နန်းညီသည် ငယ်ငယ်က အူကြောင်ကြောင်နှင့် အင်မတန်ပေကပ်ကပ်နိုင်သော ကလေးမဖြစ်၏.. ကြီးလာတော့ကျတော့ ခေါင်းကြောမာတယ်.. ကိုယ်ပိုင်အယူအဆရှိတယ်လို့ လူကြီးတွေက ပြောင်းသုံးကြသည်.. ငယ်ငယ်ကတော့ ပေကပ်ကပ် ဂျစ်တစ်တစ်လို့ သတ်မှတ်ကြခြင်းပေါ့လေ.. ထားပါတော့.. ထိုအကျင့်ဆိုးကြီးကြောင့်ပဲ သင်္ချာစာမေးပွဲလည်းကျဖူး၏.. ကျောင်းမှာလည်း မကြာခဏ ဒဏ်ပေးခံရတတ်၏.. အိမ်တွင်လည်း မကြာခဏ ဆော်ပလော်တီးခံရတတ်၏.. အမျိုးအဆွေများကြားတွင်လည်း လူကြီးများ၏ မြင်ပြင်းကပ်ခြင်းကို ခံရလေသည်.. ၃ တန်းတွင်လား ၄ တန်းတွင်လားတော့ မသိ. ဂျီသြမေတြီသင်္ချာတော့ သင်နေရပြီ.. ပထမအစမ်းစာမေးပွဲဖြေသောအခါ သင်္ချာတွေကိုအကုန်လည်းရ.. သေချာလည်း ကျေကျေညက်ညက် လေ့ကျင့်တွက်ချက်ထားပါလျက်နဲ့ အမှတ်ထွက်လာတော့ ၁၀၀ မှာ ၅၀ ကျော်လေးသာ ရသည်.. ဆရာမကလည်း မိဘခေါ်တွေ့သည်.. နန်းညီသည် သင်သမျှဘာသာရပ်တွေထဲတွင် သင်္ချာကို အတော်ဆုံး စိတ်လည်းအဝင်စားဆုံးဖြစ်သည်.. ဘယ်လိုဖြစ်သနည်း.. ဘာတွေဖြစ်ကုန်သနည်း.. အိမ်ကလူတွေ မျက်လုံးမျက်ဆန်ပြူးကာ ဆရာမဆီသွားကြ၏.. ထိုအခါမှ သိသည်.. ဟုတ်ကဲ့.. ဒီလိုဖြစ်ခဲ့ပါသည်..
ခုတော့ ဒေါ့နက်ကို ဘလော့စပေါ့မှာ ချိတ်ယူပြီး ပြန်ရေးဖို့ စိတ်ကူးမိနေတော့ အရှိန်ပြန်ယူတဲ့အနေနဲ့ အရင်လိုပဲ တွေ့သမျှ မြင်သမျှလေးတွေ.. စိတ်ထဲရှိရာလေးတွေ ကောက်ရေးနေတယ်.. လောလောဆယ်အတွက်တော့
မမသက်ဝေ ဖဘမှာ တင်ထားတဲ့ tag game လေးတစ်ခု သဘောကျလို့ ချရေးလိုက်မယ်..
Daily Likes တဲ့.. မဖြစ်သေးပေမယ့် ခု လက်ရှိဖြစ်နေတာ မဟုတ်ပေမယ့် .. နှစ်သက်ခဲ့တာလေးတွေလည်း ထည့်လို့ရမယ်ထင်တာပဲလေ.. ဖြစ်ချင်မိတာလေးတွေလည်း ထည့်ချင်တာပဲလေ.. ကဲကဲ.. ထည့်တယ်ကွာ.. အကုန်..
) မနက်မိုးလင်းတာနဲ့ ချစ်သူက ပါးကိုခပ်ဖွဖွနမ်းပြီးနှိုးတာကို ကြိုက်တယ် (တခါတလေ ကြုံရတတ်တဲ့အရာ)
) အေးစက်စက် ခါးသက်သက် ကော်ဖီကို သွားမတိုက်ခင် သောက်ရတာ ကြိုက်တယ် (အမြဲလုပ်လေ့ရှိ)
) မနက်စာ ပြင်ဆင်ချိန်မှာ ပွထနေတဲ့ မီးဖိုချောင် မဖြစ်နေမှ ကြိုက်တယ် (ဖြစ်ခဲ လုပ်ခဲ)
) ကိုယ့်စိတ်ကူးတည့်ရာ အဝတ်အစားကို ဝတ်ချင်တဲ့အချိန် ဝတ်လိုက်ရတာ ကြိုက်တယ် (ဘယ်သူတားတားမရတဲ့ကိစ္စ)
) အစားအသောက် ဂျီးများရတာ ကြိုက်တယ် (ဇီဇာကြောင်တာနဲ့ မတူ)
) သူများကို မခံချိမခံသာဖြစ်အောင် စနောက်ရတာကြိုက်တယ် (ခနခန ရန်ဖြစ်ရတတ်တယ်)
) သူများအသားကို နာကျင်အောင် ကိုက်ရတာကြိုက်တယ် (ကိုယ့်ကိုပြန်ကိုက်ရင် မကြိုက်)
) အသီးအရွက်တွေချည်းပဲ စားရမှာ ကြိုက်တယ် (အသားလည်း စားတော့စားတယ်)
) ကွန်ပျူတာတစ်လုံးနဲ့ ထိုင်ပြီး တစ်ခုခု လုပ်နေရတာကို ကြိုက်တယ် (အင်တာနက်ရရင်ပိုကောင်းတယ်)
) သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ရယ်မောနေရတာကိုကြိုက်တယ် (မကြာခဏလုပ်လေ့ရှိတာ)
) Jelly သိပ်ကြိုက်တယ် (ဘယ်တော့ကျွေးကျွေး မငြင်း)
) တစ်ယောက်ယောက်ကို ချစ်နေရတာကို ကြိုက်တယ် (ပင်ပန်းပေမယ့်)
