Jul 302012
 

တကယ်ဆို အဲ့သည့်နေ့က နေတွေပူနေသည့်နေ့ ဖြစ်သင့်သည်..

မေလ အလည်၏ နေ့လည် ၁၁ နာရီ ကွင်းပြင်ကြီးမှာ အလင်းရောင်က စူးစူးရှရှ.. လူတွေက ချွေးတလုံးလုံးနှင့် အားလုံးနွမ်းနယ်ဖျော့တော့၍ ပင်ပန်းနေသည် ဆိုတာမျိုး ဖြစ်နေသင့်သည်ရယ်လို့ တွေးနေပေမယ့် တကယ်တမ်းကျတော့ နွေလည်မိုးက တဖြောက်ဖြောက်နဲ့ အပူဒဏ်သက်သာအောင် ဖန်တီးနေသလို.. တမျိုးတဖုံတော့လည်း ဝမ်းနည်းဖို့ ကောင်းသားပဲရယ်လို့ ဖြေသိမ့်တွေးနှင့် ကျေနပ်ရပြန်သည်..

ကိုယ့်ဘဝမှာ ဖြေသိမ့်တွေးတွေနဲ့ နေသားကျခဲ့တာ ၂၅ နှစ်.. ခုလို ဘဝကိုကျောခိုင်းချိန်မှာလည်း ဖြေသိမ့်နေရပြန်တာပဲလား.. ကိုယ်မကြိုက်သော မိန်းမဆန်သည့် အင်္ကျီဝတ်ထားရသည်ကိုလည်း ဖြေသိမ့်ကျေနပ်ရတော့မည်လား.. ဘယ်ပန်းကိုမှ ဘယ်တုန်းကမှ မကြိုက်နှစ်သက်ခဲ့ပါဘဲနှင့် ခုတော့ ပန်းများထုံလွှမ်းသည့် နေရာတစ်ခုမှာ လှဲလျောင်းနေရသည်ကို ဖြေသိမ့်ကျေနပ်ရတော့မည်လား.. ကိုယ်မနေချင်ဘူး မနေချင်ဘူး.. မနေချင်ဘူး.. မနေချင်ဘူး..

Continue reading »

Jan 122012
 

ငိုချင်လိုက်တာ..

သော်သည် ဘာကိုဝမ်းနည်းလို့နည်းနေမှန်းမသိ.. ငိုချင်ခြင်းသာပြင်းပြလျက် ငိုပြီးရင်းသာငိုလို့နေမိတော့သည်.. ဘာကိုမှလည်း မတွေးချင် မသိချင်တော့ဘဲ ငိုဖို့တစ်ခုသာ အလုပ်ရှိတော့သလိုပင်..

မောပန်းလာသည်အထိ ရှိုက်ငင်ပြီးမှ သော့်ခေါင်းမှာ ဖျတ်ကနဲအတွေးတစ်စပေါ်လာပြီး အထပ်ထပ်အခါခါ ထိုအကြောင်းသာ တွေးမိနေပြန်၏.. သူ မရှိတော့ဘူး.. အနားမှာ သူ မရှိတော့ပါဘူး.. ဘယ်တုန်းကမှ အနားမှာမရှိခဲ့ဖူးသော်လည်း အခုမှပင် တကယ်ကို အဝေးကြီးရောက်သွားပြီလို့ ခံစားသိဖြင့် ဝမ်းနည်းလို့သာနေတော့သည်.. သူ မရှိတော့ဘူး.. ဘယ်တော့မှ သော့်အနားကို ပြန်မရောက်လာနိုင်တော့ဘဲ Continue reading »

Sep 202011
 

“မအိပ်သေးဘူးလား ချစ်ရယ်”

မန်ကျည်းပင်လေးသည် ညနက်နက်အထိ ကွန်ပျူတာရှေ့၌ အလုပ်ရှုပ်လျက်ရှိသော သူ၏ဇနီးဖြစ်သူ တမာပင်လေးကို နောက်မှ သိုင်းဖက်လိုက်ရင်းမေးလိုက်သည်.. တမာပင်၏ရှေ့တွင်တော့ အင်တာနက်မှ လူသားမျိုးစိတ်များအကြောင်း ရှာဖွေဖတ်ရှုနေသော laptop လေးနှင့် ဗမာပြည်လူသားမျိုးစိတ်ကွဲများ အကြောင်း ရေးသားထားသည့် စာအုပ်စာတမ်းများစွာ ပြန့်ကျဲလျက်ရှိလေသည်.. တမာပင်လေးက မန်ကျည်းပင်ကို မော့ကြည့်ရင်း Continue reading »

