Random of Nang Nyi

ခံစား နားလည် တီထွင်
ကျနော်ကတော့ ပန်းချီကို နားမလည်ပါဘူး.. ကျမကတော့ ပန်းချီကို မခံစားတတ်ဘူး.. စသဖြင့် ပြောတဲ့ စကားသံတွေကို ကြားရတဲ့အခါ တော်တော်လေး ဘဝင်မကျဖြစ်မိတယ်.. မခံစားတတ်ဘူးဆိုတဲ့ သူတို့ကို မဟုတ်ပါဘူး.. ခံစားတတ်အောင် ဓာတ်ခံလေး မွေးမြူမပေးလိုက်တဲ့ ကိုယ်တို့ရဲ့ ပညာရေးစနစ်ကြီးကိုပဲ ဆိုပါတော့..

တကယ်တော့ လူသားတိုင်းဟာ မွေးဖွားလာချိန်မှာ အနုပညာဓာတ်ခံ ပါလာပြီးသားပါ.. ဒါကို သိပ္ပံနည်းကျ လေ့လာထားသူတွေကလည်း ထောက်ခံကြတယ်.. ကလေးတွေ ငယ်တုန်းက ပန်းချီဆွဲကြတယ်.. ကလေးတိုင်း နည်းပါးပဲ.. ပန်းချီဟာ အရောင်တွေ အရုပ်တွေကို အခြေခံတာမို့ ကလေးတွေ စကားမတတ်ခင် စာမတတ်ခင်ကတည်းက သူတို့ပြောလိုရာ ဖော်ပြလိုရာကို ပန်းချီအခြေခံအနေနဲ့ ဖော်ပြတတ်ကြပါတယ်.. ကိုယ်တို့ ပတ်ဝန်းကျင်မှာလည်း မကြာခဏကြားဖူးနေတာပဲ “ငယ်ငယ်တုန်းကတော့ ဆွဲတယ်.. နောက်မှ ဘာမှန်းကိုမသိတော့တာပါ” ဆိုတာမျိုးတွေ.. တကယ်တော့ ကလေးတွေမှာ နဂိုပါလာတဲ့ ပန်းချီဗီဇကို လူကြီးမိဘနဲ့ ပတ်ဝန်းကျင်က ပျောက်ကွယ်ပြောင်းလဲသွားအောင် လုပ်လိုက်တာပါပဲ..

(ကလေးများနှစ် အထိမ်းအမှတ် တံဆိပ်ခေါင်း၊ Snorri Petersen ဆိုတဲ့ ၈ နှစ်သားကလေးဆွဲသည်)

ကိုယ်တို့ ကျောင်းတက်တုန်းက ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းမှာ ပန်းချီဆိုတဲ့အချိန်ပါတယ်.. ကိုယ်က နဂိုနေ ပန်းချီဝါသနာပါသူလည်းဖြစ် ကိုယ့်အသိုင်းအဝိုင်းကလည်း ပန်းချီကို မြေတောင်မြှောက်ပေးတတ်ကြသူမို့

<wbr>လို့ အဲ့ဒါကို ပျော်ခဲ့တာပေါ့.. ဒါပေမယ့် ပန်းချီဆိုတဲ့အချိန်မှာ အတန်းထဲမှာ တစ်ခါမှလည်း ပန်းချီမဆွဲရပါဘူး.. မပြီးသေးတဲ့ သင်္ချာတွေ တွက်ခိုင်းတယ်.. မှတ်စုပေးလို့ မပြီးသေးတဲ့ သိပ္ပံမှတ်စုတွေ လိုက်ကူးရတယ်.. တစ်ခါတလေ အတန်းသန့်ရှင်းရေးလုပ်ရတယ်.. တစ်ခါတလေ စာကျက်ပြီး revision လုပ်တဲ့အခါလုပ်ရတယ်.. ဘယ်မှာလဲ ကလေးတွေအတွက်  အနုပညာမျိုးစေ့..တိုင်းပြည်တပြည် နိုင်ငံတနိုင်ငံကို ထူထောင်တဲ့အခါမှာ ကာယအားနဲ့ တိုက်ယူတဲ့ သူရဲကောင်းတွေ လိုအပ်တာ မှန်ပေမယ့် အဲ့ဒီ့တိုင်းပြည် ရေရှည်တည်တံ့ခိုင်မြဲအောင် ဥာဏအားနဲ့ ထိန်းသိမ်းပေးမယ့် ဥပဒေသမားတွေ အတွေးအခေါ်သမားတွေလည်း လိုအပ်ပါတယ်.. အဲ့ဒီလိုပါပဲ.. တိုင်းပြည်ရဲ့ ယဉ်ကျေးမှုတွေ ထုံးစံဓလေ့တွေ တိုးတက်တည်မြဲအောင် လုပ်ဆောင်မယ့် အနုပညာရှင်တွေကိုလည်း လိုအပ်တာအမှန်ပဲ.. တရုတ်ပြည်ကြီး နှစ်ပေါင်းရှည်ကြာ ခိုင်မြဲနေပြီး သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့တွေ ရိုးရာတွေဟာ ခုဆို ကမ္ဘာအနှံ့မှာ လွှမ်းမိုးခံနေရပါပြီ.. ဟိုး အရင်ခေတ်တွေကထဲက ဂရိနဲ့ ရောမကို ကြည့်ရင် ရောမဟာ စစ်ရေး တိုက်ခိုက်ရေးမှာ သူမတူအောင် သာလွန်တဲ့ တိုင်းပြည်လူမျိုးပါ.. ဂရိကိုတိုက်ခိုက်ပြီး အောင်နိုင်တော့ ဂရိက တွေးခေါ်ပညာရှင်တွေ အနုပညာရှင်တွေ လက်မှုပညာရှင်တွေကို သတ်မပစ်ဘဲ သူတို့ဆီကနေ ပြန်ပြီး ပညာတွေသင်ယူပါတယ်.. ပြောရရင် တိုင်းပြည်ကို သိမ်းယူပြီး ဂရိယဉ်ကျေးမှုနဲ့ အနုပညာတွေကိုပါ မွေးယူလိုက်တာမျိုးပါပဲ..

အနောက်တိုင်းက အခြေခံပညာကျောင်းတွေမှာ အနုပညာကို ရသကို သီးသန့်ဘာသာရပ်အနေနဲ့ သင်ကြားပါတယ်.. ကလေးတွေ ငယ်ငယ်ကတည်းက ကမ္ဘာကျော်ပန်းချီကားတွေကို လေ့လာရတယ်.. အရောင်တွေ အရိပ်တွေ နိမိတ်ပုံသဘောတရားတွေကို လေ့လာရတယ်.. ဘဲလေးကတာတို့ သီချင်းဆိုရတာတို့လည်းရှိတော့ သိပ်ကောင်းတဲ့စနစ်ပဲလို့ ကိုယ်ကတော့ အားရမိပါရဲ့.. မွေးကတည်းကပါလာတဲ့ အနုပညာချစ်စိတ်ကို ပျောက်မသွားအောင် ဆက်ရှင်သန်လာအောင် စနစ်တကျ သင်ကြားပေးလိုက်တာဟာ သိပ်ကောင်းတဲ့ပညာရေးပါ.. ဒီကလေးတွေကြီးလာတဲ့အခါ ပန်းချီကို အနုပညာကို ဆက်ပြီးမလေ့လာမသင်ကြားဘူးဆိုရင်<wbr>တောင် သူ့စိတ်အခြေခံမှာ ပန်းချီသဘောတရားတွေကို နားလည်နေပြီ.. ပညာရှင်တစ်ယောက်လို ထဲထဲဝင်ဝင်မသိဘူးဆိုတာတောင် ပန်းချီကားကြည့်တာလောက်တော့ သူကြည့်တတ်နေပါပြီ..</wbr>

ပန်းချီကားကြည့်တာ ဓာတ်ပုံကြည့်တာဟာ ရသပါ.. ရသ သဘောတရားကို နားလည်တဲ့လူဟာ တီထွင်ဖန်တီးမှုမှာလည်း အားကောင်းလာပါတယ်.. ရသ သဘောတရားကို သိတဲ့လူဟာ ရုပ်ရှင်ကြည့်ရင်တောင် ပညာသားပါပါ ကြည့်တတ်လာပါတယ်.. ရုပ်ရှင်ကို ဓာတ်ပုံကို ပန်းချီကားကို ဆန်းစစ်ဝေဖန်တတ်လာပါတယ်.. အခြေခံကျကျ ဆန်းစစ်တတ်လာတာနဲ့အမျှ ကိုယ်တိုင်ဖန်တီးတဲ့အခါမှာလည်း အသစ်အသစ်တွေ.. ပိုကောင်းတာတွေကို ဖန်တီးတတ်လာပါတယ်.. သီအိုရီပိုင်ပြီးသားလူတစ်ယောက်က အဲ့ဒီ့အပေါ်မှာ ထပ်ကွန့်ပြီး ဘယ်လိုပဲ ဆန်းသစ်တီထွင်ပါစေ အခြေခံကိုမလွတ်သွားဘဲ လက်ခံနိုင်စရာ အသစ်အဆန်းတွေ ပေါ်လာတဲ့သဘောမျိုးပဲပေါ့..

