တကယ်တော့ လူသားတိုင်းဟာ မွေးဖွားလာချိန်မှာ အနုပညာဓာတ်ခံ ပါလာပြီးသားပါ.. ဒါကို သိပ္ပံနည်းကျ လေ့လာထားသူတွေကလည်း ထောက်ခံကြတယ်.. ကလေးတွေ ငယ်တုန်းက ပန်းချီဆွဲကြတယ်.. ကလေးတိုင်း နီးပါးပဲ.. ပန်းချီဟာ အရောင်တွေ အရုပ်တွေကို အခြေခံတာမို့ ကလေးတွေ စကားမတတ်ခင် စာမတတ်ခင်ကတည်းက သူတို့ပြောလိုရာ ဖော်ပြလိုရာကို ပန်းချီအခြေခံအနေနဲ့ ဖော်ပြတတ်ကြပါတယ်.. ကိုယ်တို့ ပတ်ဝန်းကျင်မှာလည်း မကြာခဏကြားဖူးနေတာပဲ “ငယ်ငယ်တုန်းကတော့ ဆွဲတယ်.. နောက်မှ ဘာမှန်းကိုမသိတော့တာပါ” ဆိုတာမျိုးတွေ.. တကယ်တော့ ကလေးတွေမှာ နဂိုပါလာတဲ့ ပန်းချီဗီဇကို လူကြီးမိဘနဲ့ ပတ်ဝန်းကျင်က ပျောက်ကွယ်ပြောင်းလဲသွားအောင် လုပ်လိုက်တာပါပဲ.. Continue reading »
စကန်ဖတ်ပြီး အရောင်ဖြည့်ထားတာပါ.. စိတ်မရှည်လို့ အစအဆုံးတော့ ပြန်မဆွဲလိုက်ဘူး.. အရင်ကလည်း မြန်မာ့ရိုးရာ ပန်းချီပုံတွေကို ခြင်္သေ့တွေ.. ဒီမှာနဂါးတွေ နဲ့ ဒီမှာ ဟင်္သာ ဂဠုန် ကိန္နရီတွေ တင်ဖူးပါတယ်.. အဲ့ဒါတွေလည်း စိတ်ပါရင် ပြန်ကြည့်ကြည့်ကြပေါ့.. အဲ့တုန်းက ပိုဆိုးတယ် စကန်ဖတ်ပြီး ဒီတိုင်းတင်ပလိုက်တာ.. ခုတော့ နည်းနည်းပို ကြည့်ပျော်ရှုပျော်အောင် လုပ်ထားလိုက်တယ်.. စိတ်လည်းပါနေတာနဲ့..
ဒေါင်း ၃ ကောင်ရှိပါတယ်.. စိတ်ဝင်စားရင် ကြည့်လိုက်ပါဦး..
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာနေ။
ကြာဖြူတစ်ပွင့် နီတစ်ပွင့်
တဲနှင့်ပနံတင့်။ ။
ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာပါ.. တိုတိုရှင်းရှင်းလေးပေမယ့် ထိမိတယ်..
ကျယ်ပြန့်လွင့်မျောတဲ့ကောင်းကင်.. သန့်ရှင်းတဲ့ လတ်ဆတ်တဲ့ မိုးအနံ့.. စိမ်းစိမ်းစိုစိုနဲ့ အဆုံးအစမရှိ ကျယ်ပြန့်တဲ့ စပါးခင်းတွေ.. ကောင်းကင်ကတိမ်တွေ အရောင်ပြန်ဟပ်နေတဲ့ လယ်ကွင်းထဲကရေ.. သေးသေးကွေးကွေး ချစ်စရာ လယ်စောင့်တဲလေး.. သဘာဝကျကျ လှလှပပ ပွင့်နေတဲ့ ကြာပန်းတွေ.. မိုးလာမှ ပျော်ရတဲ့ တောသဘာဝ..