) ဒေါက်ဖိနပ်စီးရတာ ကြိုက်တယ် (မစီးတော့ မစီးဖြစ်ပါဘူး)
) ပိုက်ဆံများများလက်ထဲရှိရင် ကြိုက်တယ် (သုံးလို့ မြန်မြန်ကုန်သွားရင်တော့ မကြိုက်ဘူး)
) သူတပါးတွေအတွက် ပျော်ရွှင်နှစ်သိမ့်ပေးနိုင်တဲ့လူ ဖြစ်ရတာ ကြိုက်တယ် (ဖြစ်အောင်လည်းနေထိုင်လျက်ရှိ)
) ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ အောင်အောင်မြင်မြင် ညာလိုက်နိုင်ရင် ကြိုက်တယ် (ညာပြီးရင်လည်း မေ့သွားတတ်)
) စာအုပ်ကောင်းကောင်းတစ်အုပ်ကို ဇိမ်နဲ့ ဖတ် / ရုပ်ရှင်ကားကောင်းတစ်ခုကို အေးဆေးကြည့် / စိတ်ပါဝင်စားစွာ အနှောင့်ယှက်ကင်းကင်း စာတစ်ခုခုရေးနေ (ကြိုက်)
) မိသားစုနဲ့ စကားပြော (ကြိုက်)
) စိတ်လွတ်ကိုယ်လွတ် ခရီးတွေသွား / ဓာတ်ပုံရိုက် (ကြိုက်)
) ချစ်သူကိုလက်တွဲပြီး မြို့ထဲလျှောက်လည် (ကြိုက်)
) ဘဝကို အရှိတိုင်း လက်ခံပြီး ပျော်ရွှင်ကျေနပ်နေ (သိပ်ကြိုက်)
များကြီးပါပဲလား.. ရေးနေရင်းကို ထပ်ထပ်ထွက်လာသေးတယ်.. ဒါပေမယ့် လောလောဆယ် ဒါလောက်ပဲ ထားတော့မယ်
နန်းညီရယ်.. အယ်ရှားရယ်.. အိဖူးရယ်.. သစ်လွင်ရယ်.. ၄ ယောက်သား အင်္ဂလိပ်စာ သင်တန်းတစ်ခုကနေ ပြန်လာကြတာပေါ့.. သင်တန်းက ၆ နာရီခွဲလောက်မှာဆင်းပေမယ့် အဆင်းမှာ ဘာညာပွား.. ဟိုဒီသွား လုပ်နေတာနဲ့.. ဘတ်စ်ကားပေါ်ကို ၇ နာရီထိုးခါနီးလောက်မှ ရောက်သွားပါတယ်.. အဲ့သင်တန်းက နန်းညီတို့ အိမ်နဲ့သိပ်မဝေးလှဘူး.. စက်ဘီးနဲ့နင်းတောင် ရောက်တယ်.. ဒါပေမယ့် ကားစီးရင်ကျတော့ ၃ ဆင့်တောင် ပြောင်းပြောင်းစီးရတယ်.. အသွားဆိုရင် ၄ ယောက်တူတူ ဘတ်စ်နဲ့ပဲသွားပေမယ့် အပြန်ဆိုရင် ကားပြောင်းရတဲ့ ဒုတိယအဆင့်နေရာမှာ နန်းညီရဲ့ အစ်ကို.. အဖေ.. အမေ..တစ်ယောက်ယောက်က ကားနဲ့လာကြိုပေးပါတယ်..
အဲဒိနေ့ကလည်း မိုးကရွာ.. ထီးက ၂ ချောင်းပဲပါပြီး.. ဒုတိယမြောက်ကားပေါ်ကဆင်းလိုက်ချိန်မှာပဲ လူတွေက အတော်လေး ရွှဲစိုနေခဲ့ပြီ.. အဲဒိနေ့က လာကြိုတာက နန်းညီတို့ ကိုကြီးပါ.. ဂျစ်ကားနဲ့.. ဖြစ်ချင်တော့ ကားက ပျက်နေတယ်တဲ့.. ဂျစ်ကားရှေ့ခန်းလေးမှာ မိုးတွေကပက်လို့ သူထိုင်နေတယ်.. အိမ်ကနေ ဒီလိုပဲထွက်လာ ခဲ့တာမို့ ပိုက်ဆံလည်းမပါဘူး.. နန်းညီတို့ဆီကနေ ပိုက်ဆံတောင်းတယ်.. နန်းညီတို့ကလည်း ချမ်းသာပုံများ.. ၄ ယောက်ပေါင်းမှ ၁၀၀၀ ကျော်ကျော်လေးလား ကျန်တော့တယ်.. အဲဒါလေးနဲ့ပဲ ဆီချူဖို့ ဆီလိုက်ရှာ ၀ယ်ကြပါ တော့တယ်.. ကိုကြီးနဲ့ ကိုသစ်က ဆီပုံးလေးကိုင် ထီးလေးဆောင်းပြီး ထွက်သွားကြတော့ နန်းညီတို့ ၃ ယောက်က ကားနောက်ခန်းလေးထဲဝင်ထိုင် ကျန်ခဲ့တယ်.. ကားက လမ်းမကြီးဘေးမှာ ရပ်ထားတော့ ဘေးက ကားတွေ ဖြတ်တိုင်း လျှံနေတဲ့ရေတွေက တဗွမ်းဗွမ်းနဲ့ လာလာ စဉ်ပါတယ်.. ဂျစ်ကားဆိုတော့ မလုံမခြုံနဲ့လေ.. နန်းညီတို့မှာ ချမ်းကချမ်း.. ၇ နာရီကျော်ဆိုတော့ ဗိုက်ကဆာ.. မုန့်စားဖို့ ပိုက်ဆံကလည်းမရှိ.. အဲ့တုန်းက အိမ်ကို ဖုန်းပြန်ဆက်လို့လည်းမရ.. မှတ်မိသလောက် အဲ့နေ့က အိမ်မှာ လူကြီးတွေကခရီးသွားတာလားဘာလား.. နန်းညီတို့ မောင်နှမတွေချည်းပဲ ကျန်ခဲ့တာပါ..