ပီကာဆိုကို ကြားဖူးကြမယ်ထင်ပါတယ်.. ပန်းချီဝါဒ အသစ်တစ်ခုကို အောင်မြင်စွာတီထွင်ရေးဆွဲနိုင်<wbr>ခဲ့တဲ့ ကမ္ဘာကျော် ပန်းချီဆရာပါ.. သူရေးတဲ့ cubism ဆိုတဲ့ပန်းချီကို ကလေးပန်းချီလို့ အရူးပန်းချီလို့ အဲ့ဒီခေတ် အဲ့ဒီအခါတုန်းက ဝိုင်းဝန်းရှုံ့ချခဲ့ကြပါပေမယ့် သူဟာ ပြီးစလွယ်ရေးခဲ့တာမျိုးမဟုတ်ပါ<wbr>ဘူး.. အခြေခံကို ပိုင်ပိုင်နိုင်နိုင်ရထားပြီး ပန်းချီသဘောတရားတွေကို ကျေကျေညက်ညက်ရှိနေမှသာ အသစ်တီထွင်မှုကို ကူးပြောင်းခဲ့တာပါ.. ပြောချင်တာက  အခြေခံသဘောတရားဟာ လူတိုင်းမှာရှိသင့်တယ်ဆိုတာပါ..</wbr></wbr>

(ပီကာဆိုရဲ့ နာမည်ကြီး ငြိမ်းချမ်းရေးသင်္ကေတ လိုဂို)

ခုခေတ်မှာ ပန်းချီသဘော ဒီဇိုင်းသဘောဟာ ဘယ်နေရာမှာမှ မလွတ်ကင်းတော့ပါဘူး.. သာမန်နေ့စဉ်သုံးပစ္စည်းတွေက စပြီး.. ဖက်ရှင်တွေ အဝတ်အစားတွေအလည်.. တိုက်တာအဆောက်အဦတွေအဆုံး.. ပန်းချီအမြင် ဒီဇိုင်းသဘောတွေကို ထည့်သွင်းစဉ်းစားလာကြပါပြီ.. ဒါက ပိုတိုးတက်တဲ့ ပိုခေတ်မီတဲ့ ပိုအဆင့်တန်းမြင့်တဲ့ လူ့ဘောင်လောကကို ဦးတည်လာတယ်ဆိုတာ ပြောစရာတောင် လိုတော့မယ်မထင်ပါဘူး.. ဒါပေမယ့် မြန်မာပြည်မှာတော့ ဒါတွေဟာ တကယ် တန်ဖိုးထားခံရရဲ့လား..

နိုင်ငံတကာမှာ ဆန်းသစ်တဲ့ အနုပညာဝါဒတွေ သဘောတရားတွေ အများကြီး အများကြီးထွက်ပေါ်လာချိန်မှာ မြန်မာ့ အနုပညာလောကမှာ အခြေခံမပိုင်တဲ့ အခြေခံမရှိတဲ့ ယောင်ဝါးဝါးကိစ္စတွေ ဖြစ်နေတုန်းပါပဲ.. တခြားနေရာတွေကို ထားပြီး ပန်းချီ ဒီဇိုင်းလောက ကိုပဲ ကြည့်လိုက်ရင်တောင် အားရစရာမရှိပါဘူး.. ပန်းချီဝါဒတွေမှာ နိုင်ငံတကာနဲ့ မယှဉ်နိုင်.. ကမ္ဘာကိုထိုးဖောက်နိုင်တဲ့ မြန်မာ့ပန်းချီဆရာဆိုတာ ရှားပါးလွန်းပါတယ်.. ဒီဇိုင်းလောကမှာဆိုလည်း ဒီဇိုင်နာက ကိုယ့်ပညာအမြင်နဲ့ တင်ပြတဲ့အနုပညာတွေဟာ ဒီဇိုင်းသဘောဘာမှ နားမလည်တဲ့ ငွေရှင်တွေရဲ့ ဝင်စွက်ဖက်တာတွေကို ခံနေရတာပါပဲ.. ဒါဟာ လူတွေရဲ့ အခြေခံစိတ်မှာကိုက အနုပညာကို ရှေ့တန်းမတင်တတ်တဲ့ သဘောတွေ ပါနေလို့ပါ.. ဒီဇိုင်နာရဲ့ အမြင်ကို လေးစားရမယ်ဆိုတဲ့ အသိ သူတို့မှာ မရှိလို့ပါ.. ငယ်စဉ်ကတည်းက အနုပညာကို ချစ်မြတ်နိုးစိတ် တန်ဖိုးထားစိတ်ကို မထည့်သွင်းပေးထားခဲ့လို့ပါ..

(ဆန်းဆန်းပြားပြား အနုပညာစိတ်ကူးနဲ့ အဆောက်အဦတွေ)

ခုခေတ်ကြီးက နည်းပညာခေတ်ကြီးပါ.. နည်းပညာ ဗဟုသုတ သတင်းအချက်အလက်တွေဟာ ကိုယ်နဲ့ click away လို့ ပြောကြတဲ့.. မောက်စ်ကလစ်လေး တချက်နှိပ်လိုက်ရုံနဲ့ ကိုယ်သိချင်တာတွေ ကိုယ်လိုချင်တဲ့အချက်အလက် ဗဟုသုတတွေကို ရနိုင်နေပါပြီ..  အရင်ခေတ်တွေတုန်းကလို အချက်အလက်တစ်ခုခုကို သိချင်လို့ ဗဟုသုတတစ်ခုခုကို ရဖို့ ခက်ခက်ခဲခဲ ပင်ပန်းကြီးစွာကြိုးစားနေရတာမျိ<wbr>ုးမဟုတ်တော့ပါဘူး..  ဒီတော့ အခြားအခြားသော နည်းပညာတိုးတက်ပြီးသားတိုင်ြး<wbr>ပည်တွေမှာ ပြန်လည်ထူထောင်နေရတာက ဖန်တီးမှုစွမ်းအားနဲ့ အနုပညာဗီဇပါပဲ.. ကိုယ့်လက်ထဲမှာ အချက်အလက်ကို အလွယ်တကူရထားပါလျက်နဲ့ ဒါကို ဆင့်ပွားပြီး ဖန်တီးမှု မရှိရင် အလကားပဲဆိုတာ သူတို့တွေ သတိပြုမိကြပါပြီ.. ဖန်တီးမှုဆိုတာလည်း ခံစားမှုနဲ့ တီထွင်မှုက လာတာဖြစ်တဲ့အတွက် ခံစားတတ်အောင် တီထွင်ကြံဆတတ်အောင် ပြန်လည်လုပ်ဆောင်နေရပါပြီ..</wbr></wbr>