စာလုံး ၃၆ လုံးထဲနဲ့ ဖော်ပြသွားတာတွေက အများကြီးပါ.. အသက် ၈ နှစ်လောက်ကတည်းက ဖတ်ပြီး အဲ့ဒိမြင်ကွင်းတွေ အဲဒိအနံ့တွေကို ရလာတတ်တယ်.. ခုထိလည်း အဲဒိခံစားမှုကိုပေးတုန်းပဲမို့ အကြိုက်ဆုံးဖြစ်နေတုန်းပဲ..
illustrated and photo by NangNyi
composition
အိုခေ အိုခေ.. အရောင်အကြောင်းတွေ အရင်ပို့စ်မှာ ပြောပြီးပြီဆိုတော့ ခုတော့ နေရာထားသိုခြင်းလို့ခေါ်တဲ့ ကွန်ပိုဇေးရှင်းအကြောင်းတွေ နည်းနည်းဆက်ဆွေးနွေးကြည့်ကြရအောင်လား.. ပန်းချီကားတစ်ချပ် ဓာတ်ပုံတစ်ပုံမှာ ကွန်ပိုဇေးရှင်းဟာအရေးကြီးသလိုပါပဲ.. ဝဘ်စာမျက်နှာတစ်ခုမှာလည်း ကွန်ပိုဇေးရှင်းသဘောတရားတွေ လိုအပ်ပါတယ်လို့ပြောရင် လက်ခံကြမယ်ဟုတ် ?
ဝဘ်စာမျက်နှာတစ်ခုဟာ ကွန်ပျူတာရဲ့မျက်နှာပြင်လိုပါပဲ.. စတုဂံပုံသဏ္ဍာန်နဲ့ ဖြစ်တည်နေတာပါ.. ပန်းချီကားတွေ ဓာတ်ပုံတွေကတောင်မှ ပိုရှည်လျားနေတာမျိုး ဒါမှမဟုတ် လေးထောင့်စပ်စပ်ပုံသဏ္ဍာန်မျိုးဖြစ်နေနိုင်သေးတယ်.. ဝဘ်စာမျက်နှာတွေကတော့ လုံးလုံးကြီးတို့ ရှည်ရှည်ကြီးတို့ဖြစ်နေဖို့ အင်မတန်ခဲယဉ်းတယ်လေ.. ဒီတော့ အခြေခံအားဖြင့် စတုဂံပေါ်မူတည်ပြီး ဆက်ပြောပြပေးပါမယ်..
အပေါ်ကပုံကိုကြည့်လိုက်ပါ.. ဘေးဘက်တွေမှာ ဘောင်ခတ်ထားတဲ့ အနီမျဉ်းကြောင်းတွေရဲ့ အပြင်ဆိုရင် လူရဲ့စိတ်ဝင်စားမှုကို မရပါဘူး.. ဆိုလိုတာက ကိုယ်ပြချင်တဲ့ လူ.. ပစ္စည်း.. အရာဝတ္တု.. အမှတ်တံဆိပ် စတာတွေကို အဲ့ဒိမျဉ်းတွေရဲကအလည်တွေမှာပဲ ထည့်ရပါမယ်.. ပြထားတဲ့ ဆုံမှတ်အစက်အစိမ်းလေးတွေဟာဆိုရင် Center of Interest လို့ခေါ်တဲ့ အဓိကစိတ်ဝင်စားမှုယူတဲ့နေရာတွေဖြစ်ပါတယ်.. ပန်းချီကားတွေ ဓာတ်ပုံတွေမှာဆိုရင်တော့ ကိုယ်ပြချင်တဲ့အဓိက အကြောင်းအရာကို အဲလိုနေရာမှာထားခြင်းဟာ အကောင်းဆုံးပါပဲ..
ဝဘ်စာမျက်နှာတွေအတွက်ကျတော့ အဓိက ပြချင်တဲ့အရာရယ်လို့ သီးသန့်မရှိတဲ့အပြင် သူက ဘန်နာတို့ Side Bar တို့ဆိုတာမျိုးတွေလည်း ထည့်တွက်နေရတဲ့အတွက် သိပ်ပြီးပုံသေတော့ ပြောလို့မရပါဘူး.. အဲဒီအခါမျိုးကျတော့ Weight and Balance ဆိုတာမျိုးကို ထပ်ပြီးနားလည်ရပါတော့မယ်.. အလေးအပေါ့ချိန်ညှိတာမျိုးဆိုတာက ဘယ်လိုလဲဆိုတော့.. ဥပမာ.. အောက်ကပုံ ၂ ခုကို ယှဉ်ကြည့်ပါ..