ဆီသွားရှာတဲ့ ၂ ယောက်အဖြစ်ကလည်း ဆိုးချက်ကရင်နင့်စရာ.. လမ်းအဝေးကြီးလျှောက်ပြီးမှ ဟိုးဘက် ကားလမ်း ခပ်ဝေးဝေးမှာ ပုံးလေးကိုင်ထားတဲ့ ကုလားတစ်ယောက်တွေ့ပါသတဲ့.. အဲဒါနဲ့အားရ၀မ်းသာ လှမ်းခေါ်တော့ အဲ့လူကလည်း လာသတဲ့.. သူတို့ကလည်း အဲ့လူနားလျှောက်သွားတာပေါ့.. နောက် မျက်နှာချင်း ဆိုင်တွေ့တော့မှ ဆိုင်မှာဆီမရှိတော့လို့ သိမ်းပြီးပြန်တဲ့လူဖြစ်နေပါသတဲ့.. မိုးကလည်း တအားရွာနေတော့ ဆီကိုပြန်မယူပေးပါဘူး.. အဲဒါနဲ့ တခြားနေရာတွေထပ်သွား ရှာမှ ရပြီးပြန်လာပါတယ်.. သူတို့ပြန်လာချိန် နန်းညီတို့ ၃ ယောက်က အတော်လေး ချမ်းနေပြီ.. အဲ့တုန်းကတော့ ချမ်းပေမယ့် ပေါက်ကရတွေ လျှောက်ပြော လျှောက်စနေပြီး.. နည်းနည်းပျော်နေပါသေး..
နောက်တော့ ကားကိုကလိ .. ဆီချူ.. တွန်းနိုး.. မိုးရွာကြီးထဲ ကားတွန်းနေကြရင်း. ဇော်ပိုင်ရဲ့မြို့အ၀င်ည ဗီစီဒီကိုပြေးမြင်ပြီး စနေကြသေးတယ်.. ဘယ်လိုလုပ်လုပ် နန်းညီတို့ဂျစ်စုတ်လေးက နိုးမလာဘူး.. ရွှေစိတ်တော်က ကြီးပါတယ်.. အဲဒါနဲ့ နောက်ဆုံး.. ကားကို ထားခဲ့ဖို့ကြံရပါတယ်.. အဲ့အချိန်ဆို ၈ နာရီတောင် ခွဲနေလောက်ပါပြီ.. အမှန်တော့ အဲ့ထက်ကောင်းတဲ့နည်းလမ်းတွေလည်း ရှိမှာပါ.. ၂ ယောက်လောက် အရင်ပြန်သွားတာဖြစ်ဖြစ်.. ဒါပေမယ့် အဲ့ဒိတုန်းကတော့ မစဉ်းစားမိပါဘူး.. ပိုက်ဆံမရှိတာလည်းပါတယ်.. ဟိ.. ကားကိုထားခဲ့မယ်ဆိုပြန်တော့လည်း ဒီတိုင်းထားခဲ့လို့မရ.. ဂျစ်ဆိုတော့ ပိတ်စရာကာစရာလည်း ရှိတာ မဟုတ်တော့ စိတ်မချရဘူးလေ.. အဲဒါနဲ့ အဲ့နားက ရုံးဝင်းတစ်ခုထဲဝင် အကူအညီတောင်းရပါတယ်.. ကားထားခဲ့ပါရစေပေါ့နော်.. မနက်မှ ၀ပ်ရှော့သမားနဲ့လာပြန်ယူပါ့မယ် ဘာညာပေါ့..
သူတို့ကလည်းခွင့်ပြုလို့တော်သေးတယ်.. ကြည်ကြည်သာသာပါပဲ.. ပိုပြီးကံကောင်းတာက အဲ့က လူတစ်စုက နန်းညီတို့အိမ်ဘက်ကို သွားမှာတဲ့.. လမ်းကြုံတယ်ပေါ့.. တောင်းအေ့စ် အမိုးဖွင့်ကားနဲ့.. လိုက်ခဲ့လို့ ရတယ်ဆိုတာနဲ့ ပျော်သွားကြသပေါ့.. လိုက်မယ်.. ရတယ်.. မိုးရွာထဲလည်းမထူးဘူး.. စိုနေပြီဆိုပြီး… သို့ပေသိပေါ့ဗျာ.. ကံကဆိုးချင်ရင် ဆက်တိုက်မဟုတ်လား.. အဲ့လူတွေက အရက်သောက်နေကြတာပါ.. ပြီးအောင်စောင့်ပါ.. ခဏလေးပါ.. ဘာညာနဲ့ဆိုတော့ လူတွေက မိုးကစို.. ချမ်းကချမ်း.. ဗိုက်ကလည်းဆာဆိုတော့ .. တခြားလှုပ်ရှားရမှာ မလုပ်ချင်ပဲ အပျင်းကြီးပြီး သူတို့ကိုပဲ ပေကပ်စောင့်နေလိုက်ကြပါတယ်.. ၅ ယောက်သား.. ရုံးကင်းတဲလေးမှာ စုထိုင်လို့.. မိုးကစိုစိုကို ဆေးပေါ့လိပ်လေး တလှည့်စီဖွာလို့.. ခြင်ကကိုက်.. လက်က ပဲကြီးရေ တွေတွန့်လို့.. ဟိုလူတွေကို လှမ်းကြည့်လိုက်.. မြန်မြန်စားတာမဟုတ်ဘူး ဆဲလိုက်.. ကားစုတ်ကို ကျိန်ဆဲလိုက်.. ပေါက်ကရတွေလျှောက်ပြောလိုက် ရယ်လိုက်နဲ့ပဲ.. အဲဒိနေ့က အိမ်ကို ၉ နာရီကျော်မှ ပြန်ရောက်သွားပါတယ်.. တောင်းအေ့စ်လေးနဲ့သွားရတဲ့ လမ်းတစ်လျှောက်လည်း လေကတိုးလို့ ချမ်းလိုက်တာပြောမနေပါနဲ့..