ရသစာပေတွေ ရသပန်းချီတွေဟာ ခံစားမှုကိုပေးပါတယ်.. လူုဟာ ခံစားတာနဲ့အမျှ စိတ်ကူးလာကြပါတယ်.. စိတ်ကူးမယ် ကြံဆမယ်.. မဖြစ်နိုင်တာတွေလည်းပါကောင်းပါေ<wbr>ပမယ့် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဇွဲနဲ့ အလွယ်တကူ ရနိုင်နေပြီဖြစ်တဲ့ နည်းပညာတွေ အချက်အလက်တွေပါ ပေါင်းလိုက်တဲ့အခါ သိပ်ကြီးကျယ်ခမ်းနားတဲ့ တီထွင်မှုတွေ ထွက်လာနိုင်ပါတယ်.. ကိုယ်တို့နိုင်ငံက နည်းပညာတောင် မပြည့်စုံသေးပါဘူး.. ဒါပေမယ့် တချို့သော တိုးတက်ခေတ်မှီတဲ့နိုင်ငံတွေလို နည်းပညာနောက်ပဲ လိုက်နေပြီး ခံစားမှု ချွတ်ခြုံကျသွားတဲ့အခါ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပါ ကျသွားတာမျိုးမဖြစ်ရအောင် ခုကတည်းက ယဉ်ကျေးမှုကို မြှင့်တင်ထားသင့်ပြီလို့ ထင်ပါတယ်.. ခုကတည်းက ကိုယ့်အနုပညာ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစံတွေကို နားလည် တန်ဖိုးထားပြီး ချစ်ခင်တတ်အောင် မွေးမြူသင့်နေပါပြီ..</wbr>

ခံစားပါ.. တွေးတောစိတ်ကူးပါ.. နောက်တော့ တီထွင်ကြတာပေါ့..

</wbr>

ပရိုမီးသီးယပ်စ်ပုံပြင်
ဂရိဒဏ္ဍာရီတစ်ပုဒ်ကို သော်ဖတ်ဖူးသည်..

လူသားတွေဟာ အသိဥာဏ်မြင့်မားတာနဲ့အမျှ ကောက်ကျစ်မှုတွေလည်း ရှိနေတော့ လူသားတွေသာ မီးကို ရသွားခဲ့ရင် တန်ခိုးအာဏာကြီးပြီး ပုန်ကန်မှာစိုးလို့တဲ့.. နတ်မင်းတို့ရဲ့ ခေါင်းဆောင် ဇုက လူသားတွေ မီးကိုမရဖို့ ပိတ်ပင်တားမြစ်ထားခဲ့၏.. ဒါကို ပရိုမီးသီးယပ်စ်ဆိုတဲ့ နတ်တပါးက လူသားတွေကို မေတ္တာထားပြီး မီးကိုလူ့ဘုံရောက်အောင် ခိုးပို့ပေးခဲ့တော့ ဇုက သူ့ကို အပြစ်ပေးသည့်အနေနှင့် တောင်ထိပ်မှာသံကြိုးချည်ထားခဲ့ပြီး အလွန်ပူပြင်းသောနေ့ အလွန်အေးစက်သောညများကို ငရဲခံသလို ခံစားစေခဲ့သည်.. နေ့စဉ်တိုင်းမှာ စွန်ငှက်ကလာပြီး သူ့အသည်းနှလုံးကို ဖောက်စားခြင်းကိုလည်း နာကျင်မှု ပြင်းပြစွာ ခံစားခဲ့ရ၏.. သို့သော် နောက်တနေ့ရောက်တိုင်းမှာ သူ့အသည်းနှလုံးသည် ပြန်လည်ပြည့်လာခဲ့ပြီး ဖောက်ပြီးစားသုံးမည့် စွန်ကိုလည်းစောင့်နေရပြီး နာကျင်မြဲနာကျင်လျက် ဝေဒနာကို ခံစားရပြန်သည်တဲ့.. ပုံပြင်အဆုံးသတ်အနေဖြင့်တော့ သူ့ကို ကယ်တင်မည့် ကယ်တင်ရှင်အဖြစ် ဟာကျူလီရောက်လာခဲ့သည်.. သော် ကြားဖူးသော ဒဏ္ဍာရီပုံပြင်လေးပေါ့.. ကဗျာလည်း ရှိသည်ဟု ဆိုကြသည်..

မောင့်ကို ချစ်ရခြင်းသည်လည်း ပူပြင်းလောင်မြိုက်လိုက် ပြန်၍အေးခဲသွားလိုက် အကြိမ်ကြိမ်ဖောက်ထုတ်ခံရပြီး ပြန်ပြည့်လာရသည့် နှလုံးသားမျိုးနှင့် နေရခြင်းဖြစ်လေတော့ ပရိုမီးသီးယပ်စ်ခံရသည့် ငရဲခန်းကို သော်လည်း ခံစားရသည်ဟု ဆိုလျှင် မောင် လှောင်ပြောင်ဦးမည်လား.. ဂရိဒဏ္ဍာရီထဲက နတ်လိုတော့ လူသားတွေအပေါ် မေတ္တာထား ကိုယ်ကျိုးစွန့်ခြင်းကြောင့်မဟုတ်ဘဲ မောင်ဟူသည့် မီးကို ခိုးယူခဲ့မိခြင်းကြောင့် ဖြစ်လေတော့ သူ့လိုတော့ အဆုံးသတ်လှပနိုင်မည် သော်မထင်ပါ.. သော့်ကို ကယ်တင်မည့် ဟာကျူလီလည်း ဤကမ္ဘာမှာ ရှိလာလိမ့်မည် မထင်ပါ.. မောင် သည်သာလျှင် သော့်ကို လောင်မြိုက်စေပြီး အဆုံးသတ်စေလိမ့်မည်ထင်၏..

မောင်နှင့် ပတ်သက်လျှင် ပျော်ရွှင်ကြည်နူးစရာတွေလည်းအများကြီး၊ ဂုဏ်ယူစရာတွေလည်း အများကြီး၊ မျှော်လင့်အားတက်ရတာတွေလည်း အများကြီး၊ စိတ်ပျက်ရတာတွေ၊ နာကြဉ်းဝမ်းနည်းစရာတွေလည်း အများကြီးဖြင့် လူသားတစ်ယောက် ခံစားနိုင်သမျှ ဒုက္ခ သုခ အကုန်တို့ကို မရိုးနိုင်အောင် ကြုံတွေ့ရသည်..

မောင် သော့်ကို ချစ်ခြင်းအတွက် သော် ပျော်ရွှင်ကျေနပ်ရ၏.. မောင့်လက်ကို ဆုပ်ကိုင်လျက် မောင့်ဘေးနားမှာ နေခွင့်ရခြင်းသည် သော့်အတွက် ကြည်နူးစရာအကောင်းဆုံးသော အခိုက်တန့်များပင်.. မောင့် စိတ်ကူးများကို တိုင်ပင်ဖွင့်ဟလာလျှင်၊ သော့် စကားတွေကို အလေးနက်နားထောင်နေလျှင်၊ မောင့်မျက်လုံးညိုညိုများဖြင့် သော့်ကို တမြတ်တနိုးစိုက်ကြည့်လိုက်လျှင်၊ ပြီးတော့.. ပြီးတော့.. မောင့် နှုတ်ခမ်းများ သော့်ပါးပြင်ပေါ် ထိတွေ့ကြလျှင်.. သော်သည် ပြန်လည်ပြည့်တင်းလာသော နှလုံးသားတစ်ခု၏ ရင်ခုန်ကျေနပ်ခြင်းမျိုးဖြင့် လှုပ်ရှားတုန်ယင်လျက် အတိုင်းမသိပျော်ရွှင်ရပြန်၏.. ပြီးခဲ့သမျှသော ကံဆိုးခဲ့သည့် သော့်အတိတ်များအတွက် မောင့် အနမ်းများက အကွယ်အကာတစ်ခုလိုပဲ လုံခြုံစေခဲ့သည်..