May 232011
 

“ကိုယ်မင်းကို အစိမ်းလိုက်ကို လွမ်းနေခဲ့တာ” ဟု ရှင်ပြောခဲ့ဖူးတုန်းက ခပ်လှောင်လှောင် ရယ်မောမိခဲ့သည့်အတွက် ရှင် ကျမကို ခွင့်လွှတ်ခဲ့ဖို့ မကောင်းပါ.. ထိုစကားသည် အပေါ်ယံသက်သက် ပြောခဲ့တာမဟုတ်မှန်းလည်းသိနေပြီး ထိုစကားနဲ့ ထပ်တူ ရှင်နာကျင်ခံစားခဲ့ရမည်ကို သိလျက်နှင့် မယုံသလို ကျမ ပုခုံးတွန့်ရယ်မောတော့ ရှင်ဘာလို့ မတားမြစ်ခဲ့တာပါလဲ.. နှလုံးသားအေးစက်သော ကျမကို ခပ်ပြုံးပြုံး ရှင်ငေးကြည့်ရင်း “ငယ် တစ်နေ့ သိလာမှာပါ” လို့ နှစ်သိမ့်သလို ပြောခဲ့သေးသည်.. သို့သော် အလွမ်းကို ကျမ လှိုက်လှိုက်လှဲလှဲ ခံစားတတ်လာချိန်တွင် ကျမ စိတ်တို့ကို သက်သာနွေးထွေးစေမည့် ရှင်က ဘယ်မှာရောက်နေတာလဲ..
လောကမှာ အလွမ်းအမျိုးအစားများနှင့် လွမ်းပုံလွမ်းနည်းများ ဘယ်နှမျိုးလောက်ရှိသလဲ.. ကြုံကြိုက်လာသော အကြောင်းကြောင့် သတိရခြင်းသည်လည်း လွမ်းတာပဲလား.. ဘာလုပ်လုပ် ဘယ်သွားသွား မမေ့နိုင်ဘဲ တသသ ဖြစ်နေခြင်းသည်လည်း အလွမ်းဖြစ်လိမ့်မည်.. နှစ်သက်သော သီချင်း နှစ်သက်သော ရုပ်ရှင်တို့ကို ပြန်ကြားရသောအခါ လွမ်းတာလည်း လွမ်းခြင်းပဲပေါ့.. ကြည်နူးချိုမြိန်ဖွယ် အလွမ်းမျိုးကတော့ ခဏတာခွဲခွာရသော ချစ်သူများအတွက် ဖြစ်လိမ့်မည်ထင်သည်.. သာယာလှပသော သဘာဝ ပတ်ဝန်းကျင်ကြောင့် ယောင်တိယောင်တောင် လွမ်းမောငိုင်ငေးခြင်းကိုလည်း ချိုမြိန်သော အလွမ်းအမျိုးအစားထဲ စာရင်းသွင်းရလိမ့်မည်..
နင့်နင့်သည်းသည်းနာနာကျင်ကျင် လွမ်းမောခြင်းကတော့ ရှင့်လို ခံစားချက် ပြင်းထန်လိုသူတို့သာ ပြုမူလေ့ရှိသည်ဟု ကျမ သတ်မှတ်ထားမိခဲ့သည်.. လွမ်းလွန်းမက လွမ်းလာလျှင် လူတော်တော်များများက အာရုံလွှဲပြောင်းစရာ တစ်ခုခုကို လုပ်ကိုင်လေ့ရှိသည်.. သို့သော် ရှင်ကတော့ သီချင်းနားမထောင်.. လက်ဘက်ရည်ဆိုင်မသွား.. ရုပ်ရှင်မကြည့်.. သူငယ်ချင်းများနှင့်တောင် မတွေ့ဘဲ.. ကျမအကြောင်း သက်သက်ကိုသာ တွေးလျက်လွမ်းနေခဲ့သည်ဟု ဆိုပါသည်.. ရှင် သိပ်ရူးတာပဲ.. ကိုယ့်ကိုကိုယ် နှိပ်စက်တာပဲ.. ဒုက္ခရှာတာပဲ.. ကျမလို မိန်းမမျိုးအတွက် ရှင့်စိတ်ကို ဒါလောက်ထိ ညှင်းဆဲဖို့ မသင့်တော်ပါဘူး.. ကျမက ခါးခါးသီးသီး ငြင်းဆိုတော့ ရှင်ကခပ်ပြုံးပြုံးပဲ..
“ငယ့်ကို ကိုယ်လွမ်းနေတာအတွက် ငယ့်မှာတာဝန်မရှိပါဘူး.. ဒါလောက် ငြင်းဆန်နေဖို့ရာ မဟုတ်ဘူးလေ ငယ်ရဲ့.. လွမ်းချင်လို့ကို လွမ်းနေတာ.. အဲ့ဒါကို ငယ်က လက်ခံရုံကလွဲပြီး တခြား ဘာမှ လုပ်စရာမရှိဘူးမဟုတ်လား”
ကျမ ရှင့်ကို နားမလည်ခဲ့ပါ.. ဒီတစ်ခုထဲလည်းမဟုတ်.. အခုပေါင်းများစွာ အရာပေါင်းများစွာမှာ ကျမ ရှင့်ကို နားမလည်ခဲ့.. ရှင်တို့ အနုပညာသမားတွေက ဒီလိုပဲလားကွယ်.. ခံစားချက်ပြင်းပြင်းထန်ထန်တွေနှင့် အစွဲအလန်းကြီးခြင်းကို ကျမ ကြောက်လန့်လှပါရဲ့.. ရှင်ချစ်သလောက် ကျမက ရှင့်အပေါ် မလှိုက်လှဲနိုင်ခဲ့.. ရှင် တွယ်တာတတ်သလောက် ကျမက မချည်နှောင်လိုသူ.. ရှင် နင့်သည်းစစ်မှန်သော်လည်း ကျမကတော့ ပေါ့ပါးအေးစက်သူ.. ကျမတို့ စိမ်းကားပြတ်တောက်ခဲ့ရခြင်းသည် မည်သူ့အပြစ်မှ မဟုတ်ခဲ့ပါဘူး..
သူကတော့ ရှင်နဲ့ မတူသူ တစ်ဦးပါပဲ.. စိတ်ကူးမယဉ်တတ်သူ.. ယုယကြင်နာမှု ရှားပါးသူ.. ကျမထက် အသက်ကြီးသော်လည်း ကျမကို မူနွဲ့ဆိုးခွင့်ကို မပေးချင်သူ.. ကျမ နီးပါး အတ္တစိတ်ကြီးသူ (တစ်ခါတလေ ကျမထက်ပင် အတ္တကြီးသေးတယ်ဟု ကျမထင်သည်).. ကျမသည် ဝဋ်လည်သည်ဟုပဲ ခံယူမိနေတာ ဆိုးလှသည်.. ကျမအပေါ် သူပြုမူသမျှသော စိမ်းကားအေးစက်ခြင်းတို့သည် ကျမက သူတပါးကို ပြုမူခဲ့သည့်အတိုင်း တစ်ထပ်တည်းတွေ ဖြစ်နေသောအခါ ဒါဟာ ကျမ ခံကို ခံယူရမည့် ကံကြမ္မာ ဖြစ်လေသလားဟု တွေးစပြုလာခဲ့ပြီ.. ရှောင်လွဲ၍ ရနိုင်လည်း မရှောင်ခဲ့မိ.. ကျမ ခံယူသင့်သည်ဟု ဇွတ်တရွတ် တိုးဝင် မိမိကိုယ်မိမိ နာကျင်စေခဲ့သည်..
ယခု ကျမ လွမ်းတတ်နေပါပြီ.. သူနှင့် လက်တကမ်းအကွာမှာ ထိုင်လျက်နှင့်ပင် သူ့ကို ရူးရူးမူးမူး လွမ်းနေသည့်အကြောင်း ပြောပြလည်း သူကတော့ နားလည်ပေးလိမ့်မည် မထင်.. လှောင်ပြောင်ရယ်မောခြင်းကိုတောင် ပြုနိုင်သေးသည်.. ယခင်က ကျမ ရယ်ခဲ့ဖူးသည့် ခပ်ဟက်ဟက်ရယ်သံမျိုးကို သူလည်း လုပ်တတ်နေသည်မှာ အံ့သြစရာတော့ မကောင်းလှတော့ပါ.. မျက်ခုံးအတွန့်ချိုးလျက် အလုပ်ထဲမှာ သူစိတ်ဝင်စားနေချိန်တွင် သူ့ ပါးပြင်ကို လက်ညိုးလေးဖြင့် ထိကပ် ကိုင်တွယ်ချင်စိတ်ဖြင့် ကျမ ရူးမတတ်ဖြစ်နေလည်း သူ့အနားကိုပင် ရစ်သီရဲသည်မဟုတ်.. ကျမ ရှင့်ကို အော်ထုတ်ဖူးသလို သူက ကျမကို အော်ထုတ်လိုက်နိုင်သည်.. သူ ဖိနပ်ဝတ်နေချိန်တွင် သူ့ခြေရင်းမှာ ထိုင်လျက် ဖိနပ်ကြိုးတွေချည်ပေးချင်သော်လည်း သူက စိတ်မရှည်စွာ ကျမကို ဖယ်ထုတ်ပစ်နိုင်သေးသည်.. သူ ကျမအနားမှာ မရှိဘဲ သူငယ်ချင်းများနှင့် အချိန်ကုန်နေလျှင် မနာလိုစိတ်ပြင်းပြစွာ ပူလောင်ရသော်လည်း သူ အနားကို ပြန်ရောက်လာချိန်တွင် ခပ်ပြုံးပြုံးအမြဲရှိနေဖို့ ကျမ အကျင့်ရခဲ့ပြီ..
သြော်ကွယ်- ယောက်ျားလေးသူငယ်ချင်းများနှင့် ကျမ လက်ဘက်ရည်ဆိုင်မှာ အချိန်ကြာမြင့်စွာ စိတ်ပါလက်ပါ စကားလက်ဆုံကျနေခြင်းကို ရှင်ဘယ်လို သည်းခံခြင်းမျိုးနှင့် စောင့်ဆိုင်းနေခဲ့ရပါသလဲ..
ကျမရင်မှာ စူးအောင့် ခံစားရခြင်းကို နားမလည်စွာ သို့မဟုတ် နားလည်ဖို့ မကြိုးစားဘဲ သူ စနောက်လှောင်ပြောင်ရက်ခြင်းအတွက် ကျမ ဘယ်လိုတုံ့ပြန်ရမလဲလို့ ရှင် ကျမကို သင်ပေးစမ်းပါဦး.. ကျမ တစ်ယောက်မှလွဲပြီး ဘယ်မိန်းကလေးကိုမှ စိတ်ကူးထဲ မထည့်သော သူသည် ကျမ စိတ်မှာလည်း တခြားယောက်ျားသားများကို နေရာမပေးစေချင်ပေ.. ဒါပေမယ့် နေစမ်းပါဦး.. ကျမ သူငယ်ချင်းယောက်ျားလေး တစ်ချို့ကိုတော့ ကျမ အဆက်အသွယ်မဖြတ်ချင်ဘူး.. ကျမတို့ ရိုးသားစွာ ခင်မင်ကြတာပါ.. ထိုအခါမျိုးမှာ သူက နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံ ပြုံးလေ၏.. “မင်းက စိတ်ကစားတတ်တာပဲ ငယ်ရဲ့.. မင်းကို စိတ်မချပါဘူး” ဟု ဆိုတတ်သေးသည်..
မနာလိုဖြစ်တတ်ခြင်းသည် သူ ကျမကို သိပ်ချစ်လို့ နေမှာပါဟု ကိုယ့်ကိုကိုယ် အားတင်းရင်းပင် ကျမသည် စိတ်ထဲမှာ ရှင့်ကို သတိရလာတတ်သည်.. ရှင်နှင့် ဝေးကွာခဲ့ပြီး သူ့ရင်ခွင်မှာ ရောက်နေရသည့်အတွက် နောင်တရခြင်းဖြင့် သတိရတာမဟုတ်ဘဲ ရှင့်ကို ကိုယ်ချင်းစာ နားလည်လာတတ်ခြင်းအတွက် ကျမ ကိုယ်ကျမ လိပ်ပြာလုံပါသည်.. သူပြောသလို ကျမ စိတ်ကစားတတ်တာ မဟုတ်ပါဘူးဟု ပြန်လှန်ချေပတိုင်း ရှင်းမရနိုင်သော စကားရန်ပွဲများဖြင့် အဆုံးသတ်ရတတ်သည်.. ကျမက ခင်မင်ရင်းနှီးလွယ်တာပါ.. ကျမက အလှတရားကို ချစ်ခင်စိတ်ရှိသူမို့ပါ.. သူ လက်မခံတတ်ချေ.. ရှင်သင်ပေးခဲ့သော အလှတရားကို ချစ်မြတ်နိုးတတ်သည့်စိတ်သည် သူ့အတွက်တော့ စိတ်ကစားခြင်းဟူသော သတ်မှတ်ချက်အောက်မှာသာ အကျုံးဝင်နေသည်မှာ ဝမ်းနည်းစရာ.. သင်ပေးခဲ့သည့် ရှင်ပဲ မှားသလား.. လက်မခံတတ်သည့် သူက မှားတာလား.. အတတ်လွန်သွားသော ကျမပဲ မှားသလားတော့မသိ.. သူ့ကို ချစ်မိခဲ့ခြင်းသည်ပင် ကျမဘဝမှာ အစစ်မှန်ဆုံးသော အမှားတစ်ခုဖြစ်လေတော့သလား.. သို့သော်- တပ်မက်ရူးမူးစွာ.. ပူလောင်ပြင်းပြစွာ သူ့ကို ချစ်မိနေခဲ့ပြီ..
ထိုသို့သော အစွန်းရောက်ချစ်ခင်ခြင်းများဖြင့် သူ့ကို နင့်သည်းစွာလွမ်းဆွတ်ချိန်များတွင် ရှင့်ကို တွဲလျက်သတိရတတ်ခြင်းကို ကျမ သူ့အား ဘယ်တော့မှ ပြောပြမည် မဟုတ်ပါ..
ရှင်ရော သူပါ ခွင့်လွှတ်တန်ကောင်းပါရဲ့နော်..
Mar 082011
 