ခုပြန်တွေးတော့လည်း အဲ့ဒိထက်အဆင်ပြေတဲ့ နည်းလမ်းတွေ အများကြီးပေါ်လာပါတယ်.. အဲ့ဒိတုန်းကတော့ မိုးရေထဲမှာ ကားတွန်းရတာကပဲ ပျော်စရာတစ်ခုလိုဖြစ်နေတာ.. ဒုက္ခရောက်နေရင်းနဲ့ကို ရယ်နေကြတာ အတောမသတ်ပါပဲ.. အဲဒိနောက်ပိုင်းတော့.. “မြို့အ၀င်ည” ရိုက်ကြမလားမေးတာက နန်းညီတို့ ၅ ယောက်ရဲ့ အထာစကားလေးဖြစ်သွားတော့တယ်လေ..
စာတွေရေးနေတယ်ဆိုတဲ့ ကိုbee tag ထားတာလေးပါ.. ကိုbee ရေ.. ဆင်ပြေပါတယ်ဟုတ်? .. နန်းညီအလှည့်ပြီးတော့ ကိုသူ.. မမေရာ.. လင်း.. အိဖူး တို့.. လုပ်ကြဦးလေ..
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ကြာဖြူတစ်ပွင့် နီတစ်ပွင့်
တဲနှင့်ပနံတင့်။ ။
ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာပါ.. တိုတိုရှင်းရှင်းလေးပေမယ့် ထိမိတယ်..
ကျယ်ပြန့်လွင့်မျောတဲ့ကောင်းကင်.. သန့်ရှင်းတဲ့ လတ်ဆတ်တဲ့ မိုးအနံ့.. စိမ်းစိမ်းစိုစိုနဲ့ အဆုံးအစမရှိ ကျယ်ပြန့်တဲ့ စပါးခင်းတွေ.. ကောင်းကင်ကတိမ်တွေ အရောင်ပြန်ဟပ်နေတဲ့ လယ်ကွင်းထဲကရေ.. သေးသေးကွေးကွေး ချစ်စရာ လယ်စောင့်တဲလေး.. သဘာဝကျကျ လှလှပပ ပွင့်နေတဲ့ ကြာပန်းတွေ.. မိုးလာမှ ပျော်ရတဲ့ တောသဘာဝ..
စာလုံး ၃၆ လုံးထဲနဲ့ ဖော်ပြသွားတာတွေက အများကြီးပါ.. အသက် ၈ နှစ်လောက်ကတည်းက ဖတ်ပြီး အဲ့ဒိမြင်ကွင်းတွေ အဲဒိအနံ့တွေကို ရလာတတ်တယ်.. ခုထိလည်း အဲဒိခံစားမှုကိုပေးတုန်းပဲမို့ အကြိုက်ဆုံးအဖြစ်ရွေးလိုက်ပါတယ် ကိုဂျဲရေ .. …
ဘာရေးရမလဲ.. အိဖူးရေ..
ဘာ.. ရေးချင်တာရေး ဟုတ်လား.. အေးလေ.. စိတ်ကူးယဉ်ပါတယ်ဆိုမှတော့ ဖြစ်ချင်တာတွေ လျှောက်ရေးရုံပေါ့နော့.. Yes, Right .. ဒါပေမယ့် နန်းညီကပြောပြီဆိုမှတော့ ခေါင်ခေါင်.. မတုနဲ့.. ကိုအိပ်မက်ရှင် တို့ကလည်း ပြောရမယ်နော်.. အိုကေ ဒါဖြင့်လည်း စိတ်ကူးမဟာတွေကို မကွယ်မ၀ှက်ပြောတော့မယ်..
ဆက်လက်ရှုစားကြပါကုန်.. .. ….
ပင်းတယမြို့က သိပ်ချစ်စရာကောင်းတယ်.. လှပပြီး အေးဆေးတယ်.. နောက်ခံသမိုင်းကြောင်းလေးကလည်း ချစ်စရာ.. အဲဒိမြို့မှာ နေမယ်.. တောင်ကုန်းတစ်ခုလုံးကို ပိုင်မယ်.. လက်ဘက်ပင်တွေကို လှေခါးထစ်နည်းနဲ့ စိုက်ထားမယ်.. အဲဒီအခင်းရဲ့ဟိုးထိပ်မှာမှ အိမ်ကိုဆောက်ထားမယ်.. အိမ်ဆောက်တဲ့အခါ တစ်ခုထဲမဟုတ်ပဲ အိပ်ခန်းကတစ်ဆောင် ဧည့်ခန်းကတစ်ဆောင် မီးဖို ထမင်းစားခန်းကတစ်ဆောင်.. အဆောင်တွေနဲ့ဆောက်မယ်.. တစ်ခုနဲ့တစ်ခုကြားက သစ်ပင်တွေ.. တရုတ်အိမ်တွေလိုလည်းမဟုတ်ပြန်ဘူး.. အိမ်ကပဲ ဥယျာဉ်.. ဥယျာဉ်ထဲမှာပဲ အိမ်ဖြစ်ရမယ်.. အိပ်ခန်းကနေ ဆီးကြည့်လိုက်ရင် ဟိုဘက်မှာ ရှမ်းရိုးမတောင်တန်း.. ဒီဘက်က လက်ဘက်ခင်းတွေနဲ့ တောင်ခြေက ပုန်းတလုတ်ရေကန်..
မိုးလင်းရင် အိပ်ခန်းတံခါးကိုဖွင့် လေအေးအေးကိုရှူပြီး တစ်နေ့တာကို စမယ်.. ချစ်သူ (ယောက်ျားလည်းဖြစ်ချင်ဖြစ်မှာပေါ့လေ) က ယူလာပေးတဲ့ကော်ဖီကိုသောက် .. ၀ရံတာလေးကိုထွက်လို့ နံနက်စာ တူတူစားကြမယ်.. ချစ်သူနဲ့မျက်နှာချင်းဆိုင်ပြီး လေနုနုအေးအေးကြားမှာ.. စိုက်ခင်းစိမ်းစိမ်းတွေပေါ်မှာ.. နေရောင်ခြည်နွေးနွေးထဲမှာ..