မနက်ခင်းမိုးလင်းတိုင်း မောင် ဟူသော နာမည်ကို ဖွဖွရွတ်ရင်း နိုးထလာခဲ့ရခြင်းများအတွက် ရူးသည်ဟု သော့်ကိုယ်သော် မသတ်မှတ်ရက်.. စိတ်ဓာတ်ကျအားငယ်နေချိန်တိုင်းတွင် မောင်ဟု တွေးလိုက်ရုံဖြင့် ခွန်အားများ စီးဝင်လာသလို ခံစားစေရခြင်းအတွက် မောင့်ကို သော် အခါခါကျေးဇူးတင်နေမိ၏.. အနားမှာ မရှိသော်လည်း မောင့်အကြောင်းတွေးလိုက်ရုံဖြင့် မောင့်ကိုယ်နံ့ကို ပြန်ရလာသလိုဖြစ်သည့်အခါတိုင်း ယခင်က အေးစက်မာကျောခဲ့သည့် နှလုံးသားကို ပူနွေးခံစားတတ်အောင် ပြုလုပ်ပေးခဲ့သည့် မောင့်ကို အလင်းရောင်တစ်ခုလိုပင် သော်အားထားမြတ်နိုးခဲ့တာပါ..

ဥာဏ်ကောင်းသော ထူးချွန်ထက်မြက်သော အနိုင်လိုချင်စိတ်များသော မောင်က လုပ်ငန်းနယ်ပယ်မှာလည်း ကျွမ်းကျင်အောင်မြင်သူဖြစ်ခြင်းအတွက် သော် ဂုဏ်ယူမိပါသည်.. မောင်က တော်တယ် လို့ သူငယ်ချင်းများရှေ့မှာ ပြောမိတိုင်း မျက်လုံးများတလက်လက်တောက်လာခြင်းကို သော့်ကိုယ်သော် ထိန်းချုပ်လို့မရ.. ထိန်းချုပ်ဖို့လည်း သော်သတိမရမိပါ.. “မင်းရှိနေလို့ မောင်ကံကောင်းတယ်” လို့ ခပ်တိုးတိုးဖွဖွ မောင်ပြောလာချိန်များမှာ ပျော်ရွှင်ဂုဏ်ယူစိတ်ဖြင့် သော့် တကိုယ်လုံး မြောက်ကြွမတတ်ရှိနေတာ မောင်သိမယ်မဟုတ်.. “အမယ်.. တယ်ဟုတ်ပါလား သော်” လို့ မောင်ချီးကျူးတိုင်းမှာ ရင်တခုန်ခုန် သွေးတဒိတ်ဒိတ်ရှိနေပြီး မောင် သဘောကျမည်ထင်သည့် အလုပ်များကို ကြိုးစားလုပ်ကိုင်နေမိခြင်းကို မောင် မြင်တတ်ရဲ့လား..

အဆင်အခြင်နည်းသော ဆိုးနွဲ့တတ်သော အမှတ်သည်းခြေမရှိသော သော်က အပြစ်လုပ်မိတိုင်းမှာ မျက်မှောင်အတွန့်ချိုးလျက် မပြုံးမရယ် မောင်နေတတ်သည်.. ထိုအခါမျိုးမှာ သော်သည် ခြေမကိုင်မိ လက်မကိုင်မိ ကိုယ့်ကိုကိုယ် စိတ်အပျက်ကြီးပျက်လျက် မောင်ကျေနပ်အောင် တခုခုလည်း လုပ်ပေးချင်သည်.. ထပ်ပြီးအမှားလုပ်မိမှာလည်း စိုးသည့်စိတ်နှင့် ဗျာများနေရတတ်၏.. ချောင်တစ်ချောင်မှာ ခွေကုပ်လျက် တိတ်တိတ်ဆိတ်ဆိတ်ပင် မောင်က စတင်ခေါ်ငင်မည်ကို စောင့်နေတတ်၏.. မောင် သော့်ကို သတိထားမိပါစေကွယ်.. မောင် သော့်ကို မြင်ပါနော်..

တခါတရံမှာ မောင်က မသိသလိုပင် သော့်ကို လျစ်လျူရှုထားလျှင်တော့ သော်သည် သည်းမခံနိုင်တော့ဘဲ မောင် သတိပြုမိစေရန် အရွဲ့တိုက်ခြင်းကို ပြုလုပ်မိတတ်ပြန်သည်.. မောင် ပိုစိတ်ဆိုးလာလျှင် သော် ငိုရသည်ချည်းပဲဖြစ်၏.. သော့် မျက်ရည်များကို မောင် မုန်းသောကြောင့် သော်သည် မောင့်ကွယ်ရာမှာ နာကျင်စွာငိုသည်.. သို့သော် ထိုအကြောင်းကို မောင် တနည်းနည်းဖြင့် ပြန်သိသည်သာဖြစ်ပြီး သော့်မျက်ရည်များကို ငဲ့ညှာသောအားဖြင့် ပြန်လည်ယုယလာလျှင် သော်၏ ဒဏ်ရာရထားသော နှလုံးသားက ပြန်လည်ပြည့်တင်းလာသည်သာ ဖြစ်၏..

ပရိုမီးသီးယပ်စ်ကို ဟာကျူလီက ကယ်တင်ပြီးနောက် မီးကိုခိုးယူသည့် သူ့အပြစ် လွတ်သွားလား မလွတ်လား သော် မသိရတော့.. မီးကို တခြားသူတစ်ယောက်က ထပ်မံယူငင်သွားလေသလား.. သို့မဟုတ် ဟာကျူလီကပဲ မီးနှင့် ပရိုမီးသီးယပ်စ်တို့ကြား ခြားနားအောင် လုပ်ဆောင်ပေးခဲ့သလား.. သော်ကတော့ဖြင့် မီးနှင့် မဝေးလိုပါ.. မည်မျှပင် လောင်မြိုက်သည်ဖြစ်စေ နှလုံးသားကို အကြိမ်ကြိမ်ပြန်လည် ရှင်သန်စေသည့် အရာတစ်ခုမို့ မြတ်နိုးတွယ်တာမြဲ.. လာရောက်ကယ်တင်မည့် ဟာကျူလီကိုပင် သော့်ဘဝမှာ မလိုအပ်ပါလေ..

ငှက်တွေမရပေမယ့် တခြားဟာတွေပိုရတယ်
The Big Year  ကို ၃ ရက်ဆက်တိုက် ၃ ခါပြန်ကြည့်ဖြစ်သွားတယ်.. နာမည်ကြီး ဟာသမင်းသား ၃ ယောက်ရဲ့ သိပ်ပြီး ဟာသမဖြစ်တဲ့ ဇာတ်ကားကောင်းလေးပါ.. True Story လို့ပြောတယ်..

အမေရိကန်မှာ big year ဆိုတဲ့ ပြိုင်ပွဲတစ်ခုရှိတယ်.. တစ်နှစ်ပတ်လုံးမှာ ငှက်အမျိုးအစားပေါင်း ဘယ်နှမျိုးမြင်တွေ့ မှတ်တမ်းတင်နိုင်သလဲဆိုတဲ့ စံချိန်ကို ပြိုင်ကြတာပါပဲ.. ဆုကြေးလည်း မရဘူး.. ငှက် မဂ္ဂဇင်းမှာ ဆုစာရင်းကြေငြာရုံလောက်ပါပဲ.. Birding ကို စိတ်ဝင်စားတဲ့လူတွေပဲ ရူးရူးသွပ်သွပ် ခုံခုံမင်မင် ရှိတဲ့ကိစ္စဆိုပါစို့.. မြန်မာနိုင်ငံ ငှက်ကြည့်အသင်းက အကိုတော်တွေကိုတောင် ပြေးသတိရမိသေးတယ်.. ဖြစ်ပုံကဒီလို..