အိပ်မက်ထဲမှာ ကိုကိုက အော်ငေါက်လိုက်ဖို့ ပြင်နေချိန်တွင် မြသည် သူ့ကိုယ်သူ အိပ်မက်မှ နှိုးပစ်လိုက်၏.. ကမန်းကတမ်း ရေထသောက်ရင်း ကိုကို၏ ဒေါသမျက်လုံးတို့ကို ပြန်မြင်ယောင်မိကာ ကြက်သီးများပင် ထလာသဖြင့် ပုခုံးကို တွန့်ခါပစ်လိုက်မိသေးသည်.. အိပ်မက်ကနေ အချိန်မှီနိုးအောင် ထလာနိုင်သည်က ကံကောင်းလို့ပင်.. ဆိုးဝါးသော အိပ်မက်များကို မက်ခါနီးတိုင်း မြသည် ကိုယ့်ကိုကိုယ် နိုးလာအောင် နှိုးတတ်သည်မှာ ထူးသော ကုသိုလ်ကံဖြစ်ချေ၏.. ဒါပေမယ့်လည်း ကိုကို့ ဒေါသတွေကတော့ အိပ်မက်မှ နိုးလာရုံဖြင့် ပြီးဆုံးသွားမည့် အရာများ မဟုတ်ခဲ့ပါ..