ပထမပုံမှာဆိုရင် ဘန်နာပေါ်က လိုဂိုကလည်း ဘယ်ဘက်.. စာတန်းကဘည်း ဘယ်ကိုကပ်နေတယ်.. Side Bar ကလည်း ဘယ်ဘက်မှာ.. ဘန်နာကိုဆွဲထားတာကလည်း ရေလှိုင်းကညာဘက်ကိုရောက်နေပြီးပြတ်ထွက်နေတယ်.. ဆိုတော့ ကြည့်သူရဲ့ မျက်စိက ဘယ်ဘက်အခြမ်းမှာ သိပ်လေးလံနေတယ်လို့ ခံစားစေရမယ်.. ပြီးတော့ ပြတ်ထွက်နေတဲ့ ရေလှိုင်းက ကြည့်သူရဲ့ မျက်စိကို ညာဘက်အပြင်ကို ထွက်သွားအောင် ခေါ်သွားတဲ့အတွက် Balance မညီတဲ့ နေရာထားသိုမှုလို့ ပြောရပါမယ်..
ဒုတိယပုံကတော့ ဘန်နာနဲ့ လိုဂိုနဲ့ Side bar နဲ့ ထားသိုထားတာဟာ အဆင်ပြေပြေ ညီညွတ်နေတယ်.. ရေလှိုင်းကိုလည်း အတွင်းမှာပဲ ထည့်ထားတယ်.. ပြီးတော့ ညာဘက်က ပန်းခွေလေးဟာကြည့်သူရဲ့မျက်စိအာရုံကို အပြင်ကို ထွက်မသွားစေဘဲ စာမျက်နှာရဲ့ အတွင်းအလည်ဘက်က စာတွေဆီကို ပြန်ညွန်ပြနေသလိုဖြစ်နေတာမို့ ကြည့်တဲ့လူရဲ့ အာရုံဟာ ဝဘ်စာမျက်နှာအထဲမှာပဲ ပိတ်မိစုစည်းနေမှာပေါ့.. နေရာထားသိုမှုမှာ အဲဒီလိုမျိုး ပြန်ညွှန်းပြမျဉ်းတွေဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်.. ဥပမာ.. ပန်းချီကားတစ်ချပ်ဆိုပါစို့..
သူ့ ပန်းချီကား တစ်ခုလုံးမှာ ကြည့်စရာဆိုလို့ လှေပဲရှိတယ်.. လှေကိုတောင်မှ သူက Center of Interest ဘောင်အတွင်းမှာ မထားဘူး.. ရေပြင်ရဲ့ ကျယ်ပြန့်မှုကို ပြချင်လို့ Space အကျယ်ကြီးပြထားတယ်.. ဒါပေမယ့် သူအဓိက ပြချင်တဲ့ လှေလေးကို ရေလှိုင်းတွေရဲ့ အတွန့်တွေနဲ့ ပြန်ညွန်ပြထားတယ်.. ကြည့်တဲ့လူဟာ စစချင်း ရေပြင်ကြီးကိုပဲ မြင်မယ်.. လွတ်လပ်တယ် ကျယ်ပြောတယ်.. နောက်တော့ မျက်စိက ရေလှိုင်းတွေခေါ်ရာကို လိုက်သွားမယ်.. သွားတယ် သွားတယ်.. တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတဲ့ ရေလှိုင်းတွေဟာ နောက်ဆုံးတော့ ဒိုင်းဆိုပြီး လှေဆီကိုရောက်တယ်.. ဒါပဲလေ.. သူလိုချင်တာ.. အဲ့ဒိပန်းချီကားမှာ အဲ့ဒိရေလှိုင်းတွေသာမပါဘူးဆိုရင် လိုရင်းကိုရောက်လာပါ့မလားတောင် မသိပါဘူး..