ကန်နီ ဘော့စတစ်ဆိုတာက အရင်နှစ်က ငှက်မျိုးစိတ်ပေါင်း 732 ကောင်မှတ်တမ်းတင်ထားနိုင်ပြီး ဗိုလ်စွဲထားတဲ့လူပေါ့.. ကမ္ဘာ့အတော်ဆုံး ငှက်ကြည့်သမားလို့တောင် ပြောစမှတ်ရှိကြတဲ့လူ.. ဒါပေမယ့် မိန်းမ (ဂျက်စ်) နဲ့ကျတော့ မပြေမလည်တွေဖြစ်နေတာ.. ဘာလို့ဆို တစ်နှစ်ပတ်လုံး အိမ်မှာ မနေဘဲ လျှောက်သွားနေတာကိုး.. ပြီးတော့ စတူး ပရီစလာ ဆိုတာကတော့ အသက် ၆၀ ကျော်အဖိုးကြီး.. ကုမ္ပဏီကြီးတစ်ခုရဲ့ CEO ရာထူးကနေ စွန့်လွှတ်ပြီး ဝါသနာပါရာလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ big year ကို ဝင်နွှဲမယ့်လူ.. နောက်တစ်ယောက်ကတော့ မိန်းမနဲ့ကွဲထားတဲ့ အသက် ၃၆ နှစ်အရွယ် ပရိုဂရမ်မာ ဘရက်ဒ် ဟားရစ်..

သူတို့ ၃ ယောက်စလုံး big year မှာ စံချိန်ချိုးဗိုလ်စွဲနိုင်ဖို့ အသီးသီးကြိုးစားတဲ့အကြောင်းကို အခြေခံပြီး ဇာတ်လမ်းကို ရိုက်ထားတာပါ.. ၃ ယောက်လုံးရဲ့ မတူညီတဲ့ character တွေ မတူညီတဲ့ ဘဝတွေကို ရောပြီးထည့်သွားတာလေးက သိပ်သိမ်မွေ့တယ်.. ဥပမာ – အဖိုးကြီး စတူး ရဲ့ ဝါသနာကို သူ့မိန်းမ သူ့သားနဲ့ ချွေးမက အပြည့်အဝ ထောက်ခံပေးတယ်.. အားပေးတယ်.. (ပိုက်ဆံလည်းချမ်းသာတော့ စိတ်သွားတိုင်းကိုယ်ပါတယ်ပေါ့လေ).. သူ့သားက သူ့ကို ချစ်ခင် အားကိုးတယ် .. သားအဖ ဆက်ဆံရေး ပြေလည်တယ်.. သူ့မိသားစုကို သူတွယ်တာတယ်ဆိုတာတွေကို သူ့သား ကလေးမွေးတော့ ကလေးနာမည်ကို သူ့နာမည်ဖြစ်တဲ့ စတူးဝပ်လို့ပဲ ပြန်ပေးထားတယ်ဆိုတာလေးနဲ့ ပြတယ်.. နေရာအနှံ့ခရီးတွေသွားပြီး ငှက်ကြည့်တော့ ဒေသတစ်ခုရောက်တိုင်း သူ့မိန်းမဆီ ဖုန်းဆက်တယ်.. အလွမ်းသယ်တယ်.. သူ့မိန်းမကလည်း အမြဲ ” I love you” လို့ ပြောတယ်.. “ကျမ အတွက် ရှားပါးငှက်မျိုးစိတ်တစ်ခုခု ရအောင်ကြည့်လာနော်”ဆိုတဲ့ စကားလေးနဲ့ အမြဲအားပေးတယ်..

ဘရက်ဒ်ကတော့ ငွေလည်းသိပ်မရှိ.. ဒီကြားထဲ အဖေကလည်း ဂွတီးဂွကျအဖိုးကြီးဆိုတော့ သူလုပ်သမျှ အားမပေး အကောင်းမထင်.. ဒီကြားထဲ အလုပ်ကလည်း အချိန်ပြည့်အလုပ်ဆိုတော့ အခက်အခဲတွေ အများကြီးကြားကနေ ဒါကို သူလုပ်ရတာ.. တစ်နှစ်လုံး အလုပ်လုပ်လိုက် ခရီးသွားလိုက်နဲ့ ပင်ပန်းပေမယ့် ဒီခရီးတွေကနေပဲ ဝါသနာတူတဲ့ စတူးနဲ့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်သွားခဲ့တယ်.. ပြီးတော့ သူနဲ့ ဝါသနာတူ ချစ်သူရည်းစားတစ်ယောက်ကိုလည်း ရလိုက်တယ်..

ကန်နီ တစ်ယောက်ကတော့ ဒါကိုပဲ အတင်းအသည်းအမည်းနိုင်ပြီး ယှဉ်ပြိုင်စိတ် အနိုလိုချင်စိတ်များလွန်းတော့ ပတ်ဝန်းကျင်က ဘဝတူ ငှက်ကြည့်သမားတွေကြားမှာလည်း သိပ်အဆင်မပြေ.. သူငယ်ချင်းရယ်လို့လည်း မရှိ.. ဒီကြားထဲ ဖြစ်ချင်တော့ ဂျက်စ် နဲ့ သူနဲ့ ကလေးယူဖို့အတွက် ဆေးရုံတူတူသွားရမယ့်နေ့မှာ သူ ၆ နှစ်လုံးလုံး လိုက်နေတဲ့ snowy owl ကို တွေ့တယ်ဆိုတဲ့သတင်းရလို့ ဆေးရုံမသွားဘဲ ငှက်နောက်လိုက်တာ ၁၀ လကြာသွားတယ်.. ပြန်လာတဲ့အချိန် မိန်းမက သူနဲ့ ကွဲမယ်လို့ ပြောတော့ စကားများကြတယ်.. “ကျမ ရှင့်ကို သိပ်ချစ်ပါတယ်.. ဒါပေမယ့် ဆက်ပြီးတော့ လက်တွဲဖို့တော့ မဖြစ်နိုင်တော့ဘူး” ဆိုတဲ့အချိန်မှာ သူ့မျက်လုံးအကြည့် ပြောင်းသွားတဲ့ပုံက တော်တော်ပီပြင်တယ်.. သိပ်ချစ်တယ် ပြောနေချိန်မှာ သူ့ မိန်းမကိုကြည့်တဲ့ အကြည့်က အားတက်မျှော်လင့်တဲ့အကြည့်.. ဒါပေမယ့် ဆက်ပြောတဲ့စကားကို ကြားတော့ သူ့မျက်လုံးတွေ မှုန်ဝေသွားတာ.. အား.. တော်တော်မိုက်တယ်.. ပြီးတော့ သဘောကျမိတဲ့စကားတွေရှိသေးတယ်..

“ကျမက ဂန္နီလို.. မိုးဇတ်လို တော်တတ်တဲ့လူတွေကို လိုချင်တာမဟုတ်ဘူး.. ကျမက ကျမအနားမှာ ရှိနေပေးချင်တဲ့ ကျမကို အရာအားလုံးထက် တန်ဖိုးထားတဲ့လူကို လိုချင်တာ”

“ငါမင်းကို တန်ဖိုးထားပါတယ် ဂျက်စ်”

“ဘာလဲ ခိုတွေ ဇီးကွက်တွေ စာကလေးတွေ မရှိတော့ရင်လား”

“ငါ ဒါကိုလုပ်ရမယ် .. ငါနိုင်မှ ရမယ်.. ငါပထမ ဖြစ်နေမှ လူတွေငါ့ကို သိမှာပေါ့.. ဒုတိယနေရာကလူကို ဘယ်သူမှ သတိတရမရှိကြဘူး ဂျက်စ်”

“ကျမ သိပါတယ်.. ကောင်းကောင်း သိတာပေါ့”

ဒါတွေက သူတို့ရန်ဖြစ်တုန်း အပြန်လှန်ပြောတဲ့စကားတွေ.. ဒုတိယနေရာကလူကို ဘယ်သူမှ သတိတရမရှိကြဘူးလို့ ပြောလိုက်ချိန်မှာ ဂျက်စ်ကတော့ ဖြတ်ရိုက်ခံလိုက်ရသလိုပဲ နာကျင်သွားရှာမယ်လို့ တွေးမိတယ်.. သူ့ ယောက်ျားကလည်း သူ့ကို ဒုတိယနေရာမှာ ထားတာကိုး.. ငှက်တွေကသာ ပထမနေရာမှာ ရှိတယ်လို့ သူတွေးထားတာကိုး.. ကျမသိပါတယ်လို့ သူ ပြန်ပြောတော့ ကန်နီကလည်း သူစကားမှားသွားမှန်း သတိထားမိပြီး စိတ်မကောင်းဖြစ်သွားတယ်.. ဒါပေမယ့် ပြန်ရှင်းပြလည်း မရတော့ဘူးဆိုတဲ့ အခြေအနေဆိုတော့ သူ သက်ပြင်းလေးသာ ချပါတယ်.. အဲ့ဒီအခန်းတွေမှာ သရုပ်ဆောင်သွားကြတာလေး သဘောကျတယ်.. အဲဒီစကားတွေကိုလည်း သဘောကျမိတယ်..

