်းနှင့် ရင်းနှီးလာကြရင်း သူ့အချစ်ကိစ္စများကို ကျွန်တော့်ကို တိုင်ပင်သလိုရင်ဖွင့်တတ်သည်။ ကျွန်တော်ကလည်း ကိုယ်မစွံတာ အပထား၊ အထင်ကြီးခံရနည်းလား သဘောဖြင့်လျှောက်ပင့်သည်။ သို့နှင့်အရင်က တစ်ပတ်လျှင်နှစ်ကြိမ်မျှလောက် အင်တာနက် ဝင်ဖြစ်သောကျွန်တော်မှာ သူနှင့်ပြန်တွေ့အပြီး နေ့တိုင်းအင်တာနက်ဝင်ဖြစ်ပါသည်။ ပိုက်ဆံမရှိလျှင် ရှိအောင်ရှာကြံပြီးဝင်ပါသည်။ သူ့ကိုသဘောကျလို့လား၊ ရှားရှားပါးပါး အင်္ဂလိပ်စကားပြောဖေါ်တစ်ယောက် ရလို့လား၊ ကျွန်တော့်ဟာကျွန်တော်လုပ်စရာရှိလို့လား မပြောတတ်ပါ။ သူ့ကိုကြိုက်မိလား မကြိုက်မိလားပင်မမှတ်မိတော့ပါ။ သေချာတာကတော့ ပထမဆုံးအွန်လိုင်းသူငယ်ချင်းတစ်ယောက် ရခဲ့ပါသည်။ တဖြည်းဖြည်း သူ့ကိုပန်းချီဆရာမမှန်းသိလာခဲ့ပါသည်။ ကျွန်တော်ကထိုစဉ်က ကွန်ပြူတာသမားလိုလို၊ Social Activist လိုလို၊ နိုင်ငံရေးသမားလိုလို ရောယိ၊ ရောရာ၊ ယောဆရာဖြစ်သည်။ ဘလော့ဂ်တစ်ခုလဲ စလုပ်ထားဖြစ်သည်။ အနုပညာဝါသနာခြင်းတူကြသဖြင့် ပိုပေါင်းမိကြပါသည်။ အချစ်ရေးမှအစ အနုပညာအလည် နိုင်ငံရေးအဆုံး မျိုးစုံပြောဖြစ်ခဲ့ကြပါသည်။ ခံယူချက်ခြင်း အမြင်ခြင်းလည်း အများအားဖြင့်တူခဲ့ပါသည်။ အထူးသဖြင့် ပန်းချီအကြောင်း အများဆုံးပြောဖြစ်ခဲ့ကြသည်။ ကျွန်တော်နားမလည်သော ပန်းချီအကြောင်းကို ပန်းချီဆရာမနှင့်ပြိုင်ငြင်းသည်။ ပြဒါးလင်းဂူမှ နံရံအရုပ်များကို သူကပန်းချီဟုပြောသည်။ ကျွန်တော်က ရုပ်ပုံစာတွေဟု ကပ်ဖဲ့သည်။†သူ့ပန်းချီကားတွေ ကျွန်တော့်ကိုပြသည်။ သူ့ကဗျာလိုလို စာလိုလိုတစ်ပုဒ် ကျွန်တော့်ဘလော့ဂ်မှာတင်ခဲ့သည်။ သူ့ကိုဘလော့ဂ်လုပ်ဖို့တိုက်တွန်းခဲ့သည်။ ဤသို့ဖြင့် အခုလို ကျွန်တော့်ဘလော့ဂ်ကဲ့သို့ ဗြုတ်စဗျင်းတောင်း ဟိုမရောက်ဒီမရောက်မဟုတ်ပဲ… သပ်သပ်ရပ်ရပ်နှင့် အနုပညာအဆင့်တစ်ခုရှိသည့် Random ဖြစ်လာခဲ့ပါသည်။ ဤသည်ပင် ကျွန်တော့်လက်ချက်မကင်း၍ ကျွန်တော်ကြံဖန်ဂုဏ်ယူရပါသည်။

ဒါပါပဲ။ ကျွန်တော်သိသည့်နန်းညီအကြောင်းက ဒါပဲဖြစ်သည်။ နောက်ပိုင်း သူ့နှင့်ကျွန်တော်စမ်းချောင်းထဲရှိ ရှမ်းဆိုင်တွင် ရှမ်းခေါက်ဆွဲအတူစားဖြစ်ခဲ့သည်။ တောင်ဒဂုံရှိ မြယမုံတံတားပေါ်တွင် (ဟေ့ရောင်… အရက်သောက်တာထည့်ရေးရင်ကောင်းမလားဟေ?) ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့သည်။ သုံးပတ်တစ်ခါလောက်သူ့အိမ်သွားပြီး စာအုပ်တွေသွားသွားယူသည် (သူ့ဆီမှာ စာအုပ်တွေအများကြီးပဲ ကြိုက်သလောက်ငှားဖတ်လို့ရတယ်။ ဒါကြော်ငြာပေးတာ ကြော်ငြာခဘီယာတိုက်…ဟဲဟဲ)။ သူမွေးထားသောကြွက်လိုလိုအကောင်တွေကိုနှောင့်ယှက်သည်။ လက်ဘက်ရည်ဆိုင်အတူထိုင်သည်။ “ငပေါတို့ဂေဟာ” ထောင်ဖြစ်ခဲ့သည်။ အခုတော့ ကျွန်တော်အပါအဝင် သူခင်မင်သောသူများကို ပို့စ်တစ်ရာပြည့်အမှတ်တရ ရေးခိုင်းသည်။ ဘာကိုမှအမှတ်ထင်ထင်မရှိသော၊ ဘယ်သူကမှလဲ အမှတ်ထင်ထင်မရှိသော ကျွန်တော့်ကို အမှတ်ထင်ထင် အမှတ်တရတစ်ခုရေးခိုင်းသည့်အတွက်၊ ရေးခွင့်ရခဲ့သည့်အတွက် ကျွန်တော်ဝမ်းသာပါသည်။