ပြီးတော့ နေရာထားသိုတဲ့အခါမှာ အလယ်တည့်တည့်မှာ ကန့်လန့်ဖြတ်သဘောမျိုး ဒေါင်လိုက်ဖြတ်သဘောမျိုးဖြစ်နေစေတဲ့ အရာဝတ္တုတွေကို မထားရပါဘူး.. တစောင်းလိုက်ကြီး ပြတ်နေတာမျိုးကိုလည်း မလုပ်ရဘူး.. တမင်သက်သက်ပေးချင်တဲ့ ရသတစ်ခုခုရှိလို့ ထည့်မယ်ဆိုရင်လည်း အပေါ်က လှေနဲ့ရေလှိုင်းလိုပဲ ပြန်ညွန်းပြစရာ ပြန်ဖြေဖျော့စရာတစ်ခုခု ထည့်ပေးလေ့ရှိပါတယ်.. ဒါတွေက ဓာတ်ပုံနဲ့ ပန်းချီသမားတွေ.. ဗီနိုင်းလုပ်တဲ့ဒီဇိုင်းသမားတွေလည်း တော်တော်သတိထားရမယ့် အချက်တွေပါပဲ..
ကွန်ပိုဇေးရှင်းအကြောင်းကလေ.. ပြောရမယ်ဆိုရင် အများကြီးပဲ.. အဝိုင်းလွှမ်းမိုး.. လေးထောင့်လွှမ်းမိုးတွေ စတဲ့ လွှမ်းမိုးမှုတွေလည်း ထည့်ပြောရဦးမယ်.. နောက်မှပဲ တခုချင်းစီအကြောင်း အသေးစိတ်ထပ်ပြောပါမယ်.. လောလောဆယ်တော့ ဘားကန့်မှာတုန်းက ပြောခဲ့သလောက်ပဲ အကြမ်းဖျင်းခြုံငုံပြီးပြောပြသွားတာပါ.. နောက်မှ perspective လို့ခေါ်တဲ့ နီးဝေးမြင်ခြင်းသဘောတရားတွေကို ထပ်ပြောပါမယ်..
Peace to all !!
မြန်မာပြည်မှာ အစောဆုံးနံရံပန်းချီကတော့ ကျောက်ခေတ်လူသားတွေရဲ့လက်ရာလို့ သတ်မှတ်ထားတဲ့ ကျောက်ဆည်ခရိုင်၊ ရွာငံဒေသ၊ ပြဒါးလင်းဂူနံရံက ပန်းချီတွေပါပဲ.. သမိုင်းမတင်မီ ကျောက်ခေတ်လက်ရာတွေမှာ ကျောက်ခေတ်လူသားတွေရဲ့ လူနေမှုဘ၀၊ အမဲလိုက်ကြပုံနှင့် သဘာဝကို ကိုးကွယ်ခြင်း အလေ့အထများကို လေ့လာတွေ့ရှိနိုင်ပါတယ်.. တောင်ကမ်းပါးကြားက နေထွက်ပုံ၊ လက်ဝါးပုံ၊ သားကောင်ပုံများကို ရေးဆွဲလေ့ရှိကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ ခန့်က ရေးဆွဲခဲတယ်လို့ ခန့်မှန်းရတယ်.. အဲဒိပုံတွေကတဆင့် ကျောက်ခေတ်လူသားတို့ရဲ့ လူမှုဆက်ဆံရေးနှင့် နေထိုင်အသက်မွေးပုံ အတိတ်သမိုင်းတို့ကို သိရှိနိုင်တာပေါ့.. (အန်ဒီကောင်ကတော့ ငြင်းပါတယ်.. အဲဒိဂူလက်ရာတွေဟာ ပန်းချီလို့ ဘယ်လိုပြောလို့ရမလဲတဲ့.. စာလုံးတွေမပေါ်သေးလို့ အဲလိုတွေရေးထားခဲ့တာဆိုတော့ ပန်းချီအစမဟုတ်ဘဲ စာအစလည်းဖြစ်နိုင်တာပဲတဲ့.. သူနဲ့အတော်လေး ငြင်းခုန်ခဲ့ရပါသေးတယ်)