နောက်ထပ်တော်တော်လေး မှတ်မှတ်ထင်ထင် သဘောကျတာက နောက်ဆုံးသူတို့ year ပြီးတော့ နှစ်သစ်ကူးပြီး ငှက်စံချိန်တွေ ကြေငြာတဲ့အချိန်မှာပါ.. စတူးက မဂ္ဂဇင်းမှာပါတဲ့ ဆုစာရင်းကို ဘရက်ဒ်ဆီ ဖုန်းလှမ်းဆက်ပြီး ပြောတော့ .. ကန်နီက ပထမ .. ဘရက်ဒ်က ဒုတိယ.. စတူးကတော့ စတုတ္ထ.. ဒါပေမယ့် ဘရက်ဒ်က စတူးကို အားပေးစကားပြောတယ်..

“ဘာပဲ ပြောပြော ငါတို့လုပ်နိုင်ခဲ့တယ်.. ငါတို့ နိုင်ခဲ့တယ်.. ကန်နီက ငှက်တွေပိုရသွားတာ မှန်ပေမယ့် ငါတို့က သူထက်စာရင် တခြားဟာတွေ အများကြီးပိုရတာပဲလေ.. ငါဆိုလိုတာ မင်းသိလား” ..

သူက အဲ့ဒိစကားတွေပြောနေချိန်မှာ သူ့အနားမှာရှိတဲ့ သူနဲ့ စိတ်တူကိုယ်တူ ဝါသနာတူ ရည်းစားသစ်လေးကို မြတ်မြတ်နိုးနိုးကြည့်နေရင်း ပြုံးပြုံးလေးပြောတာပါ.. ဆိုလိုတာ သိလားလို့ အမေးခံရတဲ့ စတူးကလည်း မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ သူ့ကို အမြဲအားပေးထောက်ခံခဲ့တဲ့ သူ့မိန်းကို လှမ်းကြည့်ရင်း “အင်း ငါသိတယ်”လို့ ပြုံးပြုံးကြီး ပြန်ဖြေလေရဲ့..

ဟုတ်တယ်.. တခါတလေ ကျမတို့ဘဝမှာ လိုချင်တာဖြစ်ချင်တာတွေကို သိပ်ဦးစားပေးလွန်းရင် လိုအပ်တဲ့ချစ်ခင်ရတဲ့ အရာတချို့ကို ဆုံးရှုံးရတတ်ပါတယ်.. ကန်နီလိုပေါ့.. ကမ္ဘာ့အတော်ဆုံး ငှက်ကြည့်သမားဖြစ်လာဖို့ သူပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတန်ဖိုးကို သူပဲနားလည်မှာပါ.. ကလေးတွေနဲ့ မိန်းမနဲ့ ပျော်ရွှင်နေတဲ့ တခြားယောက်ျားတွေကိုမြင်တိုင်း မိသားစုတွေကို မြင်တိုင်း သူ့မျက်လုံးတွေ အရောင်မဲ့မှုန်မှိုင်းသွားရတာကို သူပဲ ခံစားတတ်လိမ့်မယ်.. ဘရက်ဒ်တို့ စတူးတို့လိုပဲ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားချစ်ခင်တတ်တဲ့စိတ် ရှိဖို့ ကျမတို့ ကြိုးစားရမှာပါ..

ကျမက အဲ့ဒိအချက်ကလေးကို သတိထားမိပြီး “Kenny may be got many birds, but we got a lots more than that” ဆိုတဲ့ စကားတွေကို သဘောကျနေချိန် ကျမ ချစ်သူက ပြောလေရဲ့..

“တော်သေးတာပေါ့ကွာ.. ကန်နီနိုင်သွားလို့.. မဟုတ်ရင် သနားစရာ” တဲ့..

Mandalay ThinGyan 2012
မန္တလေးကို အကြိုနေ့မတိုင်ခင်မှာ ရောက်တယ်..ဓာတ်ပုံသမားအဖွဲ့လိုက်ကြီးနဲ့ လျှောက်လိုက်ရင်း ကမြောက်ကခြောက်ဓာတ်ပုံနည်းနည်း ရိုက်ဖြစ်သေးတာပေါ့.. သိပ်အကောင်းကြီးတွေ မဟုတ်သော်ငြား အမှတ်တရ ကြည့်ကြပါ..

မဏ္ဍပ်ရှေ့က လူတွေကို ရိုက်ဖြစ်တယ်.. အေးဆေးပဲဗျ.. သူတို့ဘာသာ ကဲတာ ကဲတာပဲ.. ကိုယ့်တော့ ရေတစ်က်မှ လာမစိုဘူး..

မြို့တော်ဝန်မဏ္ဍပ်ပေါ်ကို တက်ရိုက်ဖြစ်တယ်.. မင်းသား မင်းသမီး အဆိုတော်တွေ လာကြတော့ ယိမ်းကမယ့် ကျောင်းသူလေးတွေက ဆွဲကြလွဲကြ အော်ဟစ်ကြနဲ့ ပျော်ဖို့ကောင်းသားပဲ.. သူတို့ကို ကြည့်ရင်း ကိုယ်ပါ အဲ့ဒီအဆိုတော်တွေကို ပြေးဖက်ချင်လာ..

ချစ်ချစ်ခင်ခင် ပြုံးပြုံးရွှင်ရွှင်ပေါ့.. ယိမ်းကမယ့် ကျောင်းသူလေးတွေအတွက် ဦးဦးရဲသားကြီးတွေက လမ်းရှင်းပေးတယ်.. မဏ္ဍပ်လုံခြုံရေးတွေလည်းရှိတယ်..

ငွေငန်းမြို့မ လာပြီလေ ~~ ဆိုတဲ့ စာသားလေးပဲ ခေါင်းထဲကထွက်တယ်.. ဘာတွေ ညာတွေရယ် မဟုတ်တောင်မှ ငွေငန်းကားဆိုရင် လူတွေ တော်တော်လေး  စိတ်ဝင်တစားရှိကြတယ်..

မန်းန္တလေးရဲ့ ရေမြောင်းစနစ်ဟာ တော်တော်ဆိုးဝါးပုံရတယ်.. ရေတွေ လျှံကျ နောက်ကျိ ညစ်ပတ်နေတာပဲ.. ဒါပေမယ့် ရေကူးတဲ့ကလေးတွေက ကူးကြတယ်..

ကြီးလာရင်တော့ ဘာစတိုင်ထွက်လာမယ်မသိ.. ခုတော့ အလန်းပဲ..

ဘာရယ်မဟုတ်ဘူး .. ဒီ ၂ ယောက် ခါးလေးဖက် ပုခုံးလေးဖက်ရင်း မဏ္ဍပ်ပေါ်မှာ အေးအေးဆေးဆေး ရှိနေတာကို အားကျလို့ ရိုက်လာဖြစ်တယ်.. လူတွေကို ကြည့်ရင်း သူတို့ အတင်းပြောနေကြသဗျ.. ရယ်ကြသဗျ.. ချစ်ချစ်ခင်ခင် အေးအေးဆေးဆေး.. နှစ်သစ်ကို အတူဖြတ်သန်းနေကြတယ်..

မန္တလေးမှာ အကြို အကျ နှစ်ရက်နေပြီး ပထမ အကြတ်နေ့မှာ ကိုယ်ရန်ကုန်ပြန်လာတယ်.. အိမ်မှာ နှပ်နေတယ်.. ဇိမ်ပဲ.. သင်္ကြန်ရေစိုမှာမုန်းတဲ့ လူတစ်ယောက်အတွက် ရုပ်ရှင်ခွေတွေ စာအုပ်တွေ သီချင်းခွေတွေနဲ့ အင်တာနက်.. ပြီးပြည့်စုံပြီပဲ..

