Nov 212012
 

ညတုန်းက ကောင်းကင်ကိုမော့ကြည့်တော့
မီးမီးမြင်တယ်..
မှိတ်တုတ်မှိတ်တုတ်နဲ့
ခူးပေးပါ မေမေ..

၃ ခု တန်းတန်းလေးဖြစ်နေတာလိုချင်တယ်
မီးမီး ခေါင်းမှာ ကလစ်ကလေးလို ပန်ဖို့..

ကောက်ကောက်ကွေးကွေး
၇ ကလေးလိုဖြစ်နေတာလိုချင်တယ်
မီးမီး ကျောပိုးအိတ်မှာ ချိတ်ထားဖို့..

ဟိုးမြောက်ဘက်ထောင့်က
အလင်းဆုံး အကြီးဆုံးကြီးလည်း လိုချင်တယ်
မီးမီး အိတ်ကပ်ထဲ ထည့်သိမ်းထားဖို့..

မီးမီးဆီကို ပြေးပြေးဆင်းလာ
ခုန်ချတတ်တဲ့ ဟာလေးတွေလည်း
ပြန်ကောက်ပေးပါဦး ..
မှုန်မှုန်မွှားမွှား သေးသေးလေးတွေလည်း
မချန်ပါနဲ့ မေမေ..

ကိုကို နဲ့ ညီမလေးက တောင်းရင် နည်းနည်းခွဲပေးဖို့..

Nang Nyi
21st Nov, 2012

Nov 052012
 

အလွတ်သဘောဆောင်တဲ့ အခန်းလေးထဲမှာ

နင် ဖြည့်ထားခဲ့တဲ့ ရယ်သံအချို့နဲ့အတူ

နေ့တွေ ညတွေထဲ

အခန်းလေးက

ပါးချိုင့်ကလေးကို စောင့်နေသတဲ့..

 

ကွန်ပျူတာရှေ့မှာရှိတဲ့ မျက်ဝန်းတွေကနေ

ကျတဲ့မျက်ရည်များ

ပူပြင်းလောင်မြိုက်နေတဲ့ ဘယ်ဘက်ရင်ကိုစီးကျတော့

အလွမ်းနဲ့တွေ့

အခိုးငွေ့တွေအဖြစ်နဲ့ ပေါ့ပါးပျံတက်သွားစေ..

ကြယ်ကလေးတွေအဖြစ် တောက်ပလို့

နင့်ရဲ့ ကောင်းကင်မှာ လင်းဖို့ပေါ့..

 

မျက်စိမှတ်ထားပြီး လက်ကိုကမ်းပါကွယ်ဆိုတဲ့ သီချင်းသံတိုးတိုး

ငါ့ဖုန်းလေးက မဆိုညီးတာကြာပြီ..

အသံမကြားရတော့ အရိပ်တွေကို လွမ်းတယ်..

 

သစ်ပင်တွေရဲ့ အရိပ်တွေ အရပ်ဘယ်လောက်ရှည်မှ

နင်ပြန်လာမလဲ..

ငါစောင့်နေပါတယ်..

 

 

နန်းညီ 

၎.နိုဝင်ဘာ.၂၀၁၂

Jun 022012
 

http://thepowerofease.files.wordpress.com/2011/10/2011-02-23-10-54-01-9-the-animated-film-pinocchio-has-won-two-acad2.jpegအမှန်တရားကို နားခါးတတ်တဲ့ အရပ်မို့
ငါ့ နှာခေါင်းလည်း
တဖြည်းဖြည်း ရှည်ထွက်လာနေပြီ သူငယ်ချင်း..

စိတ်ထင်တိုင်း လုပ်ခွင့်မရတဲ့ အချိန်တိုင်း
ခြေရောလက်ပါ ကြိုးဆွဲထားတဲ့
မင်းလိုဘဝကို မုန်းမိတယ်..

အပေးအယူဆိုတာ ရှိစမြဲပဲ
လူဖြစ်ဖို့ဆို
အဇာတသတ်ထုံးလည်း နှလုံးမူရမယ်ထင်ရဲ့..

Mar 232012
 

အဲ့ဒီခွေးဟာ

အမြီးလေးတနှန့်နှန့်နဲ့
သခင့်အတွက် သတင်းစာကို သယ်လာတယ်..

အဲ့ဒီခွေးဟာ
အမြီးလေးတနှန့်နှန့်နဲ့
သခင်လက်ဖျောက်တီးခေါ်တဲ့အခါ ပျော်ရှာတယ်..

အဲ့ဒီခွေးဟာ
အမြီးလေးတနှန့်နှန့်နဲ့
သခင်လမ်းလျှောက်ထွက်ရင်ခေါ်မလားလို့ မျှော်ရှာတယ်..

အဲ့ဒီခွေးဟာ
အမြီးလေးတနှန့်နှန့်နဲ့
သခင်စိတ်ဆိုးပြေတဲ့အခါ ချောင်ကထွက်တယ်..