သူငြင်းလို့မရတဲ့ တကယ့်နံရံဆေးရေးပန်းချီတွေကိုတော့ ပုဂံခေတ် ဂူဘုရားတွေ သိမ်ကျောင်းတွေမှာ တွေ့ရမှာပါ.. အားလုံးသိကြတဲ့အတိုင်း အနော်ရထာမင်းဟာ ပုဂံမှာစစ်မှန်တဲ့ ထေရဝါရသာသနာထွန်းကားအောင် ကြိုးပမ်းခဲ့ပါတယ်.. သာသနာရေးနဲ့အတူ လက်မှုပညာအမျိုးမျိုး တိုးတက်လာဖို့လည်း အားပေးချီးမြှင့်ခဲ့တာပါပဲ.. ဒါပေမယ့်လည်း ဗိသုကာ ပန်းချီ ပန်းပုစတာတွေက အနော်ရထာမင်းလက်ထက်မှာ အစပျိုးသဘောလောက်ပဲဖြစ်သေးတယ်လို့ ယူဆရပါတယ်.. သူတည်ခဲ့သမျှဘုရားတွေဟာ မြေစိုက်စေတီတွေပဲဖြစ်လို့ပါပဲ.. ဒေါက်တာမတင်ဝင်းရဲ့ ကျန်စစ်သားစာအုပ်ထဲမှာတော့ အနော်ရထာဟာ မင်းပရိတ်သတ် ပြည်သူပြည်သားတို့နဲ့ ခြားနားသီးသန့်နေချင်တဲ့သဘောမို့သာ အပြင်ဘက်ကပဲ ဖူးမျှော်လို့ရတဲ့ မြေစိုက်တွေကိုတည်တယ်လို့ ကောက်ချက်ချထားပါတယ်.. အတွင်းစိတ်သဘောဟာ ဘုရားတည်ရာမှာပေါ်တယ်လို့ သူဆိုလိုချင်ပုံပဲ.. အင်း- ထားပါတော့လေ…
ကျန်စစ်မင်းလက်ထက်မှာတော့ ဂူဘုရားတွေတည်နေပြီ.. ဂူဘုရားတွေရဲ့သဘောက အတွင်း ဂန္ဓကုဋိတိုက်ကိုရံပြီး စင်္ကြန်လမ်းတွေထားရတယ်.. မုခ်အဝင်မှာ အာရုံခံရှိတော့ ဂန္ဓကုဋိတိုက်နံရံ၊ စင်္ကြန်နံရံနဲ့ အာရုံခံနံရံတွေဟာ ပန်းချီရေးဖို့ နေရာကောင်းတွေ ဖြစ်လာပါတော့တယ်.. ပုဂံခေတ်ကျောက်စာတွေမှာ ဂူဘုရားတည်ရင် အတွင်းမှာ ဆေးရေးလေ့ရှိကြောင်းနဲ့ ပန်းချီသမားတွေကို လုပ်ခတွေပေးရကြောင်းတွေ မှတ်တမ်းပါပါတယ်.. အဲဒိအချိန်မှာတော့ ပန်းချီပန်းပုပညာတွေဟာ အရှိန်အဟုန်နဲ့ကို တိုးတက်လာနေပါပြီ.. ပုဂံခေတ်ဆေးရောင်တွေက ခေတ်ဦးပိုင်းမှာဆိုရင် အဖြူ အနက် အဝါ အနီပဲ အသုံးများပါတယ်.. ခေတ်နှောင်းပိုင်းမှာမှ အပြာနဲ့ အစိမ်းကိုပါသုံးလာကြတယ်.. အင်္ဂတေနံရံမှာ ဆေးရောင်စွဲနေဖို့ တမာစေးနဲ့တွဲသုံးပါတယ်.. အရောင်တောက်အောင် သည်းချေကိုရောပါတယ်.. အဖြူရောင်ကို မြေဖြူကထုတ်.. အနက်ကို ရေနံချေးမှိုင်းက.. အဝါကို မြေဝါခဲတွေက.. အနီကို ဟင်္သပဒါးနဲ့ မြေနီကရ.. အပြာကိုမဲနယ်က.. အစိမ်းကို ဒုတ္တာစိမ်းကနေ ဖော်စပ်ကြတယ်လို့ သိရပါတယ်..