နံနက်စာစားပြီးတော့ ရေမိုးချိုးပြီး စိုက်ခင်းတွေကိစ္စ စီမံဖို့ သူက အခင်းထဲဆင်းသွားတဲ့အခါ.. စတူဒီယိုထဲဝင် ပန်းချီဆွဲမယ်..
ဒါမှမဟုတ် မကြာခင်က ခရီးသွားတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြင်ဆင်မှုတွေလုပ်.. ဒါမှမဟုတ် အမှောင်ခန်းထဲဝင် ဓာတ်ပုံကူး..
ဒါမှမဟုတ် စာရေးရင်ရေး…
ဒါမှမဟုတ် ပန်းချီဆွဲဖို့ ဈာန်သွင်းတဲ့အနေနဲ့ သီချင်းဖွင့်ထားပြီး ဘာမှမလုပ်ဘဲ ထိုင်နားထောင်နေ..
ဒါမှမဟုတ် အင်တာနက်ဝင် ဘလော့လျှောက်လည်..
ဒါမှမဟုတ် အသိမိတ်ဆွေ .. ဆွေမျိုးသားချင်းတွေနဲ့ ဖုန်းပြော..
ဒါမှမဟုတ် စာအုပ်စင်တွေအပြည့်နဲ့ စာကြည့်ခန်းထဲဝင် စာအုပ်တွေဖတ်..
တစ်ခုခုပေါ့လေ..
နေ့လည် သူ ထမင်းစားပြန်လာတဲ့အခါ.. နေ့လည်စာတူတူစား.. ပြီးတော့ သူက တစ်ရေးတမောအိပ်.. ညနေစောင်းတော့ နှစ်ယောက်သား အခင်းထဲဖြစ်ဖြစ်.. အောက်ကိုဆင်းပြီး ပုန်းတလုတ်ကန်ပတ်လည်ဖြစ်ဖြစ် လမ်းလျှောက်ထွက်ကြမယ်.. ပြီးမှ ညစာကို မြို့ထဲတစ်နေရာရာမှာစား.. ပြီးရင် အိမ်ကိုလမ်းလျှောက်ပြန်.. ညချမ်းအချိန်တွေဆိုသူက နေ့လည်ကဆွဲထားတဲ့ ပန်းချီကားတွေ ဓာတ်ပုံတွေကို ကြည့်ပြီး ဝေဖန်ချက်ကပေးတတ်သေးတာ..
တစ်ချို့နေ့တွေမှာတော့ တောင်ကြီးဖြစ်ဖြစ်တက်ပြီး ဈေးဝယ်ရင်လည်းဝယ်.. အင်းထဲလည်.. ချစ်သူနဲ့တူတူသွားဖြစ်ရင်တော့ ကော်ဖီဆိုင်လေးဘာလေးထိုင်.. ဘ၀က ရိုးရိုးလေးနဲ့ ငြိမ်းချမ်းနေမယ်..
မကြာခဏလည်း ခရီးထွက်ဖြစ်မယ်.. သူက သွားရလာရတာ ၀ါသနာပါသလို.. ကိုယ်ကလည်း ဓာတ်ပုံတွေရိုက်ချင်သေးတာမဟုတ်လား.. ဖျတ်ကနဲ ဖျတ်ကနဲ သူ့ပုံကိုလှမ်းရိုက်ယူတတ်လို့ ပင်တိုင်မော်ဒယ်လ်တောင် ဖြစ်မှန်းမသိဖြစ်နေပြီ.. အိမ်မှာနေရင်းလည်း မြင်ရာတွေ့ရာတွေ ရိုက်တတ်လွန်းလို့ ကင်မရာကိုင်လာရင် သူကကြောက်နေပြီ..
အားလပ်ရက်တွေဆို လာလည်တဲ့သူငယ်ချင်းတွေနဲ့ ဥယျာဉ်ကြီးထဲမှာ ပျော်ပွဲစားထွက်.. အကင်လုပ်စား.. အသီးဝိုင်လေးတွေသောက်လို့.. တစ်ခါတလေ မောင်နှမသားချင်းတွေ လာလည်ပြန်တော့လည်း သူတို့ သား သမီးလေးတွေက ခြံထဲမှာ မျောက်ရှုံးအောင် ဆော့ကြဦးမှာ..
ပန်းချီပြပွဲတွေဘာတွေရှိလို့ ရန်ကုန်လာဖြစ်ရင်လည်း ရုပ်ရှင်ကြည့် အမျိုးတွေ သူငယ်ချင်းတွေဆီလည်.. ရန်ကုန်တရုတ်တန်းကိုလျှောက်.. လိုအပ်တာတွေဝယ်.. မြို့ပြရဲ့ ရှုပ်ရှုပ်ထွေးထွေးအလှကို ခံစားရမယ်..
အဲလိုနဲ့ ချစ်သူနဲ့အတူနေ.. ပန်းချီဆွဲလိုက် ဓာတ်ပုံရိုက်လိုက်.. ပြပွဲတွေလုပ်လိုက်.. ဘလော့ရေးလိုက်.. စာအုပ်ဖတ်လိုက်.. ခရီးတွေထွက်လိုက်.. သူငယ်ချင်းတွေနဲ့ပျော်လိုက်နဲ့ပဲ ဘ၀က ငြိမ်းချမ်းနေပါတော့တယ်.. .. …
ပြောရမယ်ဆိုရင် .. .. မကောင်းတဲ့အချက်အားလုံးက ကျွန်မကိုယ် ကျွန်မချစ်တာအပေါ်မှာ အခြေခံပါတယ်..
ကျွန်မက အတ္တသိပ်ကြီးတယ်..
ကျွန်မကိုယ် ကျွန်မ သိပ်ချစ်တယ်.. တကိုယ်ကောင်းဆန်တယ်.. ဘာမဆို ကျွန်မ မနာရအောင် တွေးတတ်တယ်.. သူများတွေအတွက် လုပ်ပေးကိုင်ပေးတာမျိုးရှိပေမယ့် ကျွန်မနစ်နာမယ့် ကိစ္စမျိုးဘယ်တော့မှ မလုပ်ပါ.. ကျွန်မကိုယ်ကျွန်မ အလွန်သနားတတ်ပါတယ်..