ခုထိ ရေမစိုသေးဘူး.. =)

“the present i got”
ညီမလေး ရေ …

မပြောပါနဲ့ … ပြီးပြည့်စုံနေပြီ လို့ ..

မငြီးပါနဲ့ … ပင်ပန်းလွန်းတယ်လို့ …

မတွေးပါနဲ့ .. အမြင့်ရောက်ပီလို့ ..

မမေ့ပါနဲ့ … နောက်ထပ် တဆင့် ထပ်တက်ဖို့ …

တကယ်တော့ အောင်မြင်တယ်ဆိုတာဟာ ရေပွက်လေးပါ ညီမလေးရယ် ..

ဘ၀ ဆိုတာ မင်းခြေရင်းက ကံကော်တွေလို ဘယ်မွှေးနေပါ့မလဲ ..

မင်းတည်ဆောက်တာတွေ လဲပြိုတဲ့အခါ …

မင်းအိမ်မက်တွေ မိုးပြိုတဲ့အခါ …

မင်း စိတ်ကူးတွေ လှိုင်းထန်တဲ့အခါ …

မင်း သမိုင်းရဲ့ အရိပ်က မင်းကို အမြဲ ကြည့်နေမှာ …

အဲ့တော့ ညီမလေးရယ် … ကျေးဇူးပြုပြီး …

ဘယ်တော့မှ … မပြောပါနဲ့ … ပြီးပြည့်စုံနေပြီ လို့ ..

ဘယ်တော့မှ … မငြီးပါနဲ့ … ပင်ပန်းလွန်းတယ်လို့ …

ဘယ်တော့မှ … မတွေးပါနဲ့ .. အမြင့်ရောက်ပီလို့ ..

ဘယ်တော့မှ … မမေ့ပါနဲ့ … နောက်ထပ် တဆင့် ထပ်တတ်ဖို့ …

” The road to success is always under construction.”

For my Honey ..

by Ye Aung Thu

ခွေးရူး
အဲ့ဒီခွေးဟာ

အမြီးလေးတနှန့်နှန့်နဲ့

သခင့်အတွက် သတင်းစာကို သယ်လာတယ်..

အဲ့ဒီခွေးဟာ

အမြီးလေးတနှန့်နှန့်နဲ့

သခင်လက်ဖျောက်တီးခေါ်တဲ့အခါ ပျော်ရှာတယ်..

အဲ့ဒီခွေးဟာ

အမြီးလေးတနှန့်နှန့်နဲ့

သခင်လမ်းလျှောက်ထွက်ရင်ခေါ်မလားလို့ မျှော်ရှာတယ်..

အဲ့ဒီခွေးဟာ

အမြီးလေးတနှန့်နှန့်နဲ့

သခင်စိတ်ဆိုးပြေတဲ့အခါ ချောင်ကထွက်တယ်..

အဲ့ဒီခွေးဟာ

အမြီးလေးတနှန့်နှန့်နဲ့

သခင်စိတ်ကြည်သာအောင် ခေါင်းတိုးဝှေ့တယ်..

အဲ့ဒီခွေးဟာ

ရွှင်မြူးပြတယ်..

ချွဲနွဲ့ပြတယ်..

အလိုဖြည့်တယ်..

ပျော်မြူးထူးတယ်..

တိတ်တိတ်ငိုတယ်..

အမြီးလေးတနှန့်နှန့်နဲ့ ..

အိမ်ပြန်ချင်တယ် (အပိုင်း ၃)
ကျမရဲ့ ကချင်စစ်ပြေးဒုက္ခသည်စခန်းသွားခရီးစဉ်အကြောင်း ရေးထားတဲ့ ပို့စ်က သိပ်ရှည်ပြီး ပုံတွေ သိပ်များလွန်းလို့ အပိုင်း ခွဲတင်တာ ဒါ အပိုင်း ၃ ပါ.. အပိုင်း ၁ နဲ့ အပိုင်း ၂ ကိုရေးပြီး တင်ပြီး ဒီအပိုင်း ၃ ရောက်တော့ ကျမ တော်တော်လေး ဒွိဟဖြစ်ရပါသေးတယ်.. ကျမရေးတဲ့ စာ .. ကျမ ပြောပြတဲ့ အကြောင်းအရာတွေကြောင့် သူတို့တွေကို ကူညီရာမရောက်ဘဲ ပိုပြီး ဝန်ပိုစေမလား.. ဒါမှမဟုတ် ကျမနဲ့ အတူခရီးသွားတဲ့လူတွေကို တစ်ခုခုထိခိုက်စေနိုင်မလား.. ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေကို နှောင့်နှေးစေမလားဆိုပြီး ကျမ အကြိမ်ကြိမ်စဉ်းစားပါတယ်.. ဒါပေမယ့် ကျမက ကိုယ်တိုင် သိကြားခံစားလာရတဲ့လူပါ.. ကျမသိလာသမျှကို မပြောပြဘဲ ချန်ထားရင် အပြစ်ရှိသလို ကျမ ခံစားရပါမယ်.. ဒါကြောင့် သိလာကြားလာသလိုပဲ ကျမ ပြန်ပြောပြလိုက်တော့တယ်.. လူသားခြင်းစာနာတတ်သူအားလုံး မျှဝေနားလည်တတ်ဖို့ပါ..

(ကျမတို့ အလှူပစ္စည်းတွေနဲ့ စခန်းတွေက တာဝန်ခံတွေ)

စစ်စဖြစ်နေပြီဆိုတာကို ကြားတဲ့အခါ တချို့ရွာတွေက စစ်ဘေးနဲ့လွတ်နေပါသေးတယ်.. ဒါပေမယ့် တနေ့နေ့မှာ စစ်ကြောင်းဟာ သူတို့ရွာပေါ်မှာ ကျလာနိုင်တယ်ဆိုတာကို တွက်မိတော့ ရွာလေးတွေက တောထဲကိုကြိုပြေးထားကြတာမျိုးလည်းရှိပါတယ်.. ရွာတစ်ရွာက အဲလိုပဲ ကြိုပြေးခဲ့ကြတာ.. ကြိုပြေးပြီးတောနက်ထဲမှာ တဲလေးဆောက်ပြီး နေကြတာပေါ့.. ညနေခင်းတစ်ခုကျတော့ စစ်တပ်က အဲ့ဒိ သူတို့ပုန်းနေတဲ့ တောထဲထိရောက်လာကြပြီး ရွာကို ဝင်ပစ်ပါတယ်.. ချောင်းစပ်နား တောစပ်နား ဆော့နေကြတဲ့ ကလေးတွေကို တွေ့ရာမြင်ရာဆွဲပြီး ရွာသားတွေလည်း တောထဲ ဝင်ပုန်းကြပေမယ့် ရွာထဲမှာ ကလေးမွေးပြီးတာ ၇ ရက်လားပဲ ရှိသေးတဲ့ မိန်းမတစ်ယောက်နဲ့ သူ့ရဲ့ ၇ ရက်သား ကလေးလေးရယ်.. ၄ နှစ်သမီးလေးတစ်ယောက်နဲ့ သူ့ အမေရယ်.. ၄ ယောက်ရွာထဲမှာ ကျန်ခဲ့ကြပါတယ်တဲ့..