အဲ့ဒီခွေးဟာ
အမြီးလေးတနှန့်နှန့်နဲ့
သခင်စိတ်ကြည်သာအောင် ခေါင်းတိုးဝှေ့တယ်..

အဲ့ဒီခွေးဟာ
ရွှင်မြူးပြတယ်..
ချွဲနွဲ့ပြတယ်..
အလိုဖြည့်တယ်..
ပျော်မြူးထူးတယ်..
တိတ်တိတ်ငိုတယ်..

အမြီးလေးတနှန့်နှန့်နဲ့ ..

Nov 302011
 

ဦးပုညတေးထပ်တွေ စိတ်ကူးချိုချိုက ပြန်ထုတ်တဲ့ စာအုပ် ရထားတာ စိတ်ကူးပေါက်သလို ပြန်ရိုက်တင်ပေးနေတာလေးတွေပါ.. သိမ်းချင်သူတွေ ကိုးကားချင်သူတွေအတွက်..
တေးထပ်များ ၁ ကို ဒီမှာ ဖတ်လို့ရပါတယ်.. ဒါက ၂ ပေါ့.. ၄ ပုဒ်တင်ပေးထားပါတယ်..

Continue reading »

Oct 112011
 

စာလုံးတစ်လုံးရဲ့ နေ့နံကို
ရှေ့ဆုံးစကားအရသာ တွက်ချက်တယ် မှန်ပါရင်
“အချစ်” ဟာ
တနင်္ဂနွေနံ ဖြစ်ပါတယ် ကိုကို..

ဒါကြောင့်

ကိုကို့အပြုံးကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ရယ်မောသံတွေဟာ
တနင်္ဂနွေနံဖြစ်ပါတယ်..
ကိုကို ပျောက်ဆုံးသွားတဲ့ နာရီလေးဟာ
တနင်္ဂနွေနံဖြစ်ပါတယ်..
နာမည်ကြီးတံဆိပ်ပါရှိတဲ့ ဘောင်းဘီဟာ
တနင်္ဂနွေနံဖြစ်ပါတယ်..
ထမင်းပန်းကန်ထဲကို ထည့်ပေးတတ်တဲ့ ဟင်းတွေဟာ
တနင်္ဂနွေနံဖြစ်ပါတယ်..
လျစ်လျူရှုအေးစက်ခြင်းကြောင့် ကျတတ်တဲ့မျက်ရည်တွေဟာ
တနင်္ဂနွေနံဖြစ်ပါတယ်..
အားမလို အားမရ ထိုးတဲ့မျက်စောင်းတွေဟာ
တနင်္ဂနွေနံဖြစ်ပါတယ်..
စူစူပုတ်ပုတ် ချွဲနွဲ့ဂျစ်တိုက်တတ်ခြင်းဟာ
တနင်္ဂနွေနံဖြစ်ပါတယ်..

ကျမရဲ့ တနင်္ဂနွေပေါင်းများစွာကို
ပေးမျှဝေလိုတဲ့ တစ်ယောက်တည်းသော
ကိုကိုဟာလည်း
ကျမရဲ့ တနင်္ဂနွေဖြစ်ပါတယ်..

Sep 052011
 

 

မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာနေ။
ကြာဖြူတစ်ပွင့် နီတစ်ပွင့်
တဲနှင့်ပနံတင့်။ ။

ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာပါ.. တိုတိုရှင်းရှင်းလေးပေမယ့် ထိမိတယ်..
ကျယ်ပြန့်လွင့်မျောတဲ့ကောင်းကင်.. သန့်ရှင်းတဲ့ လတ်ဆတ်တဲ့ မိုးအနံ့.. စိမ်းစိမ်းစိုစိုနဲ့ အဆုံးအစမရှိ ကျယ်ပြန့်တဲ့ စပါးခင်းတွေ.. ကောင်းကင်ကတိမ်တွေ အရောင်ပြန်ဟပ်နေတဲ့ လယ်ကွင်းထဲကရေ.. သေးသေးကွေးကွေး ချစ်စရာ လယ်စောင့်တဲလေး.. သဘာဝကျကျ လှလှပပ ပွင့်နေတဲ့ ကြာပန်းတွေ.. မိုးလာမှ ပျော်ရတဲ့ တောသဘာဝ..

စာလုံး ၃၆ လုံးထဲနဲ့ ဖော်ပြသွားတာတွေက အများကြီးပါ.. အသက် ၈ နှစ်လောက်ကတည်းက ဖတ်ပြီး  အဲ့ဒိမြင်ကွင်းတွေ အဲဒိအနံ့တွေကို ရလာတတ်တယ်.. ခုထိလည်း အဲဒိခံစားမှုကိုပေးတုန်းပဲမို့ အကြိုက်ဆုံးဖြစ်နေတုန်းပဲ..

 

 

illustrated and photo by NangNyi