ကျွန်မက လူတွေကို မယုံဘူး..
လူတွေကို အလွယ်တကူ ချစ်တတ်ပါတယ်.. ဒါပေမယ့် ယုံဖို့ကြတော့ ခက်တယ်.. ကိုယ်ချစ်တဲ့သူတစ်ယောက်က ပြောင်းလဲသွားလည်း အစကတည်းက မယုံကြည်ထားတော့ ကျွန်မသိပ်မခံစားရဘူးပေါ့..
လူတစ်ယောက်ကို ယုံယုံကြည်ကြည်ချစ်လိုက်ရင် သူပြောင်းလဲသွားတဲ့အခါ ကျွန်မခံစားရမယ့် ဝေဒနာကို ကြောက်ပါတယ်.. အဲ့ ဝေဒနာကို ခံစားရမယ့် ကျွန်မကိုယ်ကျွန်မ သနားပါတယ်.. ဒါကြောင့် ဘယ်သူ့ကိုမှ တကယ် ၁၀၀% ယုံကြည်ပြီး မချစ်ဖူးပါ..
ကျွန်မက ဟန်ဆောင်တတ်တယ်..
ကျွန်မ ဟန်ဆောင်သိပ်ကောင်းပါတယ်.. ကျွန်မခံစားနေရတာတွေ.. ကျွန်မမှာ ဖြစ်နေတာတွေကို မဖြစ်သလို မဟုတ်သလို ဟန်ဆောင်တတ်တယ်.. ကျွန်မမှာ မရှိတဲ့ခံစားချက်တွေကို တကယ်ရှိနေသလို ဟန်ဆောင်တတ်တယ်.. အကျိုးဆက်အနေနဲ့ ဟန်ဆောင်နေတဲ့သူတွေကို ကျွန်မအလွယ်တကူ သိတတ်တယ်..
ကျွန်မက လိမ်တတ်တယ်..
ကျွန်မ လိမ်တာသိပ်တော်တယ်.. လုပ်ရပ်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်မ အမှန်အတိုင်းပြောတတ်တယ်.. လိမ်ညာမှုနဲ့တော့ ကျွန်မ ဘာတစ်ခုကိုမှ အရမယူတတ်ပါ.. ဒါပေမယ့် ခံစားချက်တွေကိုလိမ်တယ်.. ရင်းနှီးသူတွေကိုလည်း တစ်ခါတရံလိမ်တယ်.. မရင်းနှီးသူတွေကိုလည်း အလွယ်တကူလိမ်တယ်.. ဘယ်လောက်များလည်းဆို တစ်ခါတလေမှာ ကိုယ့်ကိုကိုယ်တောင် ငါလိမ်နေတာလား တကယ်လားလို့ မသိတော့တဲ့အထိပဲ..
ကျွန်မက မနာလိုတတ်ဘူး..
ပစ္စည်းတွေနဲ့ ပက်သက်ရင် မနာလိုတာနည်းပေမယ့်.. ကျွန်မလိုချင်ပေမယ့် မရနိုင်တဲ့ အခွင့်အရေး.. ကျွန်မလိုချင်ပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တဲ့ဘ၀ .. အဲဒါတွေကို မနာလိုဘူး.. ကျွန်မသေသွားတဲ့နောက် အသက်ရှင်ကျန်နေခဲ့မယ့် သူတွေကို မနာလိုဘူး… ကျွန်မမကြိုက်တာတွေကို စီမံနိုင်စွမ်းရှိတဲ့ ကံကြမ္မာဆိုတာကို ကျွန်မ မနာလိုပါ..
ကျွန်မက မချစ်တတ်ဘူး..
မသိတဲ့သူတွေက ကျွန်မ အချစ်ကြီးတယ်ထင်ကြတယ်.. တကယ်က ကျွန်မကိုယ်ကျွန်မကလွဲပြီး သူများကို မချစ်တတ်ဘူး.. သူများကိုချစ်တယ်ဆိုရင်လည်း အဲဒါ အကြောင်းရှိလို့.. သူ့ကိုချစ်နေရတာကို ကျွန်မကျေနပ်နေလို့ သူ့ကိုချစ်ရတာ ကျွန်မ ပျော်နေလို့.. ကျွန်မကိုယ် ကျွန်မ စိတ်ချမ်းသာအောင်ထားတဲ့အနေနဲ့ ချစ်တာ..
ကျွန်မက စိတ်အပြောင်းအလဲမြန်တယ်..
ကြောက်စရာကောင်းလောက်အောင်ကို အပြောင်းအလဲမြန်ပါတယ်.. အထူးသဖြင့် လူတွေနဲ့ပတ်သက်ရင်ပေါ့… ကျွန်မ အကြိုက်ဆုံးအစားအစာ.. အကြိုက်ဆုံးအရောင်ကပြောင်းလဲဖို့ခက်ပေမယ့် ကျွန်မအနှစ်သက်ဆုံး လူကတော့ စက္ကန့်ပိုင်းအတွင်းမှာကိုပဲ ပြောင်းသွားနိုင်ပါတယ်..
အဲဒါနဲ့ပတ်သက်ပြီး ကျွန်မပြန်ရတဲ့ စကားကတော့ “သစ္စာမရှိဘူး” ဆိုတာပါပဲ..
ကျွန်မက လူတွေကိုအထင်သေးတတ်တယ်..
လူတွေကို ကျွန်မ မချစ်ဘူး.. လူတစ်ယောက်ကို အလွယ်တကူ အထင်သေးတတ်တယ်.. အလွယ်တကူလည်း အထင်ကြီးတတ်တယ်.. ကံကောင်းစွာနဲ့ပဲ ကျွန်မအထင်သေးတဲ့သူတွေက တကယ်ကိုပဲ ကျွန်မထက် ညံ့တဲ့သူတွေဖြစ်နေတတ်ပြီး ကျွန်မအထင်ကြီးတဲ့သူတွေကလည်း အရည်အချင်းရှိတဲ့သူတွေ ဖြစ်နေတတ်တယ်..
ကျွန်မက ဂရုမစိုက်တတ်ဘူး..