ပုဂံဆေးရေးတွေရဲ့ အကြောင်းအရာတွေကတော့ ဗုဒ္ဓဝင်ခန်းတွေ ငါးရာ့ငါးဆယ်နိပါတ်တွေများပါတယ်.. သရုပ်ဖော်ထားတဲ့အကြောင်းအရာကို အောက်ခြေမှာ မွန်ဘာသာ ဒါမှမဟုတ် မြန်မာဘာသာနဲ့စာတန်းထိုးထားလေ့ရှိပါတယ်.. တချို့နံရံတွေမှာဆို ပါဠိတော်တွေက ကောက်နုတ်ချက်တွေနဲ့ ဘုရားလှူသူ နံရံပန်းချီလှူသူ ကုသိုလ်ရှင်ရဲ့ မှတ်တမ်းစာတွေ ဆုတောင်းစာတွေ ဇာတာခွင်တွေကိုလည်း ထည့်ရေးထားလေ့ရှိတယ်..
ပုဂံခေတ်နံရံဆေးရေးတွေက နှစ်ပေါင်းကလည်းကြာပြီဆိုတော့ အင်္ဂတေကွာကျပျက်စီးတာတွေ.. မှေးမှိန်ပွန်းပဲ့သွားတာတွေ.. အညစ်အကြေးတွေစွဲလို့ မထင်မရှားဖြစ်ကုန်တာတွေ.. သဒ္ဓါလွန်ပြီးထုံးသုတ်ပူစော်ပစ်လိုက်လို့ ပျောက်သွားတာတွေ.. ခိုးယူခံရတာတွေ.. တချို့ကနားမလည်ပဲ ထုံးသုတ် အသစ်ပြန်ရေးထားတာတွေကြောင့်နဲ့ ရှေးဟောင်းပန်းချီလက်ရာအတော်များများ ဆုံးရှုံးကုန်ပါပြီ.. ဒါကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း မှတ်တမ်းတင်ပုံများ ရေးထား.. ပန်းချီကျောင်းသားများကလည်း လေ့လာရေးသွားတိုင်းကူးယူရေးပြီး သိမ်းထားကြ.. မှိန်နေတဲ့နေရာတွေ ထင်လာဖို့.. ထပ်ပြီးမပျက်စီးစေဖို့ ဓာတုနည်းတွေနဲ့ထိန်းသိမ်းနေကြပါတယ်..
ခုနောက်ပိုင်းမှာဆိုရင် ပုဂံဘုရားနံရံတွေကို ဓာတ်ပုံပေးမရိုက်တော့ပါဘူး.. ဖျတ်ကနဲလက်သွားတတ်တဲ့ ကင်မရာဖလက်ရှ်ဂန်းမီးရောင်ဟာ သဘာဝဆေးနဲ့ရေးထားတဲ့ ပန်းချီတွေကိုပျက်စီးစေနိုင်လို့ပါ.. အများအားဖြင့် အဲဒိကန့်သတ်ချက်ကို နိုင်ငံခြားသားလေ့လာသူတွေက (နိုင်ငံခြားမှ ပညာတတ်လေ့လာသူအချို့က) လိုက်နာပေမယ့် မြန်မာခရီးသွားတော်တော်များများ (တော်တော်များများ)ကတော့ အလစ်တွေမှာ ခိုးခိုးဓာတ်ပုံရိုက်တတ်ပါတယ်.. တကယ်တော့လည်း မြန်မာပြည်သူတော်တော်များများဟာ ဒီနံရံပန်းချီရဲ့တန်ဖိုးနဲ့ အရေးပါပုံကို မသိတာများပါတယ်.. ဒါတွေလှတယ်လို့လည်း မထင်တာများပါတယ်.. ပုဂံရောက်မှတော့ ဒါလေးမှ ဓာတ်ပုံမရိုက်လိုက်ရရင် မနေနိုင်လို့.. ပြီးတော့ တားမြစ်ထားလို့ ပိုရိုက်ချင်လို့သာ ဓာတ်ပုံရိုက်သွားတာပါ.. ပန်းချီတွေကို တိုက်ရိုက်မဟုတ်ပေမယ့်လည်း ဘုရားထဲမှာ တခြားနေရာကို ရိုက်ရုံနဲ့တင် နံရံပန်းချီတွေဆီ အလင်းပြန်တတ်ပါတယ်.. မကောင်းပါဘူး.. တတ်နိုင်သလောက်တော့ ဘုရားထဲမှာ ဓာတ်ပုံမရိုက်ကြဖို့ တိုက်တွန်းပါတယ်.. နံရံကိုလက်နဲ့မကိုင်ပါနဲ့လို့ တားမြစ်ပေမယ့် ဘာကြောင့်ရယ်မသိ မလုပ်နဲ့ဆို ပိုလုပ်ချင်ကြတဲ့ ထုံးစံအတိုင်း လမ်းလျှောက်သွားရင်း နံရံကိုလက်နဲ့တစ်လျှောက်လုံးထိပွတ်သွားတာမြင်ဖူးပါတယ်.. အဲဒိမိသားစုကို နန်းညီကိုယ်တိုင် အနားခေါ်ရှင်းပြဖူးပါတယ်.. သေချာရှင်းပြတော့လည်း သူတို့လက်ခံတာပါပဲ..
