ယဉ်ကျေးမှုဝန်ကြီးဌာန ဆိုတာကြီး မြန်မာပြည်မှာ ရှိနေတယ် ဘယ်တိုင်းပြည်မှာမှမရှိဘူး.. ဒါမရှိသင့်ဘူးဆိုတာမျိုး ပြောတဲ့ အပြောတစ်ခု တွေ့မိလို့ ဘဝင်မကျမိလို့ ဒါကိုရေးပါတယ်..
ယဉ်ကျေးမှုဝန်ကြီးဌာန ဆိုတာကတော့ မြန်မာပြည်မှာ ရှိသင့်ပါတယ်.. မြန်မာဟာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေအများကြီး သမိုင်းစဉ်လာအကြီးကြီးနဲ့ တိုင်းပြည်ပါ.. တချို့သော ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ထိန်းသိမ်းသင့်ပါတယ်.. ဥပမာ ပုဂံနံရံပန်းချီတွေ ဆိုပါစို့.. တချို့လူတွေကလွဲလို့ လာသမျှလူတိုင်းဟာ အမွေအနှစ်တွေ တန်ဖိုးကိုမသိကြဘူး.. ပုဂံပန်းချီတွေ လက်နဲ့မကိုင်ရ ဓာတ်ပုံမရိုက်ရ ဆိုတာဟာ .. လက်နဲ့ပွတ်ရင် ကင်မရာဖလက်ရှ်မီးလင်းရင် နံရံဆေးတွေ မှိန်ပြီးပျက်မြန်လို့ပါ..
ပုဂံမှာ အဆောက်အဦအမြင့်တွေ ဆောက်ဖို့ ဖောင်ဒေးရှင်းတူးတဲ့အခါ မြေတုန်ခါမှုက ဘုရားတွေကို အက်ကွဲစေတယ် ပြိုကျစေတယ်.. လေယာဉ်တွေ ပုဂံနဲ့ နီးတဲ့နေရာမှာ မဆင်းရတာလည်း အဲ့ဒါကြောင့်ပါပဲ.. ဒါတွေကို လက်ခံကြဖို့၊ သိအောင် ပညာပေးဖို့နဲ့ မလုပ်အောင် ထိန်းသိမ်းဖို့ ဒီယဉ်ကျေးမှုဌာနမှာ တာဝန်ရှိတယ်..
ခေတ်မှီတိုက်တာတွေ ချည်းပဲ ပြင်ဆောက်နေရင် တိုးတက်တာမှန်ပေမယ့်
ရှေးဟောင်းအဆောက်အဦ တချို့ဟာ ထိန်းသိမ်းထားသင့်ပါတယ်.. ဒါဟာ တနည်းအားဖြင့် tourism လုပ်ငန်းကိုလည်း အထောက်အကူပြုပါတယ်.. မလေးရှား ပီနန်လို၊ ပြင်သစ်ကတချို့မြို့တွေလို အရင်ခေတ်က အဆောက်အဦတွေကို ထိန်းသိမ်းထား တန်ဖိုးထားတတ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပညာပေးဖို့လိုပါတယ်..
ခေတ်နဲ့အညီရင်ဘောင်တန်းတဲ့ ဝတ်စားဆင်ယင်မှုကို မကန့်ကွက်ဘဲ ရိုးရာဝတ်စားဆင်ယဉ်မှုကိုလည်း မပျောက်ပျက်အောင် သိကြအောင် လုပ်ဖို့ ဒီဌာနက လိုအပ်ပါတယ်.. မြန်မာလူမျိုးဝတ်စုံဟာ ဒါပါ.. ကရင်ကတော့ ဒါပါ.. ရှမ်းကတော့ ဒီလိုပါ စသဖြင့် နောက်တချိန်မှာ သိသာအောင် သိနေအောင် သူတို့က ထိန်းသိမ်းရပါမယ်.. ရိုးရာကိုပဲ ဝတ်ဖို့မဆိုလိုပါ.. ဒါပေမယ့် ရိုးရာအစစ်ကိုဝတ်ဖို့လိုလာတဲ့အခါ သိအောင် ဝတ်တတ်အောင် ဝတ်နိုင်အောင်.. တကယ်လည်း ဝတ်ကြအောင် တိုက်တွန်းဖို့တော့လိုပါမယ်.. ကိုရီးယားတွေ သူတို့ ရိုးရာ hanbok ကို တမြတ်တနိုးဝတ်ဆင်ကြပါတယ်.. ပွဲတွေရှိရင် hanbok ဝတ်တဲ့လူက အနောက်တိုင်းဝတ်စုံဝတ်သူထက် ပိုဂုဏ်၇ှိပါတယ်.. ဝတ်စုံက ဈေးလည်းကြီးပါတယ်.. သူတို့က မြတ်လည်းမြတ်နိုးကြပါတယ်..
မြန်မာပြည်မှာ တကယ်တော့ နိုင်ငံတကာကို ပြစရာ ယဉ်ကျေးမှုတွေ ရိုးရာဓလေ့တွေ သဘာဝပတ်ဝန်းကျင် အမွေအနှစ်တွေ အများကြီးပဲ.. မဖော်ထုတ်တတ်ကြတာ မထိန်းသိမ်းကြတာ တန်ဖိုးမထားတတ်တာတွေက ဆိုးပါတယ်.. အဲလိုအသိမရှိကြတာ ဆိုးပါတယ်.. အသိရှိကြဖို့က အဲ့ဒိ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုတဲ့ ဌာနက လုပ်ဆောင်ရမှာ..
ဒါပေမယ့်.. ယဉ်ကျေးမှု ဌာနမှာ တကယ့် ပညာရှင်တွေကိုမထားဘဲ အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ လူကြီးတွေပဲ အုပ်ချုပ်နေတော့ ဘာတန်ဖိုးမှ မရှိဖြစ်နေတာပါ.. ပညာရှင်တွေကို နေရာပေးဖို့လိုနေပါပြီ.. တန်ဖိုးထားတတ်ဖို့လိုနေပါပြီ.. ပြောင်းလဲသင့်တဲ့ ဌာနထဲမှာ အဲ့ဒိဌာနက ထိပ်ဆုံးကပါပဲ.. သူတို့ ရှေ့တန်းရောက်ဖို့ လိုနေပါပြီ..