သူများတွေပြောတာကို ကျွန်မ ဂရုမစိုက်တတ်ဘူး.. တစ်ခါတလေ စေတနာစကားတွေကို လျစ်လျူရှုတယ်.. သတိပေးစကားတွေကို မထီမဲ့မြင်ပြုတတ်တယ်.. ကျွန်မကိုယ် ကျွန်မပဲ ယုံတဲ့အတွက် ကျွန်မစိတ်ထဲရှိတဲ့ အတိုင်းတွေပဲ လုပ်တတ်တယ်..
ကျွန်မက ပိုက်ဆံမက်တယ်..
ပိုက်ဆံဟာ ဘ၀လုံခြုံမှုတွေထဲက အချက်တစ်ချက်ဆိုတာ ကျွန်မအပြည့်အ၀ ယုံကြည်ပါတယ်.. သက်မဲ့တွေထဲမှာ ကျွန်မအချစ်ဆုံးက ပိုက်ဆံပဲ..
ကျွန်မရဲ့ အကျင့်ဆိုးတွေပါ.. တကယ့်ကိုပဲ ၁၀ ချက်ကွက်တိပဲ စဉ်းစားလို့ရတယ်.. ကျန်တာတွေက အဲ့ဒိ ၁၀ ချက်ကနေ ခွဲထွက်လာတဲ့.. ဆင့်ပွားတွေပဲ.. အဲ့ဒီအကျင့်တွေ မကောင်းဘူး .. ကျွန်မသိပါတယ်.. ဒါပေမယ့် အဲဒိအကျင့်တွေရှိလို့ဆိုပြီး ကျွန်မကိုယ်ကျွန်မတော့ မမုန်းဖူးပါ.. ကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်တဲ့.. ကိုယ့်ကိုကိုယ် မသိတဲ့ သူတွေကိုတော့ ကျွန်မမုန်းပါတယ်..
ကျွန်မကိုယ်ကျွန်မကတော့ ချစ်ခင်ဆဲ နှစ်သက်ဆဲ တန်ဖိုးထားဆဲပါပဲ..
The Lion King ဆိုတဲ့ ကာတွန်းကားကို ကြည့်ဖူးကြသလား.. အတော်များများကတော့ ကြည့်ဖူးတယ်ထင်တယ်နော်.. နန်းညီက ကာတွန်းကား သိပ်ကြိုက်တာ.. ငယ်ငယ်ကတော့ Tom & Jerry တို့ဘာတို့ပေါ့.. နောက် ကြီးလာတော့ ထွက်သမျှ ကာတွန်းကားတွေ ကြည့်လိုက်.. ၀ယ်သိမ်းလိုက်နဲ့.. အရမ်းကိုရူးတာ.. ကာတွန်းကားကို ကြည့်ပြီဆိုရင် ဇာတ်လမ်းနဲ့ အရုပ်တင်မကဘူး.. နောက်ခံပန်းချီ.. လှုပ်ရှားမှုတွေ.. အရောင်သုံးတာတွေ.. character ခွဲတာတွေက အစ.. အသေးစိတ်ကြည့်တာ..(နောက်ဆုံးနှစ် ကျောင်းဆင်းတော့တောင် ဘွဲ့ယူစာတမ်းခေါင်းစဉ်က 2D ကာတွန်းကားများ၏ နောက်ခံပန်းချီ အကြောင်းလေ့လာချက်လေ) ..အခွေတစ်ခွေအသစ်ရပြီဆိုရင် ၃ ခါတော့ အနည်းဆုံး ဆက်တိုက်ကြည့်တယ်.. အဲဒါမှ စိတ်ထဲမှာ ကျေနပ်တယ်.. အသစ်မရှိလည်း အဟောင်းတွေ ထပ်ခါထပ်ခါပြန်ကြည့်တာပါပဲ.. ခုလည်း အခွေဟောင်းတွေ ပြန်မွှေနှောက်ကြည့်ရင်း Lion King ကို ပြန်ကြည့်မိ ရင်းနဲ့ အတွေးတစ်ခုပေါ်လာလို့လေ..Lion King ဇာတ်လမ်းကိုမသိသေးသူတွေအတွက် အကျဉ်းလေး ပြောပြပေးမယ်နော်.. ဒီလိုလေ.. မူဖာဆာဆိုတဲ့ ခြင်္သေ့ဘုရင်ကြီးရှိတယ်.. သူ့မှာခြင်္သေ့သားလေး တစ်ကောင်ရှိတာက ဆင်းဘားတဲ့.. မူဖာဆာက သိပ်တော်တဲ့ တောဘုရင်ကြီးပေါ့.. တိရိစ္ဆာန်တွေ အားလုံးက လေးစားတယ် ချစ်တယ်.. သူ့ရဲ့ညီ စကားနဲ့ ခွေးအတွေကလွဲလို့လေ.. အဲလိုနဲ့ကွာ စကားက ခွေးအတွေနဲ့ပေါင်း အကွက်ဆင်ပြီး မူဖာဆာကို လုပ်ကြံလိုက်တယ်.. ဆင်းဘားကိုလည်း ဒီတောထဲက နှင်ထုတ်လိုက်တယ်.. ဆင်းဘားလေးလည်း ခွေးအတွေလက်ထဲကနေ ပြေးရင်းတခြားတောအုပ်တစ်ခုကို ရောက်သွားပြီး အဲဒိမှာ တောဝက် ပွန်းဘားနဲ့ ပွေး တီမိုးတို့က သူ့ကိုကယ်ထားလိုက်တယ်.. နောက် သူကြီးလာတယ်.. သူက သူ့အဖေသေရတာ သူ့ပယောဂ မကင်းဘူးလို့ စိတ်စွဲနေသူဆိုတော့ သူ့မူလတောအုပ်လည်း ပြန်ဖို့ မကြိုးစား တော့ဘဲနဲ့ ကြုံသလိုပဲပျော်နေတာပေါ့.. နောက်မှ သူ့ငယ်ချစ် ခြင်္သေ့မလေး နာလာနဲ့တွေ့.. အကျိုးအကြောင်းသိ.. သူတို့တောအုပ်က ပညာရှိပရောဟိတ် မျောက်ကြီးရဲ့ လမ်းညွှန်မှုတွေကြောင့် သေသွားတဲ့ သူ့အဖေစကားတွေကို ပြန်သတိရပြီး အမြင်မှန်ရသွားတယ်.. သူ့မူလတောအုပ်ကိုပြန်.. ပွန်းဘား.. တီမိုး.. နာလာ.. သူ့အမေနဲ့ တခြားခြင်္သေ့မတွေ အကူအညီနဲ့ စကားကို ပြန်တိုက်ခိုက်ပြီး သူက နန်းပြန်ရသွားတယ်ပေါ့..