မြသည် ကိုကို့ ဒေါသတို့ကို အင်မတန်ကြောက်ရွံ့မိသူဖြစ်သည်.. မျက်မှောင်ကုပ်၍ ကြည့်လိုက်လျှင်ပင် စိတ်ထိခိုက်ဝမ်းနည်း၍မဆုံးတော့ကာ အားငယ်လာသည်.. ကိုကို့လေသံမာလာကာ စကားအသုံးအနှုန်းများ ရင့်လာလျှင် မြ မျက်ရည်ဝဲတော့သည်.. ဘယ်လိုကံမျိုးဖန်လာသည်လဲတော့မသိ.. ကိုကို ဒေါသထွက်အောင်တော့ မြ ခဏခဏ လုပ်မိတတ်သည်.. မြ၏ မသိဆိုးရွားမှုများကြောင့်သာမက ကိုကို ကိုယ်တိုင်ကလည်း အကဲဆတ် စိတ်တိုလွယ်သူဖြစ်လေတော့ မြသည် ကိုကို့ကို မကြာခဏ ချော့မော့တောင်းပန်ရလေ့ရှိသည်.. မကြာခဏ ငိုယိုရတတ်သည်.. မကြာခဏ စိတ်ထိခိုက် ဝမ်းနည်းရတတ်သည်.. သို့သော်လည်း မြသည် အမှတ်လည်းမရှိသူဖြစ်လေသလား.. မကြာခင်မှာပင် ကိုကို့ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ကြည်နူးပျော်ရွှင်နေမြဲပင်..

မြသည် လူတကာ၏ တန်ဖိုးထား အလိုလိုက်မှုကို ခံယူကာ မသိတတ်ခြင်းခပ်များများဖြင့် တကိုယ်ကောင်းဆန်စွာ ကြီးပြင်းလာခဲ့သူဖြစ်သည်.. ကိုကို ဒါတွေကိုမသိ.. ကိုကို့အပေါ်မှာ အလိုက်သိ ပြုစုယုယတတ်ခြင်းများကို ကိုကို မသာယာတတ်ချေ.. ဘာမဆို ကိုကို့သဘောကျ အလျော့ပေးတတ်ခြင်းကို ကိုကို မလိုလား.. သို့သော် မြ သဘောထားအတိုင်း ပြုမူပြောဆိုပြန်လျှင်လည်း ကန့်လန့်တိုက်သည်ရယ်လို့ ကိုကို စိတ်တိုပြန်ချေသည်.. လက်တွေ့သိပ်ဆန်ပြီး အကဲဆတ်သူ ကိုကိုနှင့် ယုယကြင်နာမှုကို ငတ်မွတ်လိုလားလွန်းသော မြတို့ မည်သို့မည်ပုံ ဆက်ပြီးလက်တွဲကြမည်လဲ..

ကိုကိုသည် မကြာခဏ မြကို လူကြားထဲမှာ ချန်ထားခဲ့တတ်၏.. စကား ကတောက်ကဆဖြစ်ကြကာ စိတ်အလိုမကျလွန်းလာလျှင် တွဲချိတ်ထားသော လက်ကိုဖြုတ်ချလျက် ကိုကို ထွက်သွားလေ့ရှိသည်.. မြသည် မျက်ရည်များဝဲကာ ထူပူကျန်ရစ်ခဲ့ရင်း လူကြားထဲမှာ ဘာလုပ်ရမည်မသိ ကျန်ရစ်ခဲ့ပြီး အရှက်ကြီးရှက်လျက်ရှိနေတတ်သည်.. တွဲထားသောလက်ကို ဖြုတ်ချသွားတဲ့အခါတိုင်း မြ၏ ရင်မှာ စူးအောင့်ရခြင်းကို ကိုကိုနားလည်ပေးနိုင်မည်ဟု မထင်ချေ.. ကိုကိုရက်စက်တယ်ဟု မြစွပ်စွဲတိုင်း ကိုကို့မှာ မြကို ပြန်လှန်ရန်တွေ့ချေပဖို့ စကားတွေရှိနေတတ်တာ.. မြသည် အပြစ်ကြီးသူဖြစ်သည်..

ကိုကို့ထက် တခြားတပါးသော ယောက်ျားလေးတစ်ယောက်ကို မြ အရေးပေးခဲ့မိခြင်းသည် ကိုကို့ကို ဘယ်တော့မှ မပျောက်နိုင်တော့မယ့် စိတ်ဒဏ်ရာကို ပေးခဲ့မိခြင်းမှန်း မြ မသိတတ်ခဲ့.. မြက အရေးတယူခံစားနေသော သေးသေးဖွဲဖွဲကိစ္စများသည် ကိုကို့အတွက် အမှုမဲ့အမှတ်မဲ့ ကိစ္စများသာဖြစ်ကြောင်း လက်ခံလို့မရနိုင်ခဲ့.. မြမှာ ဆိုက်ကိုရှိတယ်ထင်တယ်ဟု ကိုကိုက မကြာခဏ ဖွင့်ဟဆိုညဉ်းလေ့ရှိသည်.. ထိုအခါတိုင်းမှာ မြသည် ပြုံးမူပြုံးရာဖြင့် ကိုကို့ရှေ့မှာ ဟန်ဆောင်နေရင်း ပြောရက်သူရယ်လို့ စိတ်မှာ ထိခိုက်နာကျင်နေရတတ်သည်..

သူငယ်ချင်းအပေါင်းအသင်းများ၏ ကိစ္စတိုင်းကို ပျာပျာသလဲ စိတ်ပါလက်ပါ ကူညီတတ်သူ ကိုကိုသည် မြ၏ ကိစ္စဝိစ္စများအတွက်တော့ အချိန်မပေးလိုသူတစ်ဦးဖြစ်နေ၏.. ကိုကို လိုက်မပို့ပေးသည့် ကိစ္စတစ်ခုအတွက် သွားလာရင်း ကားတိုက်မှုဖြစ်ရချိန်တွင် မြသည် တဖက်က ကျေနပ်အောင် မြစုထားသည့်ပိုက်ဆံများထဲမှ လျော်ကြေးငွေများ ပေးရင်း ကားမောင်းညံ့သည်ဟု ကိုကိုအပြစ်တင်သမျှကိုလည်း ခံရင်း နောက်ထပ် ကားယူမမောင်းရဲလောက်အောင် စိတ်ညစ်ညူးခဲ့ရသည်.. ထို့နောက် မြသည် အထူးယာဉ်ဘတ်စ်ကားများကို စတင်စီးစပြုလာ၏.. ချိန်းထားသည့်အချိန်အတိုင်း ကွက်တိမရောက်ဘဲ နောက်ကျသည့်အခါတွေ များပြားလာသောအခါ ဘတ်စ်ကားများ၏ ကြန့်ကြာမှု အချိန်ကို ထည့်မတွက်တတ်သည့်အတွက် မြကို ညံ့သည်ဟု ကိုကိုက မှတ်ချက်ချလေသည်..