နိုင်ငံတကာအလယ်မှာ ချပြနိုင်တဲ့ မြန်မာ့ရှေးရိုးပန်းချီတွေကို နားလည်တတ်ဖို့ ထိန်းသိမ်းတန်ဖိုးထားတတ်ဖို့အသိကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည်သူတွေဆီရောက်အောင်ပို့ပေးဖို့ လိုနေသေးတာတော့ အမှန်ပါပဲ..
သေချာတွေးမယ်ဆိုရင် ဘာသာအယူဝါဒတွေ ယဉ်ကျေးမှုအစိတ်အပိုင်းတွေ အားလုံးက အိန္ဒိယကနေတဆင့် မြန်မာကိုပျံ့ပွားလာတာတွေချည်းပဲလေ.. မြန်မာပန်းချီခေတ်ဦးမှာ ဘာသာရေးဆိုင်ရာ ပန်းချီကားတွေများခဲ့တယ်.. ဇာတ်နိပါတ်တွေရေးရာမှာတော့ တောင်တောင်ရေမြေ သဘာဝရှုခင်းတွေ.. မြို့ရွာကျေးလက်ရှုခင်းတွေ.. နန်းတွင်းအခမ်းအနားတွေပါ ပါဝင်တဲ့အတွက် လူတန်းစားအမျိုးမျိုးရဲ့ ဝတ်ပုံစားပုံနဲ့ အသုံးအဆောင်ပစ္စည်းတွေ.. အတီးအမှုတ်တူရိယာတွေ.. သွားလာလှုပ်ရှားပုံဓလေ့တွေကိုပါမြင်ခွင့်ရတယ်..
ရှေးမြန်မာပန်းချီမှာ အဓိကအားဖြင့် အခြေခံပန်းချီ ၄ မျိုးရှိတယ်.. ကနုတ်၊ နရီ၊ ကပီ၊ ဂဇာ တဲ့.. ကနုတ်ဆိုတာ သကဋဘာသာ “ကောကနဒ” ကနေဖြစ်လာတာ.. ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်သဏ္ဍာန်တွေကို ဆိုလိုတယ်.. အဲဒိကြာ အခွေ အငုံ အဖူး အလိပ် အရိုး အပွင့် အသီး အရွက် အပွင့် ဝတ်ဆံ ..စတာတွေကို ကော့ခွေလိမ်ကောက် အချီအချ အတက်အဆင်းတွေနဲ့ အဆန်းတကြယ်ထုဆစ်တယ်.. ပုံဖော်ရေးဆွဲတယ်.. ခြူးပန်းခြူးနွယ်တွေပေါ့လေ.. ကနုတ်ပန်းလက်ရာတွေကို ပန်းချီမှာသာမကဘဲ ကျောက်ဆစ်ပန်းတမော့၊ ပန်းတော့ တွေမှာလည်းသုံးတယ်.. ဒီတော့ ကနုတ်ပန်းအတတ်ဆိုတာ ခြူးပန်းခြူးနွယ်တွေရေးတာမျိုးတင် မဟုတ်ဘဲ အချွန်အတက် အသွယ်အပြောင်း အတွန့်အလိမ်သဘောသက်ရောက်တဲ့ ဘယ်အရာဝတ္တကိုမဆိုရေးဆွဲတယ်လို့ ယူဆရမှာပေါ့..