ပထမ ၁ ချက်ကတော့ .. အဲ့ဒိကားထဲမှာ ပါတဲ့ ချစ်မေတ္တာအမျိုးအစားတွေပဲ.. မူဖာဆာက သူ့သားကို ချစ်တဲ့ အချစ်.. သားက အဖေကိုချစ်တဲ့ အချစ်.. ပွန်းဘား တီမိုးနဲ့ ဆင်းဘားတို့ကြားက သူငယ်ချင်းအချစ်.. ဆင်းဘားနဲ့ နာလာရဲ့ ချစ်သူတွေချစ်တဲ့အချစ်.. ဆင်းဘားရဲ့အမေ ဆာရာဘီးက သူ့မျိုးနွယ်စုအပေါ် ချစ်တဲ့အချစ်.. ပွန်းဘားနဲ့ တီမိုးရဲ့ သဘာဝကိုချစ်တဲ့အချစ်.. ပညာရှိမျောက်ကြီးက တိုင်းပြည်ခေါင်းဆောင်ကို ချစ်တဲ့အချစ်.. အားပါးပါး.. ကြည့်ရတာ တကယ်ကြည်နူးစရာပဲ.. တိရိစ္ဆာန်တွေကို ဆွဲထားပေမယ့် လူနဲ့ အနီးစပ်ဆုံး ခံစားမိစေနိုင်တယ်.. အဲဒိချစ်မေတ္တာတွေက အသေးစိတ်ကြည့်လေလေ ပိုမြင်သာလာပြီး ခံစားရ လေလေပဲ..
နောက်တစ်ချက်ကတော့.. တီမိုးတို့ရဲ့ လက်စွဲဆောင်ပုဒ် Hakuna Matata ဆိုတာပဲ.. No Worries လို့ အဓိပ္ပါယ်ရတယ်တဲ့.. သီချင်းစာသားက ဒီလို .. “Hakuna Matata.. It means No Worries … For the rest of the days.. It’s our problem free pholosopy.. “ အဲလို အဲလို.. သူက ဘယ်တော့မဆို ဘယ်လိုမဆို အပူအပင်မထားဘူးဆိုတဲ့ ဖလော်ပဲ.. နန်းညီ စိတ်ဓာတ်ကျတိုင်း.. အဲဒါကို ရွတ်တယ်.. အခန်းထဲမှာလည်း အဲဒါတွေရေးပြီးကပ်ထားသေးတယ်.. Gtalk status မှာလည်း မကြာခဏတင်တယ်.. (ပြောရရင် ဟိုနေ့က စိတ်ညစ်နေတာ မနေ့က အဲ့ကားပြန်ကြည့်ပြီးမှ ပြန်ကောင်းသွားတယ်.. အဲ့လောက်အထိကို ကာတွန်းကားက နန်းညီအပေါ်မှာ လွှမ်းမိုးပါတယ်)
နောက်ဆုံးတစ်ခုကတော့.. နန်းညီရဲ့ specialize subject.. နောက်ခံပန်းချီပဲ.. Lion King မှာ နောက်ခံပန်းချီတွေ သိပ်ကောင်းတယ်.. ဇာတ်လမ်းဇာတ်ကွက်နဲ့ ဇာတ်ရှိန်နဲ့လိုက်တယ်.. ဇာတ်ကောင်တွေရဲ့ character .. ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေနဲ့ လိုက်တယ်.. ဇာတ်လမ်းကို အများကြီး ပံ့ပိုးပေးသွားတယ်.. အရောင်သုံးထားတာတွေက အပိုအလိုမရှိ ကွက်တိပဲ.. အင်းလေ သူတို့တွေကတော့ ကာတွန်းတစ်ကားကို artist ပေါင်း ၇၀၀ ကျော်နဲ့ တခြား ပညာရှင်တွေ ရာချီပြီး နိုင်နိုင်နင်းနင်းရေးကြတာကိုး.. မြန်မာ ကာတွန်းရုပ်ရှင်တွေလည်း ဘယ်တော့များမှ ဒီလိုဖြစ်လာမှာပါလိမ့်..
Lion King က ၁.. ၂ .. ၃ ရှိတယ်.. ၂ ကိုတော့ သိပ်မကြိုက်လှဘူး.. ၃ ကတော့ အတော်လေးကောင်းပြန်ရော.. မကြည့်ရသေးရင် ကြည့်ကြဦးနော်.. ဒါထက်.. အန်ဒီ .. မတု .. ကိုဂျဲ .. ကိုဗီ .. ကိုဂါဒင်နာ .. ကိုတောကျောင်း နဲ့ ဇွဲဇွဲလေးအမေ တို့ရော ကာတွန်းကားကြိုက်ကြသလား.. အကြိုက်ဆုံး ကာတွန်းကားရှိရင် ပြောကြပါဦး.. ဒီပို့စ်ကိုရေးနေရင်းနဲ့ တွေးမိတယ်.. တခြားဘယ်သူတွေများ ကာတွန်းကားကြိုက်ကြသေးလဲ မသိဘူးလို့.. တခြားသူတွေရဲ့ ကာတွန်းရုပ်ရှင်အပေါ်ထားတဲ့ အမြင်လေးတွေသိချင်လာလို့.. tag မထားတဲ့သူတွေလည်း စိတ်ပါရင် ၀င်မန့်သွားနိုင်တယ်နော်.. ကဲ – .. ဆက်ပြောကြပါဦး ..