တစ်ခါတရံ ကိုကိုစွပ်စွဲသမျှတို့ကို ပြန်လှန်ရန်တွေ့ချင်သော်လည်း မြသည် ကိုကိုက အော်ထုတ်လိုက်မှာ သို့မဟုတ် ကိုကိုက လက်ဖြင့်ရွယ်လိုက်မည်ကို မလိုလားနိုင်လွန်းသဖြင့် မျက်လုံးအဝိုင်းသားဖြင့်သာ ပြောသမျှကို ခံလေ့ရှိသည်.. တစ်ခုတော့ တော်သေးသည်မှာ ကိုကိုသည် မပြီးနိုင်မစီးနိုင် အခဲမကျေ မြည်တွန်တောက်တီးနေတတ်သူတော့ မဟုတ်.. ဝုန်းဒိုင်းကျဲ ဒေါသထွက်ပြောဆိုပြီးသောအခါတိုင်း အတေးအမှတ်တို့ ပျောက်ကွယ်သူတစ်ဦးပင်.. ကိုကိုက တကယ်စိတ်ထဲပါလို့မဟုတ်ပါဘူးဟု မြ ဘာသာ အားတင်းရင်း ကိုကို ပြောသမျှစကားလုံးတိုင်းတို့ကို ထိခိုက်နာကျင်နေတတ်ခဲ့သည်.. ထိုသို့ ခံစားရခြင်းတို့သည် မြအဖို့ ဝဋ်လည်ခြင်းတမျိုးလို့လည်း ခံယူထားလေတော့ ယခင်က မြကြောင့် ထိခိုက်နာကျင်ခဲ့ရသူတို့ကို ပြန်လည်ကိုယ်ချင်းစာနာ နားလည်နိုင်လာကာ ကိုယ့်ကိုကိုယ် မုန်းတီးမိတာကလည်း မကြာခဏဖြစ်၏..

မြသည် အိပ်မက်မှ နိုးလာပြီးနောက် ပြန်၍အိပ်မပျော်နိုင်တော့ဘဲ ဟိုဟိုသည်သည်တွေးရင်း ဝမ်းနည်းအားငယ်လာပြန်သည်.. ကိုကို သနားပါတယ်ဟု တွေးစပြုလာ၏.. ကိုကို့ကို ပျော်စေချင်သော စေတနာအပြည့်ဖြစ်ပေမယ့် မြကြောင့် စိတ်တိုရတာ ခဏခဏပဲ.. မြကြောင့် ကိုကို စိတ်ညစ်ရရှာတယ်ဟု ကိုကို့အတွက် ပူလောင်လာသည်.. အပြင်ကမ္ဘာမှာ မြကို စိတ်ဆိုးစိတ်တိုရုံဖြင့် မလုံလောက်သေးဘဲ အိပ်မက်ထဲမှာထိ ကိုကိုမျက်နှာညိုခြင်းကို ယခင်ကတော့ မလိုလားတတ်ခဲ့သော်လည်း ယခုတော့ အိပ်မက်ထဲမှာပါ ကိုကို ဆူမှာကို ခံချင်လာပြန်သည်.. ခက်တာက မြသည် သူများနှင့်မတူ.. ကိုယ်မကြိုက်မနှစ်သက်သော အိပ်မက်တစ်ခု မက်လာခါနီးတွင် သိစိတ်ဖြင့် နိုးလာတတ်သူဖြစ်နေလေတော့ အိပ်ရေးလည်း ဘယ်တော့မှ ဝသည်မရှိဘဲ အိပ်မက်တွေ တစ်မျိုးပြီးတစ်မျိုးပြောင်းမက်ရင်း မနက်လင်းရတတ်သူဖြစ်နေလေသည်.. ကိုကို ဆူပြောခါနီး မြ နိုးလာမိရင် ဘယ့်နှယ့်လုပ်ပါ့မလဲ..

အိပ်မက်ထဲမှာ ကိုကို အော်ဟစ်သမျှကို ခံယူဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားရင်း မြသည် အကြံကောင်းရကာ ကိုယ့်ကိုကိုယ် သဘောကျ ကျေနပ်သွား၏.. အိပ်မပျော်လျှင်သောက်ရန်ဟု ဆရာဝန်က ညွှန်ကြားပေးထားသော်လည်း အိပ်မက်မကြိုက်လျှင် နိုးလာဖို့ မတတ်နိုင်မည်စိုးသဖြင့် ဘယ်တော့မှ မတို့ထိသော အိပ်ဆေးပုလင်းကို ခက်ခက်ခဲခဲ ရှာဖွေလိုက်ပြီး ရေတစ်ပုလင်းအသစ်ယူရင်း အိပ်ရာနား ပြန်လာခဲ့လိုက်သည်.. အိပ်မက်ကနေ မနိုးဘဲ ဆက်အိပ်နေနိုင်အောင် ကြံဆောင်နိုင်သည့်အတွက် မြ ဥာဏ်ကောင်းသားပဲလို့များ ကိုကို ချီးကျူးမလားမသိ.. ထိုသို့သော ချိုသာသော ကြင်နာသော ချီးကျူးစကားပြောသည့် အိပ်မက်များ မက်မည်ဆိုလျှင်လည်း အကောင်းသားပင်..

မြသည် ဟိုစဉ်းစားဒီစဉ်းစားဖြင့် အိပ်ဆေးလုံးလေးများကို တဖြည်းဖြည်းချင်း မျိုချနေရင်း ရေတစ်ပုလင်းလုံး အသစ်ကုန်ကာ ဗိုက်ပြည့်တင်းလာချိန်မှပင် စောင်အသာခြုံကာ လှဲအိပ်လိုက်သည်.. အိပ်ဆေးပုလင်းခွံကလေးကို တိုက်လိုက်မိသဖြင့် ပြုတ်ကျသွားသော်လည်း မကောက်နိုင်တော့ဘဲ မျက်လုံးများမှေးစင်းလာလျက် မီးခလုတ်ကို မနည်းစမ်းကာ ပိတ်လိုက်ရသည်..