(စခန်းမှာမွေး စခန်းမှာ ကြီးတဲ့ ကလေးလေး ချေ့ချေ့)

တောထဲမှာပုန်းနေတဲ့ ရွာသားတွေလည်း တစ်ညလုံး ကလေး ၂ ယောက် ငိုသံကိုကြားနေရတော့ ဝေးဝေးကိုမပြေးသွားရဲဘဲ တစ်ညလုံးစောင့်နေပြီး မနက်ခင်းမိုးလင်း စစ်တပ်က ထွက်သွားတော့မှ အဲ့ဒိ ၇ ရက်သားလေးရဲ့ အဖေရယ်.. ၄ နှစ်သမီးလေးရဲ့ အဖိုးရယ် ရွာထဲ သွားပြန်ကြည့်ကြပါတယ်.. ကလေး ၂ ယောက်ကတော့ ငိုရလွန်းလို့ အသံလည်းမထွက်တော့ဘဲ ပြာနှမ်းနေကြပါပြီ..  ဘယ်ဘက်နံရိုးကနေ ညာဘက်နံရိုးထိ ထုတ်ချင်းပေါက်နေတဲ့ ဘက်နက်ဒဏ်ရာကြီးနဲ့ ၇ ရက်သားလေးရဲ့ မိခင်ရဲ့ အလောင်းကိုတော့ ကျောက်တုံးနဲ့ဖိထားခဲ့တာ အလောင်းလည်းမယူနိုင် ကြည့်လည်းမကြည့်ရက်လို့ လှည့်ကိုမကြည့်ဘဲ ကလေးတွေပဲ ချီပြီး ပြန်ထွက်လာခဲ့ကြပါသတဲ့.. ၄ နှစ်သမီးလေးရဲ့ အမေကတော့ အဲ့ဒိ စစ်ကြောင်းနဲ့အတူပါသွားတာ.. ခုထိ သတင်းအစအန မရဘူးလို့ ဆိုပါတယ်..

အဲဒါတွေကြားရတော့ ကျမစိတ်ထဲ မကောင်းပါဘူး.. စစ်ဖြစ်နေတာဖြစ်လို့ လက်နက်ကိုင်ထားတဲ့ စစ်သားအချင်းချင်း ပစ်ခတ်သတ်ဖြတ်နေတာဟာ အကြောင်းမဟုတ်ပေမယ့် အပြစ်မရှိတဲ့ ပြည်သူတွေကပါ စစ်ဘေးစစ်ဒဏ်ခံရပုံကြီးကတော့ ဆိုးဝါးလွန်းပါရဲ့.. စစ်သားတွေဘက်ကကြည့်လည်း အငတ်ငတ်အပြတ်ပြတ်နဲ့ အနေထိုင်ဆင်းရဲ စိတ်ဆင်းရဲနေပြီး မိကွဲဖကွဲ တောကြီးထဲမှာ သွားလာနေထိုင်နေရတာ.. နေ့သေမလား ညသေမလားမသိတဲ့ အခြေအနေမှာ စိတ်ရိုင်းစိတ်ကြမ်းတွေ ဝင်လာမှာအမှန်ပါပဲ.. ကမ္ဘာပေါ်မှာ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားတွေတိုင်းဟာ သူတို့ ဒုက္ခနဲ့ သူတို့ကိုယ်စီရှိကြမှာလည်း အမှန်ပဲမို့ သူတို့အတွက်လည်း တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်.. တကယ်တော့ စစ်ဆိုတာကြီးက ကောင်းကို မကောင်းတာပါ.. ဘယ်သူ့အတွက်မှ ကောင်းကျိုးကို မပေးဘူးလို့ မြင်မိပါတယ်..

အင်္ဂါနေ့မနက်မှာ ကျမတို့ အစည်းအဝေးလုပ်ကြတော့ အပြီးသတ်ကျေးဇူးစကားပြောပေးတဲ့ ကချင်လူမျိုး ရွာသူကြီးတစ်ယောက်က ပြောပါတယ်.. ခုလို ဗမာလူငယ်တွေ လာတာ သူတို့ သိပ်ဝမ်းသာပါတယ်တဲ့.. ဗမာတွေကို သူတို့ချစ်ပါတယ်တဲ့.. တကယ်တော့အားလုံးက လူတွေချည်းပဲမို့ ခုလို လာပြီး ကူညီခြင်းအားဖြင့် ပစ္စည်းနည်းတာ များတာပေါ်မူမတည်ဘဲ စိတ်စေတနာပေါ်ပဲ မူတည်တာမို့ သိပ်ကျေးဇူးတင်ပါတယ်တဲ့.. လိုအပ်တဲ့ပစ္စည်းတွေ နောက်လည်းထောက်ပံ့ကူညီမယ်ဆိုလို့ ဝမ်းသာပေမယ့် သူတို့ တကယ်လိုချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး.. ငြိမ်းချမ်းရေးပါတဲ့.. သူတို့ အိမ်ပြန်ချင်ပါတယ်တဲ့.. ကိုယ့်လယ်ယာ ကိုယ့်မြေ ကိုယ့်အိမ်မှာပဲ ကိုယ့်မိသားစု အေးအေးချမ်းချမ်းနေထိုင်ရတာကို လိုလားတာမို့ အဲ့ဒိအတွက်လည်း ကျမတို့က ကြိုးစားပေးကြပါလို့ သူက မျက်ရည်တွေနဲ့ ကျေးဇူးစကား ပြောသွားခဲ့ပါတယ်.. ကျမတို့ကလည်း အစိုးရပိုင်းကလည်းမဟုတ်.. ဘာအဖွဲ့အစည်းကမှလည်း မဟုတ်တဲ့ သူတို့လို သာမာန်ပြည်သူတွေပဲမို့ တချက်ထဲနဲ့တော့ မတတ်နိုင်ပေမယ့် တတ်နိုင်သမျှ ကိုယ်လုပ်တတ်သလောက် ကူညီပါ့မယ်လို့ ကတိပေးခဲ့ကြပါတယ်..

(စခန်းမှာနေထိုင်နေရင်း ရတဲ့အလုပ်လုပ်ပြီး တရုတ်ရွာဈေးတွေမှာရောင်း.. လိုအပ်တာတွေ ဝယ်ရပါတယ်)

(ရှိတာလေးနဲ့ ပျော်အောင်ဆော့နေကြရတဲ့ ကလေးလေးတွေ)

သူတို့ အိမ်ပြန်ချင်ကြပါတယ်.. ကျမတို့က ကျမတို့အိမ်မှာ မိသားစု စုံညီစွာနဲ့.. မီးအလင်းရောင်တွေနဲ့ တီဗီတွေ ကွန်ပျူတာတွေနဲ့.. အင်တာနက်တွေ အဲကွန်းတွေနဲ့ ကျမတို့ဘဝကို ဖြတ်သန်းနေတဲ့အချိန်မှာ.. ကျမတို့လိုပဲ မိသားစုရှိတဲ့ ကျမတို့လိုပဲ ခံစားတတ်တဲ့ ကျမတို့လိုပဲ သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ လူတချို့တွေကတော့ တာလပတ်မိုး တာလပတ်ကာ တဲကလေးတွေထဲမှာ မိသားစုတွေ သေကွဲတွေ ရှင်ကွဲတွေ တကွဲတပြား.. မီးမရှိ ရေမရှိ.. ရောဂါကုစရာ ဆေးဝါးမရှိ.. စားစရာဝလင်စွာမရှိတဲ့ အနေအထားနဲ့ ဒုက္ခခံနေကြရပါတယ်..

ဒါတွေကို ကျမတို့ သိလာရပြီ.. ကျမ သိသလို စာဖတ်သူအားလုံးကိုလည်း တတ်နိုင်သမျှ သိအောင် ပြောပြပြီးပြီ.. သူတို့ဆီက ပြန်လာတော့ ကျမတို့ကို ကားနားထိ လိုက်ပို့ကြရင်း ဖက်လှဲတကင်းနှုတ်ဆက်တဲ့အခါ.. (နောက်တစ်ခါ ပြန်တွေ့ကြဦးမယ်.. ဒါပေမယ့် ဒီမှာမဟုတ်ဘူး.. ကချင်ပြည်မှာ)လို့ ပြောတော့ သူတို့ ငိုကြပါတယ်.. (ငါတို့လည်း တွေ့ချင်ပါတယ်.. ဒီမှာ မဟုတ်ဘူး.. ငါတို့ရွာမှာ ဧည့်ခံမယ်)လို့ ပြောကြတယ်..

ဟုတ်တယ်.. သူတို့ အိမ်ပြန်ချင်ကြပါတယ်..