နရီဆိုတာကတော့ အမျိုးသမီးဆိုတဲ့သဘောပဲ.. မြန်မာပန်းချီမှာ မင်းသား မင်းသမီးစတဲ့ လူရုပ်တွေအပြင် နတ်ဗြဟ္မာရုပ်တွေ ဆင်းတုတွေ ရုပ်ထုတွေ.. အဲဒါတွေကို အချိုးအဆက်ပြေပြေ ပြစ်ပြစ်ရေးဆွဲတာကို နရီလို့ခေါ်တာပါပဲ..
ကပီရဲ့အဓိပ္ပါယ်ကတော့ မျောက်ရုပ်ရေးနည်းပါ.. မျောက် ဘီလူး ဟင်္သာ ခြင်္သေ့ နဂါး ကိန္နရီကိန္နရာ အစရှိတဲ့ မြန်မာဒဏ္ဍာရီလာအရုပ်တွေရေးတာမျိုး.. အဲဒိအကောင်တွေကို ကနုတ်တွေနဲ့ လှလှပပ တန်ဆာဆင်ရေးကြလေ့ရှိတယ်.. သွက်လက်မြူးထူးစွာ လှုပ်ရှားတဲ့ တိရိစ္ဆာန်တွေ.. ငှက်တွေ.. ကခုန်တတ်တဲ့သတ္တဝါတွေ စသဖြင့် အမြူးအကြွ အခုန်အက သဘောရှိတဲ့ဟာတွေကို ရေးဆွဲတာကို ကပီလို့ သတ်မှတ်တာပါပဲ..
ဆင်လို ကြီးမားတဲ့ကိုယ်ထည်ရှိတဲ့ တိရိစ္ဆာန်ရေးတာမျိုးကို ဂဇာလို့ သတ်မှတ်ပါတယ်.. ထုထည်ကြီးမား မြင့်မောက်သော အရာဝတ္တုတွေ.. တည်ငြိမ်မှုသဘောပါဝင်တဲ့အရာတွေကို ရေးတာကိုလည်း ဂဇာလို့ခေါ်တယ်.. ထည်ဝါတည်ငြိမ်မှုသဘောသက်ရောက်စေတဲ့ ရေးဆွဲခြင်းတွေဟာ ဂဇာပါပဲ..
ဒီတော့ မြန်မာ့ပန်းချီဟာ အနောက်တိုင်းပန်းချီလို အနီးအဝေးတွေ ထုထည်သဘောတွေ အရောင်သဘောတွေမပါဘဲ ကောက်ကြောင်းရေးဆေးခြယ်ပဲဆိုပေမယ့် ပါဝင်တဲ့ အရာဝတ္တုတွေရဲ့ သဘောသရုပ်ကိုတော့ ပေါ်လွင်စေအောင်ရေးဆွဲနိုင်ခဲ့ပါတယ်.. အရာဝတ္တုတိုင်းရဲ့ သဘာဝသရုပ်ကို အခြေခံအားဖြင့် ၄ မျိုးခွဲပြီး တသီးတခြားသတ်မှတ်ခဲ့တယ်.. ပြောရမယ်ဆိုရင် ပကတိအသွင်အပြင်ကို တူညီအောင်ကူးရေးတာမျိုးမဟုတ်ဘဲ အကော့အလိမ်တွေ ပိုမိုပျောင်းနွဲ့တဲ့ဟန်တွေနဲ့ အသေးစိတ်ခြယ်မှုန်းတဲ့ ရေးဟန်ဖြစ်တယ်လို့ ကောက်ချက်ချလို့ရပါတယ်..
ဒီမှာ ကျန်ရှိနေသေးတဲ့ ဟင်္သာ ဂဠုန်နဲ့ ကိန္နရီ ကိန္နရာ.. Scan တော့သိပ်မကောင်းလှပေမယ့် အားလုံးအတွက်ပါ.. ပျော်ပါစေ Peace !!
ဟင်္သာဖို မ ပုံ
ဂဠုန်
ကိန္နရီ ကိန္နရာ