ထို့နောက် မြ၏ ကမ္ဘာမှာ အမျိုးမျိုးစုံလင်သော အိပ်မက်တို့ ရှည်လျားစွာ မက်စပြုလာလေတော့သည်..

Feb 242011
 

ညက သော်အိပ်မက် တစ်ခုမက်သည်..

အိပ်မက်ထဲမှာ သော်သည် ညိုမှောင်ရှည်လျားသော ဆံပင်အခွေအလိမ်တွေနှင့် မိန်းကလေးတစ်ယောက် ဖြစ်လို့နေသည်.. ထိုဆံပင်ပုံစံသည် ယခုမှ သော် အသစ်ပြုပြင်ပြီးစ ဆံပင်လည်း ဖြစ်သေးသည်တဲ့.. ဆံပင်ညှပ်ဆိုင်လိုလို အင်္ကျီရောင်းသောဆိုင်လိုလို အခန်းကြီးထဲက ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ကိုယ့်ဆံပင်ကိုယ် ကြည့်ရင်း သော် ပျော်ရွှင်ကျေနပ်လို့နေသည်..

ကြည့်စမ်း.. လှလိုက်တာ.. ကျောအလယ်လောက်ထိ ဖြန့်ချထားသော ဆံနွယ်အခွေလေးများမှာ ပျော့ပျောင်းပြီး နူးညံ့ကာ ကိုင်လို့လည်း ကောင်းလှသည်.. ပြီးနောက် သော်သည် သူ့အား ဆံပင်တွေကို ပြမည်လို့ ရည်ရွယ်ချက်ဖြင့် သူ့အိမ်ကို သွားမလို့ ပြင်လိုက်သည်တွင် သူငယ်ချင်းဖြစ်သူ ညီထွေးတစ်ယောက် စက်ဘီးတစ်စီးဖြင့် သော့်ရှေ့ရောက်လို့ လာပါလေရော..

“လာ လာ.. တက်.. မြန်မြန်” လို့ ညီထွေးက ဆိုတော့ ရွေ့နေသော စက်ဘီးပေါ်ကို တင်ပါးလွှဲခုန်မတက်တတ်သည့် သော်က တွန့်တွန့်ဆုတ်ဆုတ်.. သို့သော် နောက်တော့လည်း သော် စက်ဘီးပေါ် ဘယ်လိုရောက်သွားသည်မသိ.. ညီထွေးက ရှေ့က နင်းလျက်ရှိသည်..

မိုးတွေကလည်း ရွာနေတော့ သော်တို့ နှစ်ယောက်စလုံး စိုရွှဲလျက် ညီထွေးက လမ်းလည်းမသိဘဲ စမ်းတဝါးဝါးဖြင့် ဟိုကွေ့လိုက် သည်ကွေ့လိုက်မို့ အိမ်နေရာအမှန်သို့ တော်တော်နှင့် မရောက်နိုင်ချေ.. သစ်ကိုင်းခြောက်တွေ အများကြီးရှိသော သစ်ပင်ကြီးနှင့် ကားတစ်စီးမှ မရှိဘဲ ခြောက်သွေ့နေသည့် ဓာတ်ဆီဆိုင်တစ်ခုရှေ့သို့ ထပ်ကာထပ်ကာ သော်တို့ ရောက်လျက်ရှိသည်..

“ညီထွေး နင် သူ့အိမ်လမ်းကို သိရဲ့လား”

သော်ကမေးတော့ ညီထွေးက စက်ဘီးကိုရပ်ပစ်လိုက်ရင်း သော့်ကို လှည့်ကြည့်သည်..

“မကျေနပ်ရင် နင် နင်းပါလား.. ရော့” တဲ့..

“ငါက စေတနာနဲ့လည်း မိုးရေထဲ လိုက်ပို့ရသေးတယ်.. တကယ်ဆို ငါ့ဘာသာငါ ဆော့နေတာ.. ရော့ မလိုက်ပို့တော့ဘူး.. ကိုယ့်ဟာကိုယ် သွား”

ပြောပြောဆိုဆိုပင် သူက စက်ဘီးကို သော့်ဆီ ထိုးပေးကာ လမ်းဘေးဆင်းရပ်လျက် လက်ကိုတင်းတင်းပိုက်ရင်း သော့်ကို မကျေမနပ်ကြည့်လျက်ရှိသည်.. သော်ကလည်း ခပ်တည်တည်ပဲ စက်ဘီးကို ခွတက်လိုက်ပြီး စတင်နင်းထွက်လိုက်တော့ ခဏချင်းပင် သူ့ရပ်ကွက်လမ်းတွေထဲရောက်သွားတော့၏..

ဟောသည်မှာ ဘုန်းကြီးကျောင်း.. ဟောသည်မှာ လမ်းဆုံ.. ပြီးတော့ ဘီယာဆိုင်အကြီးကြီးတစ်ခု.. နောက်တော့ လမ်းထိပ်က လက်ဘက်ရည်ဆိုင်.. သော်သည် သူ့ရပ်ကွက်ထဲ ဝင်လာတော့ လမ်းဘေး ဝဲယာမှ ဆိုင်တွေ အဆောက်အဦတွေကို မှတ်မိနေသည့်အတွက် ခပ်အေးအေးပဲ စက်ဘီးကိုနင်းလာခဲ့သည်.. လမ်းထဲကို ချိုးကွေ့လိုက်ပြီး သူ့အိမ်ရှေ့မှာ စက်ဘီးရပ်လိုက်တော့ ညီထွေးက နောက်ကနေ ဖျတ်ကနဲ ခုန်ဆင်းရင်း “သြော် ဒီအိမ်ကိုး”ဟု ရေရွတ်၏.. ညီထွေး ဘယ်တုန်းက စက်ဘီးပေါ် ပြန်ပါလာသည် မသိ.. ခုတော့ ခပ်တည်တည်ပဲ သူ့အိမ်တံခါးကို ခေါက်ကာ တွန်းဖွင့်ဝင်သွားတော့ သော်လည်း စက်ဘီးကိုထောင်ထားခဲ့ကာ နောက်မှ ခပ်သွက်သွက် လိုက်ဝင်သွားလိုက်သည်..

