ပုဂံနည်းပညာဟောပြောပွဲနေ့မနက်ခင်း အစောကြီးထပြီး မီးငြိမ်းကုန်းကိုသွား.. နေအထွက် ဓာတ်ပုံစောင့်ရိုက်ကြပြန်တယ်.. ဒီနေ့တော့ မနက်နိုးတာ စောလို့ မှီတယ်.. နေလုံးကြီးက တက်လာတာသိပ်မြန်တာပဲ.. ကောင်းကင်မှာ ပန်းဆီတွေ ခရမ်းတွေ ဖြာလဲ့ပြီးတော့ နေဝန်းကြီး တရိပ်ရိပ်တက်လာတာကို ထိုင်ကြည့်.. အား- အရသာရှိတယ်ဗျ.. ဘုရားကနေ ဆင်းတော့ Tharabar 3 လို့ နာမည်ပေးထားတဲ့ ထနောင်းပင်ခြေအောက်လေးက ထမင်းဆိုင်လေးမှာ မနက်စာစားကြတယ်.. ပုဂံရောက်ပြီး အဲ့ဆိုင်မှာမှ မစားလိုက်ရရင်တော့ စိတ်ကောက်ပြီး ပြန်မှာပဲလို့ ကိုယ်က တေးထားတာ.. သွားဖြစ်အောင် သွားပေးတဲ့အတွက်လည်း ကျေးဇူးတင်သွားတယ်..
ပြန်ရောက်တော့ မထိုက်ညီမလေး ခွေးကိုက်ခံရလို့ ဆေးခန်းသွားပြနေတယ်လို့ သတင်းပေးကြတယ်.. မထိုက်တို့ လိုက်သွားလေရဲ့.. ဘာမှတော့ အရမ်းမဖြစ်လိုက်ဘူး.. ဒါပေမယ့် ခွေးကိုက်ခံရတယ်ဆိုတာလည်း ကောင်းတာတော့မဟုတ်ဘူးပေါ့လေ.. နောက်တော့ ကိုယ်
အိပ်ပျော်သွားသေးတယ်.. ဟောပြောပွဲကို ၁၀ နာရီ စဖို့ ကြေငြာထားတာ.. ဟောပြောမယ့် နယူးယောက်ခန်းမကို ကိုယ်ရောက်သွားတော့ ၁၀ နာရီတောင်ကျော်နေပြီ.. ခန်းမထဲမှာ လူတွေ တော်တော်များတယ်.. ၇၀ နီးပါးလောက်ရှိမလားမသိဘူး.. ကျော်ချင်ကျော်ဖို့ပဲ.. မလျော့ဘူး.. အဲကွန်းမရှိဘဲ ပန်ကာနဲ့ပဲ ဆိုတော့ တော်တော်လေးပူတယ်.. ပရော်ဂျက်တာတွေ လက်ပ်တော့တွေဆိုတာ ပူခြစ်နေတာပဲ.. အဲ့ဒါတွေရဲ့အပူက အခန်းထဲမှာ ပြန်ပူစေတာလည်း ဖြစ်ကောင်းဖြစ်မယ်.. သံသရာလည်တာပဲပေါ့.. ပတ်ဝန်းကျင်ပူလို့ သူတို့ပူတယ်.. သူတို့အပူက ပတ်ဝန်းကျင်ကိုပါ ပြန်ဟပ်တယ်..