အိမ်နေရင်း ဝတ်စုံခပ်နွမ်းနွမ်းဝတ်ထားသော သူက ပြုံးရယ်လျက် ဆီးကြို၏.. စက်ပစ္စည်းတစ်ခုခုကို ပြင်ဆင်နေသည်လားမသိ.. လက်ထဲမှာ ဝက်အူလှည့်တွေရော သံတို သံစတွေရော.. “လာကြ.. လက်ဘက်ရည်လိုက်တိုက်မယ်” တဲ့.. “သော့် ဆံပင် သိပ်လှပါလား”လို့လည်း ချီးကျူးသေးသည်.. သော်သည် ဇဝေဇဝါဖြင့် သူ့ကို ကြည့်နေမိသည်.. အိပ်မက်ထဲမှာ သူသည် သူဟုတ်သော်လည်း မျက်နှာပုံစံကတော့ မရေမရာ ဝါးတားတားဖြစ်လို့နေ၏.. တခါတရံ လွန်ခဲ့သည့် ၅ နှစ်က သော်နှင့် ချစ်ကြိုက်ဖူးသည့် လူ၏ မျက်နှာဖြစ်ဖြစ်သွားသည်.. အိပ်မက်ထဲမှာတော့ သော်သည် အဲ့ဒါကိုလည်း သိသည်တဲ့.. သူ့ရုပ်က ဒီလိုရုပ်မှ မဟုတ်တာလို့ သော်သိနေသည်တဲ့..

ပြီးတော့ သော် သူ့မျက်နှာကို ဟိုလူနှင့် ရောထွေးမြင်နေမိသည့်အတွက်လည်း သူ စိတ်ဆိုးမှာကို ကြောက်နေသေးသည်.. ဘယ်လိုအိပ်မက်ကြီးလဲလို့လည်း စိတ်ရှုပ်ထွေးနေသေးသည်.. သော်ငြိမ်ချက်သား ကောင်းနေသဖြင့် သူက “ချမ်းနေလား”လို့ မေးသော်လည်း ပြန်မဖြေနိုင်ဘဲ သူနှင့် မျက်လုံးချင်းတောင် မဆုံချင်လောက်အောင် ပူပန်စိုးရိမ်ကြီးလျက်ရှိနေသည်.. သူ့ မျက်နှာ ပေါ်လာအောင် ဘယ်လိုပဲ အားစိုက်ထုတ်သော်လည်း ပီပြင်မလာဘဲ ကြိုးစားလေလေ ပိုပြီးရောထွေးလာလေ ဖြစ်နေသောအခါ “အိပ်မက်က နိုးပါတော့”လို့ ကျိတ်ဆုတောင်းမိသေး၏..

နောက်ပြီး သော်တကယ်ပဲ အိပ်မက်က လန့်နိုးသွားလေသည်.. ရေမြန်မြန် ထသောက်ပြီး ကွန်ပျူတာကို ပြေးဖွင့်ကာ သူ့ ဓာတ်ပုံများကို ကြည့်လိုက်သေး၏.. ဒီတခါ အိပ်မက် ပြန်မက်ရင်လည်း သူ့ရုပ်ပီပြင်ပါစေလို့ ဆုတောင်းလိုက်သေး၏.. မနက် ၄ နာရီ ၁၂ မိနစ် ရှိနေပြီ.. ပြန်အိပ်ခါနီး အနွေးထည်ယူဝတ်ပြီးမှ အိပ်ယာထဲ ဝင်ခဲ့သည်.. နွေးနွေးထွေးထွေး နှစ်နှစ်ခြိုက်ခြိုက်ဖြင့် အိပ်မက်ပင် မမက်လိုက်ဘဲ အိပ်ပျော်သွားသည်ကို မနက်ကျမှ သိရသည်.. အိပ်ယာထ နည်းနည်းလည်း နောက်ကျနေသဖြင့် သူနှင့် မနက်စာစားရန် ချိန်းထားသည့် ဆိုင်ကို အပြေးအလွှား သွားရသည်..

တွေ့သောအခါ လက်ကိုဖမ်းကိုင် ဆုပ်ယူထားလိုက်ရင်း “ဆောရီးနော်.. သော် တောင်းပန်တယ်နော်” ကို ထပ်ခါထပ်ခါ ပြောမိတော့ သူက ထုံးစံအတိုင်း ခပ်ပြုံးပြုံးဖြင့် “အရူးမ”ဟု ဆိုကာ ခေါင်းကို ထုလိုက်လျှင် သော်သည် ညက အိပ်မက်ကြောင့် စိတ်ဆင်းရဲရခြင်းတို့ မေ့ကာ ပြန်လည်ရယ်ရွှင်လာပြန်ပြီး သူ့ကို မေးလိုက်မိ၏..

“ဆံပင်ကို ခပ်ရှည်ရှည်ထားပြီး ကောက်လိုက်ရင် လှမယ်ထင်လားဟင်”

Jan 132011
 

နေရောင်အောက်မှာ သူအိပ်နေပုံက မနာလိုချင်စရာ တော်တော်ကောင်းသည်..

သော်ကဖြင့် လမ်းခရီးတလျှောက် ကားပေါ်မှာလည်း ချမ်းလာ.. ညောင်းညာလာသည့်အပြင် ကားအောက်ဆင်းလိုက်တော့လည်း နွေးမသွားဘဲ အညာဆောင်းလေ အေးစိမ့်စိမ့်က တကိုယ်လုံးပါ တုန်ရီလာစေတော့ အချိန်စောပြီး ကြိုစောင့်မနေသည့် ကိုကို့ကို အပြစ်တင်ငြူစူနေမိတာ..

မနက် ၆ နာရီနေသည် သူတို့ ဒေသခံတွေအတွက်တော့ နွေးထွေးစေဖို့ လုံလောက်ပြီလား မပြောတတ်ပေမယ့် သော့်အတွက်ကတော့ ရေအေးအေးတောင် မသောက်ချင်လောက်အောင် ဖြစ်နေဆဲ.. ကားဂိတ်ရောက်ပြီး ကိုကို့ကို ရှာသော်လည်းမတွေ့ရဘဲ “မြင်းလှည်းနဲ့သွားမလား”.. “ဆိုက်ကားလား အမ၊ ဆိုက်ကား”.. “ကားငှားမလား.. ဆိုင်ကယ်လား”.. အသံတွေစုံလျက် အင်္ကျီထုတ်ကိုလည်း တယောက်တလက် ၀ိုင်းဆွဲကြသည့် လူအုပ်ကြားမှာ စိတ်ရှုပ်ထွေးသွားခဲ့ရသည်.. အားလုံးကို လက်ကာပြ ခေါင်းခါပြလျက် မြန်မြန်ဆန်ဆန် ကားဂိတ်အဆောက်အဦထဲ ပြေးဝင်လိုက်မှ အသက်ရှူဝတော့၏..

ကိုကို့ဆီ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်သည်မို့ လာကြိုဖို့ ထွက်လာနေပြီလို့တော့ တွက်ဆနိုင်သား.. သော်သည် နေပူထဲ ထွက်ရပ်နေနိုင်လျှင် ခဏချင်း နွေးလာမည်ကို သိလည်း ကားငှားသူ ကားအငှားခံသူတွေ ရှုပ်လျက်ရှိသည်မို့ ခပ်ငြိမ်ငြိမ်ကုပ်ကုပ်ပဲ ကားဂိတ်က ခုံတန်းလေးမှာ ထိုင်နေရင်း မလှမ်းမကမ်းက နေပူထဲမှာ သူအိပ်နေပုံကို ကြည့်လျက် မနာလိုဖြစ်စပြုလာသည်.. အားမကျစကောင်း သူ့ဘ၀ကို အားကျလာသလိုလိုပင်..

ကြည့်ပါဦး.. တလောကလုံး ဘာပဲ ဖြစ်နေပါစေ.. စိတ်ပူပန်တာတွေ သောကတွေ မကောင်းတာတွေဟာ သူ့အပေါ်လုံးဝ မကျရောက်လာနိုင်ဘူးဟု စိတ်ချယုံကြည်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလိုက်တာ.. နေရောင်သည် သူ့ မျက်တောင်မွှေးလေးများပေါ်အထိ ထိုးဆင်းကျရောက်နေပြီး လင်းဖြာနွေးထွေးစေသည်ထင်၏.. နှစ်ခြိုက်စွာ အိပ်ပျော်စေသည်ထင်၏.. အိပ်မက်များလည်း ဆန်းကြယ်လှပစေမည်ထင်၏..

ဘေးမှာ လူတွေ ဘယ်လောက်ဆူညံနေပေမယ့် သူ့ကို အနှောင့်အယှက်ဖြစ်စေပုံမပေါ်.. လက်များကို ကွေးချိတ်၍ သူ့လက်ပေါ်သူ မေးတင်ကာ သက်တောင့်သက်သာရှိနေသည်.. သော်သာ လက်ပေါ်မေးတင်ပြီး အိပ်တတ်မည်ဆိုလျှင် တညလုံး ကားပေါ်မှာ အိပ်ရေးဝမည်ပင်.. ခုတော့ သော်သည် ခရီးသွားတိုင်း ကားထိုင်ခုံခပ်ကျဉ်းကျဥ်းတွေကြားမှာ ခြေကို ခေါက်ကွေးမရ.. တင်လို့မရ.. လက်ကိုဘယ်နားထားရမည်မသိ.. ကသိကအောင့်ဖြင့် တညလုံး အိပ်ရေးပျက်ရစမြဲ..

ကြည့်နေရင်းမှာပင် သူသည် မျက်လုံးများကို ဖြေးဖြေးစင်းစင်း ဖွင့်ကာ ပတ်ဝန်းကျင်ကို တချက်အကဲခတ်သလို ကြည့်လိုက်၏.. ခေါင်းတော့ ထောင်မထလာ.. ရီဝေေ၀မျက်လုံးများက အိပ်ချင်စိတ်ပြေသေးဟန်လည်းမတူ.. သူ မျက်လုံးပြန်မှိတ်ပြီး အိပ်သွားပြန်တော့ မက်လက်စ အိပ်မက်ပင် ပြန်မက်ဦးမလားဟု သော်တွေးမိသေးသည်.. လွန်လွန်းတာပေါ့ကွယ်.. သူများတကာတွေ တက်တက်ကြွကြွလှုပ်ရှားနေကြပြီလေ.. မနက် ၆ နာရီသည် မြို့ပြကြီးများမှာတော့ စောသည်ဟု ဆိုနိုင်သော်လည်း ဒီလို မြို့ကလေးအတွက်တော့ စောသည်ဟု မဆိုနိုင်ပါဘူး..

သော့်ဘ၀မှာ အပူအပင်ကင်းကင်း အနှောင့်အယှက်ကင်းကင်း အိပ်မက်ကင်းကင်းဖြင့် အိပ်ရေးဝခဲ့သော ည ဘယ်နှစ်ညလောက်များ ရှိသလဲလို့ ပြန်စဉ်းစားနေမိသည်.. မရှိခဲ့ဖူးတာတော့ မဟုတ်.. သူ့လောက်တော့ များများစားစား မရှိနိုင်ပါဘူးလို့ အားကျသလိုလို မနာလိုလိုသလိုလို တွေးပြန်၏.. ငါ့နှယ်.. မနာလိုစရာမရှိ ရှာကြံ မနာလိုနေပြန်ပြီလို့လည်း ကိုယ့်ကိုကိုယ် ရယ်ချင်မိပြန်သည်..

ဘယ်လောက်တောင် သူ့ကို စိုက်ငေးနေမိလဲမသိ.. ကိုကို အနားရောက်လာတာ မသိလိုက်ချေ.. ပါးကို အေးစက်စက်လက်နှင့် အနောက်ကနေ အုပ်ကိုင်လိုက်ကာမှ အလန့်တကြား နောက်လှည့်ကြည့်မိသည်.. ကိုကို ပြုံးနေ၏.. ကြည်လင်နေ၏.. သော့်ကို မြင်ရလို့ ပျော်သွားဟန်လည်းရှိသည်.. ဆိုင်ကယ်ပေါ်တက်ခါနီး သိုးမွှေးဦးထုပ်ကို သော့်ခေါင်းပေါ်မှာ နေသားတကျ ဆောင်းပေးသေးသည်.. ကျေးဇူးတင်ဖွယ် နွေးထွေးသွားလေသည်..

ဆိုင်ကယ်ပေါ်ရောက်မှ သူ့ကို တချက်ပြန်လှည့်ကြည့်လိုက်တော့ အိပ်ပျော်နေဆဲ.. အကြာကြီး စိုက်ကြည့်သွားပြီး မနာလိုဖြစ်နေသည့် မိန်းမတစ်ယောက်ကိုလည်း သူသိလိုက်မှာတောင် မဟုတ်ဘူးဟု တွေးမိတော့ ပြုံးမိသွားပြန်သည်.. သို့သော် ကိုကိုက ဆိုင်ကယ်ကို မောင်းထွက်လိုက်ချိန်မှာ နောက်က မြင်းလှည်းကလည်း ထွက်အလာမို့ လမ်းဘေးချရပ်လိုက်ပြန်တော့ ..

ရုတ်တရက် ဗရုန်းသုန်းကား သူ့အနားရောက်လာသည့် ဆိုင်ကယ်စက်သံကြောင့် လန့်ဖျတ်ကာ အမြီးလေးကုတ်၍ တအီအီ အော်ရင်း ထပြေးလေတော့သည်..
ခွေးလေး ဇိမ်ပျက်သွားရှာပြီ..
သော်၏ မနာလိုခြင်း အမှုလည်း ထိုအခါရပ်တန့်လေတော့သည်။